" ရေတွက်မိသောနာရီများ "



မနက်ခင်းတိုင်း စီးနေကျ လိုင်းကားထက်

မျက်နှာကျက်ဆီကိုပဲ မော့ကြည့်နေမိရက်သား

သူစိမ်းတို့ရဲ့ အကြည့်များက ခါးသက်တယ်လေ...



အတွေးစတွေ လျှပ်တစ်ပြတ်ကြွေပျောက်

ငါဆင်းရမယ့်မှတ်တိုင်ရောက်တော့

ဖြတ်တောက် ပစ်လိုက်ရတဲ့ အိပ်မက်တွေ

မင်းသိနိုင်ပါ့မလား....

နွေးထွေးတဲ့ အကြည့်တွေဖြန့်ကျက်

အကြင်နာလှိုင်းဂယက်နဲ့ ရင်ခုန်သံတွေကို

အပြန်အလှန်ပွေ့ဖက်ထားရင်း

လောကဓံတွေကို ခဏဘေးချိတ်ပြီး

ကော်ဖီမစ်ရှိတ်လေး တစ်ခွက်တော့

မင်းနဲ့အတူနီးနီးကပ်ကပ် သောက်ချင်မိတယ်...

တစ်ချိန်က ထင်ရာစိုင်းခဲ့ဖူးတဲ့ငါ

ဘ၀ဆိုတာကို Gypsy တေးတစ်ပုဒ်လောက်တောင်မှ

အလေးမထားဘဲ ၊ ပေါ့ပေါ့ပါးပါးပဲ

ရွက်လွှင့်ကျော်လွှားနေခဲ့မိရဲ့...



မင်းနဲ့ဝေးရမယ့် နာရီတွေကို ထိတ်လန့်နေရင်း

ဒိုင်ခွက်ထဲက စက္ကန့်တံကို ခဏလောက်ရပ်တန့်ထားချင်တယ်

အချိန်တွေတိုက်စားခံနေရတာ မြန်နေလွန်းလို့...

နေ့တစ်နေ့ကို (၂၄) နာရီလို့ ဘယ်သူတွေသတ်မှတ်ခဲ့သလဲ

မသေချာတဲ့ မနက်ဖြန်တွေကို ဆွဲဖြဲပြီး

ဒီလိုနေ့စွဲတွေထဲမှာပဲ ပျော်ဝင်နေချင်တယ်...

အော် ... မကြာခင်ဆို

နေ၀င်တေးကဗျာတစ်ပုဒ်လို

ဆည်းဆာပန်းချီကားချပ်ထဲက ခွဲခွာ

သွေးကျဲစရာ နာရီများစွာ ဖြတ်သန်းရလိမ့်အုံးမယ်...။       ။
 



ကျော်လင်းထွန်း






Comments