"MIDS"

လက်မခေတ်ကြီးရဲ့ ညနက်ထဲ
လက်ညှိုးနဲ့ လက်ခလယ်ကြားက
ဆေးပေါ့လိပ် ဖင်စည်ခံထိပ်ဝကို
နှုတ်ခမ်းပြာတစ်စုံနဲ့ ပိတ်ဆို့ထားတာ ...
အခိုးအငွေ့တွေကတော့
ယိုစိမ့်ထွက်ကျနေမြဲ ...
.
(Wireless အလေးချိန်များ
အပြိုင်အဆိုင်တိုင်းထွာလာကြ) ဆိုတဲ့
စာမျက်နှာအရောက်
လျှပ်စစ်မီး ပြတ်တောက်သွားတော့
ဒီညအတွက်
ခေါက်ရိုးချိုးလိုက်ရတဲ့ သင်္ကေတတစ်ခု
ဘယ်သူ ဂရုထားမိမလဲ ...
.
ကိုယ်ခံစားနေရတဲ့ ရောဂါလက္ခဏာ
ဒီစာအတိုင်းသာဆို
MIDS ပေါ့
Microchips Immune Deficiency Syndrome
ဘုရား ဘုရား ...
.
အလျှားလိုက်ပြေးလိုက်လို့
မမီတော့တဲ့ ခေတ်ကြီးထဲ
ထောင်လိုက်ပျံတက်ဖို့
အတောင်ပံတစ်စုံလောက်ပေးလှည့်ပါ ...
.
ကိုယ်က Jazz ဂီတကိုခုံမင်သူလေ
ဘူမိဘောကို Saxophone မှုတ်ခိုင်းပြီး
ဦးငှက်ကြီးက Harmonica ...
Bob Marley က African United ဆို
ကိုယ်ကတော့ Oval-driven တစ်လက်နဲ့
စဉ်းစားသာကြည့်တော့
အဲ့ဒီလောက်ကို ပြုတ်ကျကျန်ခဲ့တာ ...
.
မီးခိုးတွေ မှုတ်ထုတ်လိုက်ပြီး
လက်ညှိုးနဲ့တောက်ခနဲပြာခြွေ
အပေါက်ရာတွေပေပွနေတဲ့ ပုဆိုး
ရေသည်ယောင်္ကျားမြင်ရင်
သူ့ဖက်ရှင်အတုခိုးတယ်ဆို
ဟားတိုက်မှာတောင်စိုးရတယ် ...
.
မိုးဘယ်တော့လင်းမလဲ
မဟာမြန်နှုန်း (Hyperspeed) ကို မီနိုင်ဖို့
အမှောင်ထုနဲ့ စစ်ခင်းရတဲ့ ညတွေကလည်း
ရှည်ကြာလွန်းလှတယ် ... ။
.
#KLT

Comments