“တစ်ခါက ညနေခင်းများ”



အပြာရောင်လွင်ပြင်ကြီးဆီမှာ

နေမင်းဟာတစ်ဖန်နိုးထ ၊

အ၀ါရောင်သစ်ကိုင်းခတ်များ

အစိမ်းရောင်သို့ပြောင်းသွား

နေရောင်ခြည်ဟာ ငါ့ခန္ဓာပေါ်

အလင်းတွေ ဖြန့်ကြဲထား ။



ဘာမှတော့ မပြောင်းလဲဘူး

ငါ့ရဲ့စိတ်ဆိုးစိတ်မိုက်များ ၊

ရှင်သန်ချင်စရာ မဲ့တဲ့ခရီး

နင်မရှိတဲ့ ငါ့ရဲ့ဘဝ

ဒီအမှောင်တွေဟာ အစိုးမရတဲ့

ဘ၀ရဲ့ပြယုဂ်လား ။



နေ၀င်ချိန်ဆို ဒီလမ်းလေးပေါ်

ဒို့အတူလျှောက်ဖူးခဲ့ . . .၊

နေမလုံပါ မိုးလဲယို

သစ်အိမ်အိုကြီးထဲ

အတူတူထိုင်ကာ သီချင်းတွေဆို

ဒို့ရင်ခုန်ဖူးခဲ့ . . .။



ဒီအရာတွေဟာ နင်မရှိတဲ့နောက်

အားလုံးပျောက်ပျက်သွားပြီပဲ ၊

ဒီအိမ်အိုဟာ အမြဲတမ်းပဲ

ချောက် . . . ၊ ချောက်လှန့်လို့နေခဲ့

မရေရာတာတွေပွေ့ဖက်လို့

စိတ္တဇအိပ်မက်ထဲ

ငါလမ်းတွေလျှောက်တယ် ။



ယုံကြည်ချင်စရာနေ့များစွာ

နောက်တစ်ခေါက်ထပ်ရချင်သေးတယ် ၊

မှန်စေချင်တယ် နင့်ရဲ့ အသက်ရှုသံ

ဒို့အတူပျော်ရွှင်နေတုန်းမှာ ၊

မျှော်နေတယ် ၊ တစ်ခါကလို

လှပတဲ့ညနေများ

ငါရချင်သေးတယ် ။            ။



(ကျော်လင်းထွန်း)

Comments