"ဖြောင့်ချက်"
ဘိလိယက်ခုံပေါ်က ဇယ်တစ်လုံးဟာ
တစ်စုံတစ်ယောက်ရဲ့ ပျော်ရွှင်မှုအတွက်
ချောက်ထဲကို ခုန်ဆင်းပေးခဲ့ရပြန်ပြီ ....
အစိမ်းရင့်ရင့် အကြည့်တွေ
ခလုတ်တိုက်မိလေ့ရှိတဲ့ ညတစ်ဝက်ကျိုးဟာ
ဒီနေ့လည်း ရိုးရာမပျက်ပါပဲ ....
ပြိုးပြက်ကြယ်တစ်စင်း ...
တိမ်သားဖြူအုတ်ကျင်းနဲ့ ပင်လယ်ဆီရွက်လွှင့်နေတာ
တသုန်တမှုန်ငေးမျောရင်း
ဖန်ခွက်ချင်းထိမိခိုက်
မောဟိုက်မှိုင်းဆို့နစ်မွန်းလို့ ....
ရွှန်းစိုနေတဲ့ မျက်ဝန်းက
ကျကွဲသွားတဲ့ ဝိုင်ပုလင်းလို ညိုလဲ့တောက်စား ...
အရှေ့တလွှားက နေရောင်ခြည်လို
ဝင်းပတောက်ကြွားလို့ ....
ဘုရင်မကိုစတေးပြီး ဘုရင်ကိုကာကွယ်မှာလား
ဘဝဆိုတာ စစ်တုရင်ကစားပွဲလောက် မမွန်းကြပ်ဘူးလို့
ဆိုချင်သေးလို့လား
ပျမ်းမျှ ဘဝတစ်သက်တာမှာ
စစ်တုရင် ဘယ်နှစ်ပွဲ ကစားခဲ့ရဖူးလဲ ....
'ဘဝဆိုတာ ဆီးနှင်းကျပြီးစ မြေပြင်နဲ့ပမာတူတယ်
ဘဝခရီးတစ်လျှောက် ဘယ်နေရာတွေ
ရွေးချယ်လျှောက်လှမ်းခဲ့သလဲဆိုတာ
ဆီးနှင်းပြင်ပေါ်က ခြေရာတစ်ခုချင်းက
အထင်းသား ဖော်ပြနေစမြဲ' (Ernest Hemingway)
အသက်တစ်ရှု၊ ခြေတစ်လှမ်း
စကားတစ်လုံး၊ ထမင်းတစ်လုပ်
စသည်ဖြင့် လူသားရဲ့ အပြုအမှုအားလုံးဟာ
ဘဝတစ်ခုရဲ့ပြယုဂ်ဆိုတာ
ထင်ရှားသိမြင်သွားတဲ့နောက် ...
ဝန်ခံပါတယ်
ဘဝမှာ အမှားတွေအများကြီးလုပ်ခဲ့ပြီးပြီ ....
ဖယောင်းတိုင်ကို ဝါးစားနေတဲ့ မီးတောက်လေးက
တစ်ထစ်ပြီးတစ်ထစ်ထုဆစ်ရင်း ခမ်းခြောက်စပြုနေတဲ့
ဘဝတစ်ခုရဲ့ ပုံရိပ်ကို ကိုယ်စားပြုသလား ....
နှမ်းဖြူးထားတဲ့ အိမ်မက်ကို ကိုက်စားလိုက်ရတာ
အီစိမ့်လို့ ...
လည်မျိုထဲနင့်နေတဲ့ အချိန်ကာလ
ခုဆို ... လက်ချိုးရေဖို့တောင်
မဝံ့ရဲ့တော့လောက်အောင်ဘဲ ....
အဲဒီလို မရေရာမှုတွေနဲ့
ထုံအနေတဲ့ စကားလုံးအစိုင်အခဲတွေ
ဖွင့်ဖောက်ပစ်ဖို့ကြိုးစားရင်း
မင်တွေ ဖိတ်အန်ကျခဲ့ရ ...
မျက်ရည် အပိုင်းအစနဲ့ နွေဦးညတွေ
ကိုယ်သတိရတယ် ....
ပက်ကြားအက်ပစ္စုပ္ပန်နဲ့ တံလျှပ်မနက်ဖြန်ကြား
ဘယ်ယိမ်းညာရွှေ့ လှုပ်ရှားကျားကန်ဖို့
ခွန်အားတွေ ချို့ငဲ့နေတုန်း
ကျောက်သင်ပုံးကိုယ်စီနဲ့ အတိတ်ဆွေးမှုန်မှိုင်းကို
မျက်ရည်အဝိုင်းသားနဲ့
ကိုယ်သတိရတယ် ....
တကယ်တော့ ... သတိရခြင်းတွေဟာ
အပြင်းဆုံး အက်ဆစ်တစ်မျိုးလို
စိတ်ဓါတ်ကို တရစပ် လှိုက်စားချေဖျက်ပစ်နိုင်တယ် ....
ကိုယ်အချစ်ဆုံးပန်းချီဆရာရဲ့ ဝိညာဉ်က
တဟီဟီကျွန်းမှာလား
(ဒါမှမဟုတ်) ဘယ်ဆီမှာလဲ၊ ဘယ်မှာလဲ ....
ဂျင်မ်တစ်ခုခုမှာ တစ်စုံတစ်ယောက်
အသက်ရှုလေ့ကျင့်ခန်းလုပ်နေချိန်
ကိုယ် ဒီမှာ
ဆေးလိပ်တိုထဲက
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှိုက်ချင်ရှိုက်နေမပေါ့
မွန်းမှန်းသိရက်နဲ့ ရှိုက်ချင် ခါးမှန်းသိရက်နဲ့ ဝါးချင်
တကယ်ကို အရိုင်းသစ်ပင်ပါပဲ ....
သုညတစ်လုံးလို
ကိုယ့်ရှေ့က ကိန်းဂဏန်းတွေကို မှီခိုနေရတာ
ခြောက်သွေ့ကြမ်းရှ ခရီးလမ်းပေါ်
ရေမှုန်ရေသီးလေးတစ်ပွင့်တောင် မရှိတာကို
အိုအေစစ်ကြီးတစ်ခုရှိနေသယောင်
ဟန်ဆောင်နေရတာ ....
လကွယ်ညထဲ ဝဲခဲ့ရတဲ့ မျက်ရည်စ
လပြည့်ညတွေမှာရော ....
လီပိုဆိုတဲ့ တရုတ်စာဆိုတော်ကြီးကတော့
လှေလှော်ပြီး ကဗျာစပ်ခဲ့
ဒီမှာတော့ ...
အထက်ပါ ဆုတ်ဆိုင်းမှုတွေ တစ်ပွေ့တစ်ပိုက်နဲ့
အစိမ်းလိုက် အသည်းကို
ခေါစာကျွေးမိပြန်ပါကော .... ။
#KLT



ReplyDeleteခလုတ်တိုက်မိလေ့ရှိတဲ့ ညတစ်ဝက်ကျိုးဟာ
fb မှာ ကြိုက်ခဲ့တဲ့ ကဗျာလေးကို ဒီမှာ လာထပ်ဖတ်သွားတယ်