“ဆည်းဆာလက်ဖက်ရည်တစ်ခွက်နှင့်တွေးမိတွေးရာ”

-->
ကျွန်တော်ထိုင်နေကျလက်ဖက်ရည်ဆိုင်ရှိရာလမ်းလေးပေါ်ကညနေခင်းမြင်ကွင်းတို့သည်ပုံမှန်

အတိုင်းပင် သက်ဝင်လှုပ်ရှားလှက်ရှိ၏။

ညနေစောင်းဆည်းဆာချိန်(၆)နာရီ၊(၃၀)မိနစ်ဆိုသည့်အခါသမယလေးမှာကမ္ဘာသူ၊ကမ္ဘာသား

အပေါင်းတို့အဖို့ နေ့စဉ်ကြုံတွေ့နေကြရသည်သာ ဖြစ်၏။ မြို့ပြဆိုသော ဂုဏ်ပုဒ်နှင့်အညီ

တ၀ီဝီဆူညံမြည်ဟီးနေသည့် ကားလမ်းမများ ၊ ရှုပ်ထွေးပွေလီလှသော စီးပွားရေးကွန်ယက်

ပတ်ဝန်းကျင်များ အကြားကနေ ပင်ပန်းနွမ်းလျစွာနှင့် မိမိတို့ ကျောချခိုနားရာ အသီးသီးသို့

အိပ်တန်းပြန်လာကြချိန်ပင်ဖြစ်ပါသည်။

‘ယနေ့’ ၌ တစ်နေကုန်တစ်နေခမ်း ကြိုးပမ်းဆောင်ရွက်ခဲ့သမျှတို့ထဲတွင် မနက်ဖြန်အတွက်

အားအင်ကုန်ခမ်းသွေ့ရှစရာများ ၊ စိတ်ဓါတ်ယိုင်ငဲ့နုန်းခွေချိနဲ့သွားလုမတတ် အနေအထားများလဲ

ရှိမည်။ ‘ယနေ’့ မှာပင် အောင်မြင်ခဲ့သည့် ကြည်နူးဖွယ် စွမ်းဆောင်ရည်များကို ပြန်လည်

တွေးတောမိပြီး နှလုံးဟဒယ၌ ပီတိဒေါမနဿနှင့် ပြည့်ရွှမ်းဝမ်းသာရသည့် အခိုက်အတန့်မျိုးလည်း

ရှိကောင်းရှိကြပါမည်။

မည်သို့သော စိတ်ခံစားချက်များ ရှိကြသည်ဖြစ်စေ မိမိတို့ ခိုနားရာ အိမ်ဂေဟာအသီးသီးသို့

ရောက်ရှိပြီဆိုလျှင်တော့ စိတ်အပန်းဖြေလျှော့ကာ ခွန်အားသစ်များ ပြန်လည်မွေးဖွားလာနိုင်ဖို့

အနားယူကြရပေမည်။ ဤကား ပုံမှန်လည်ပတ်နေအုံးမည့် ကမ္ဘာ့ဖြစ်စဉ်များထဲမှ တစ်ခုမျှသာဖြစ်၏။

ပကတိ အရှိတရားတို့နှင့် ညှိနှိုင်းတိုင်းဆပြောရပါလျှင်မူ မြန်မာပြည်၏ စီးပွားရေးအချက်အချာ

ရန်ကုန်မြို့တော်ကြီး၌ ၀န်ထမ်း (Employee)၊အလုပ်သမား(Labour)စသဖြင့်ခေါ်ဝေါ်သုံးနှုန်းကြသည့် 

စီးပွားရေးမျက်နှာစာတိုင်းမှ အဓိကမောင်းနှင်အားဖြစ်သောလုပ်သားပြည်သူတို့တွင် ထိုအချိန်အပိုင်းအ

ကန့်တစ်ခုသည် ထိုက်သင့်ဆီလျော်သော မွေ့ပျော်ဖွယ်ရာ အနားယူအပန်းဖြေမှုများဖြင့်

ကုန်ဆုံးသွားကြရခြင်းဟူ၍မရှိပါ။ ၀ရုန်းသုန်းကားပင် (အများအားဖြင့်) အဖိုးတန်အချိန်တို့

ကုန်ဆုံးလွင့်ပါး သွားကြရပါသည် ။

အိမ်ပြန်ရောက်ပြီဆိုသည်နှင့် ထမင်းချိုင့် ၊ လွယ်အိတ် စသည်တို့ကို ချ ၊ ခဏတစ်ဖြုတ်

အမောဖြေ ၊ ပြီးလျှင် ရေချိုးသန့်စင်သည့်နေရာအဖြစ် သတ်မှတ်ထားရှိသော ရေစည်ပိုင်းနား၊

ရေဘုံဘိုင်နားသို့သွား၍ ၊ အမျိုးသားဆိုလျှင်လည်း ရေသနုတ်ပုဆိုး (သို့မဟုတ်) အားကစာဘောင်းဘီ 

တိုနှင့် ၀ုန်းဝုန်းဒိုင်းဒိုင်း ရေချိုးရမည်။ အမျိုးသမီးဆိုလျှင်လည်း ထမီရင်လျှားလျက် မလွတ်မလပ်

ကသိကအောက် နိုင်စွာ ရေချိုးသန့်စင်ရပါသည်။

မည်သူမဆို လွတ်လပ်လုံခြုံသော ရချိုးခန်းလေးထဲမှာ အေးအေးလူလူတိုက်ချွတ်ဆေးကြော 

သန့်စင်ချင်ကြမည်။ ကျွန်တော်လည်း ဤသို့သာလျှင်ရေချိုးချင်ပါသည်။ လုပ်ငန်းရှင်သူဌေးကြီးတွေမှာ

ကြွေရေချိုးဇလားထဲ၌ အငြိမ့်သား ဇိမ်ယူနေချိန်ဖြစ်ပါလိမ့်မည်။ တကယ်တော့ ကျွန်တော်တို့

လူတန်းစားတွေဟာ ဖောင်စီးရင်းရေငတ် ဆိုသော ရှေးဆိုရိုးစကားလို ဖြစ်နေကြရပါပြီ။

မှန်ပါသည်။ ယနေ့ခေတ်ရန်ကုန်မြို့တော်ရှိအလုပ်လုပ်နေကြသောလုပ်သားပြည်သူများထဲတွင်

ရေချိုးခန်းဖြင့် ရေချိုးနိုင်သူမရှိတော့ဘူးလား ဟုမေးစရာရှိပါသည်။ ရှိသမှသိပ်ရှိတာပေါ့။ သို့ပေမင့်

ဆန်တစ်ပြည်နှင့်ဆန်တစ်အိတ်လိုအရေအတွက်အားဖြင့်ကွာခြားလှပါလိမ့်မည်။ တစ်ပြည်စာလောက်

သောပမာဏအရေအတွက်က ရန်ကုန်မြို့၌ ရေချိုးခန်းနှင့် ရေချိုးနိုင်ကြသူများ ဖြစ်ပါသည်။

ကျန်ရှိသည့် တစ်အိတ်စာလောက်ရှိသော လူများစုကတော့ ကျောက်ဖျာလေးပေါ်မှာ (သို့မဟုတ်)

သစ်သားကွပ်ပစ်လေးပေါ်မှာသာ အမိုးအကာမဲ့စွာ ရေချိုးကြရသူတို့ဖြစ်ပါသည်။

ပြီးသောအခါ ထိုဆန်တစ်အိတ်စာသောလူများစုအားလုံးတို့သည်ဆန်ကိုအိတ်လိုက်ထောင်စား 

နိုင်သူများမဟုတ်ကြပါ။ ဆန်အိတ်လိုက်ထောင်စားနိုင်သူ ရှိလှမှ ထိုတစ်အိတ်စာထဲက

တစ်ပြည်စာလောက်သော လူနည်းစုသာ ရှိမည်ထင်ပါသည်။ အဘယ့်ကြောင့် ဤသို့ပြောနိုင်ပါသနည်း

ဆို ကျွန်တော်ထိုင်နေသည့် လက်ဖက်ရည်ဆိုင်လေး၏ နံဘေးတွင် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊

ကြက်သွန်နှင့် အခြားအခြောက်အခြမ်းများကို လပေးစံနစ်ဖြင့်ပါ ရောင်းဝယ်ဖောက်ကားပေးသော

အိမ်ရှင်မများအားထားရာကုန်စုံဆိုင်လေးရှိနေ၍ဖြစ်ပါသည်။ ဆန်ကိုတစ်ပြည်တောင်မှမ၀ယ်နိုင်သဖြင့်

(၃)လုံး ၊ (၄)လုံးစီ ၀ယ်ယူနေသောအသံများ ကျွန်တော့်နား၌ စပ်စပ်ခါးခါးကြီးကို

ကြားနေရပါသည်။(မှတ်ချက်- ကျွန်တော့်မေမေလဲထိုကဲ့သို့သောအိမ်ရှင်မများထဲမှတစ်ယောက်ပင်။)

ထားတော့ ။ စောနက ရေချိုးပြီးစီးသွားသည့် လုပ်သားပြည်သူမိန်းကလေးနှင့်ယောင်္ကျားလေး 

တို့အား ပြန်ကြည့်ကြပါအုံးစို့ရဲ့။ မိန်းကလေးက အ၀တ်အစားလဲ ၊ ဖြီးလိမ်းပြင်ဆင်ပြီး ညစာစားမည်။

အလုပ်ထဲက အရှုပ်အထွေးများကို ထမင်းဝိုင်းရဲ့ ပင်မခေါင်းစည်းထားပြီး မိသားစု၊ ညီအစ်မ၊ မောင်နှမ 

တို့အားရင်ဖွင့်ဖောက်သည်ချမည်။မိသားစုထဲတွင်နားထောင်ပြီးအကြံကောင်း၊ဉာဏ်ကောင်းပေးနိုင်သူ

ရှိချင်ရှိမည်။ နားထောင်မပေးနိုင်ဘဲကိုယ့်အကြောင်းပဲပြောချင်သူလဲရှိမည်။ ဒီလိုနဲ့သိသိသာသာခံတွင်း

မတွေ့တော့တဲ့ ထမင်းဝိုင်းကခွာ ပန်းကန်းဆေး၊ လက်ဆေး၊ ပြီးလျှင် ကိုရီးယားနိုင်ငံထုတ် ဂျင်ဆင်းပါ 

သံဓါတ်အားဖြည့်ဆေးကိုသောက်မည်။ ထိုဆေးလုံးလေးမှာ လဲလှတပတဗူးလေးထဲမှ ထွက်လာသည်  

မဟုတ်။ အဘယ့်ကြောင့်ဆိုရပြန်ပါလျှင် ဗူးလိုက်မပြောနှင့် ကဒ်လိုက်ပင် ၀ယ်မသောက်နိုင်၍

တစ်ပတ်တစ်ခါ ဆေးဆိုင်မှ လေးငါးလုံးသာလီပြီးဝယ်ထားနိုင်သောကြောင့်ဖြစ်၏။

ဧည့်ခန်းမှာဖျာကိုခင်း၊ ပြတင်းတံခါးကိုပိတ်ပြီး၊ တီဗီဖွင့်ကြည့်လိုက်သည့်အခါကျပြန်တော့လဲ

အပိုင်း(၂၃)ဆိုလား ကိုရီးယားဇာတ်ကားတွဲကြီးကို တန်းမြင်ရပါတော့သည်။ အဆိုပါ မိန်းကလေးသည်  

ထိုင်ရာမှမထစတမ်း တီဗီဖန်သားပြင်ထက်ပေါ်လာသော ခန်းနားလှပသည့် အရောင်အသွေးစုံ အချစ် ၊   

အလွမ်း ဇာတ်ဝင်ခန်းတို့အား ရှုစားပေတော့မည်။

ဤသည်လည်းမဆိုးလှ။ကလပ်သွားခြင်း၊ပွတ်သဘင်တက်ခြင်းတို့နှင့်စာလျှင်တော်သေးသည်။

သို့သော်လည်း စာကြည့်တိုက်သွား၍ စာရှာခြင်း၊ ညကျောင်းတက်ခြင်း၊ သင်တန်းတက်ခြင်း၊

အချိန်ပိုင်းအလုပ်တစ်ခုခုလုပ်ခြင်း၊ မိတ်ဆွေသင်္ဂဟများနှင့် ကဖေးတစ်ခုမှာနွေးနွေးထွေးထွေးဝိုင်းဖွဲ့ပြီး

အတွေ့အကြုံ ဗဟုသုတနှင့် စိတ်ကူးအကြံအစည်များ၊ ရယ်မောပျော်ရွှင်ကြည်နူးစရာများပြော

ဆိုကြခြင်း စသည်တို့နှင့်တိုင်းတာလျှင်မူ အတော်အတန်ကိုပဲ အချိန်ဖြုံန်းတီးရာရောက်ပါသည်။

ထိုမိန်းကလေးနေရာမှဝင်၍ တီဗီဖန်သားပြင်အား ရှုစားကြည့်ကြပါအုံးစို့ရဲ့။ မြန်မာပြည်မှ

ကာရံတို့ဖြင့် သီကုန်းခြယ်မှန်း၍ ခရားရေလွှတ်တတွတ်တွတ်ရွတ်ဆိုရသော သီချင်းတေးသွားတို့၏

ဖန်ဆင်းရှင် Hip Hopper ၊ Rapper များပင်လျှင် ပြည်တွင်း၌ MTV ရိုက်ကူးသည့်အခါ မြေအောက်

ရထား(Subway) ပေါ်တွင် ချစ်သူနှင့်တီတီတာတာ ဇာတ်ဝင်ခန်းမျိုးရိုက်ကူးချင်၍ မရ ။ မရဆိုရှိမှမရှိ

သကိုး။ ရိုက်ချင်သပဆိုလျှင်လည်း နီးစပ်ရာ အိမ်နီးချင်းတိုင်းပြည်တစ်ခုခုမှာသာသွား၍

ရိုက်ကြရှာသည်။ ဤကား ကမ္ဘာ့အဆင့်အတန်းနှင့် နှိုင်းစာလျှင် ဒိတ်အောက်သွားလေပြီဟု သတ်မှတ်

ထားကြသော အမေရိကန်ဂျက်ဇ် ဂီတသမားကြီးတွေပင်လျှင် ၁၉၆၀ ပြည့်လွန်နှစ်များဆီကတည်းက

ဆက်ဆိုဖုန်း(Saxophone)ကြီးတကားကားနှင့် မြေအောက်ရထားပေါ်တွင် MTV ရိုက်ကူးခဲ့ကြပြီး

ဖြစ်သည်။

ဆိုလိုသည်က ထိုမိန်းကလေး၏ခန္ဓာကိုယ်ကြီးမှာ မြေအောက်ရထားမစီးရေသော်ငြားလည်း

အမြင်အာရုံ၊ အကြားအာရုံ၊ စိတ်ခံစားမှုတို့ဖြင့် စီးမျောလိုက်ပါနေနိုင်သေးသား။

ရေချိုး၍ပြီးစီးသွားသော ယောင်္ကျားလေးအား တစ်ဖန်ကြည့်ကြပါအုံးစို့ရဲ့။ အ၀တ်အစားလဲ ၊

ထမင်းစားသောက်ပြီးအကျော့သားရှိုးစမိုးထုတ်ကာ(ကျွန်တော်နှင့်အလားတူ)နီးစပ်ရာလက်ဖက်ရည်

ဆိုင်သို့ သွားပေလိမ့်မည်။ လောင်းသည်ဖြစ်စေ၊ အလောင်းသည်ဖြစ်စေ၊ ဒီညဘာပွဲကောင်းလဲသိဖို့

မောင်းစာရွက်ကလေးတော့ လက်တို့ပြီးတောင်းကြည့်မိအုံးမည်။ ကြည့်မိပြီပြီဆိုသည်နှင့်အပေါ်ထောင်

အောက်စိုက် မြားသင်္ကေတများ ၊ 1D ၊ 2D (ထိုကဲ့သိုခပ်ဆင်ဆင် အက္ခရာများလေ့လာဖူးပါသည်။

Hexadecimal လို့အဆိုရှိပါသည်။ ဒါပေမဲ့ ခုမြင်နေရတာတွေကိုတော့ Shitakhwarumal ဟူ၍သာ

နမည်ပေးလိုပါသည်။) စသည့် ဂဏန်းအက္ခရာသင်္ကေတများပါသော စာရွက်ပိုင်းလေး၏ဆွဲဆောင်မှု

တွင် ပတ္တာအိတ်အတွင်းမှ(အနည်းဆုံး)ထောင်တန်လေးတစ်ရွက်သော်လည်းကောင်းအငွေ့ပျံပျောက်ရှ

သွားနိုင်သည်။ အများဆုံးဆိုလျှင်တော့ ဘ၀ရပ်တည်မှုတစ်ခုလုံး ပျက်ပြားသွားနိုင်ပေသည်။

ယနေ့ခေတ် လူငယ်လူလတ်အရွယ် လုပ်သားပြည်သူယောင်္ကျားသားတို့အဖို့ အရက်ဆိုင်

ထိုင်ခြင်း၊ ဘီယာဆိုင်ထိုင် ပန်းကုံးစွပ်ခြင်း၊ KTV၊ အနှိပ်ခန်း ၊ နောက်ပြီး ဒါတွေထက်ပိုလန်းတဲ့နေရာလို့

ပဲပြောမလား ၊ တက်လူဆိုတဲ့ ဘ၀ပန်းပွင့်စ အရွယ်မှာ ကုရာနတ္ထိရောဂါဆန်းနဲ့ မိတ်ဖွဲ့ပေါင်းဖက်ရမယ့်

ငရဲခန်းလိုပဲပြောမလား ၊ စသည့်နေရာများသို့ ရောက်ရှိသွားခြင်းမျိုးထက် လက်ဖက်ရည်ဆိုင်ညတိုင်း

ထိုင်ခြင်း၊ အရေမရအဖတ်မပါ ပလီပလာဝေါဟာရတွေရိုက်နှိပ်ရင်း အင်တာနက်ဆိုင်၌ အချိန်ဖြုံန်းခြင်း၊

Dota ခုတ်ခြင်း၊ General တိုက်ခြင်း၊ စသည်တို့နှင့် နှိုင်းစာလျှင်မူ အခြေအနေမဆိုးလှသေးဟု

ဆိုရမည်။

သို့ပါသော်လည်း ထိုအချိန်မျိုးတွင် နီယွန်မီးရောင်များဖြင့် သန့်ရှင်းလှပသော မြူနီစပယ်ပန်းခြံ

တွင်း၌ ၊ မြက်ခင်းစိမ်းပေါ်ရှိ ခုံတန်းလျားပေါ်မှာ ကိုယ့်ချစ်သူ နှင့် အေးအေးလူလူ ရောက်တတ်ရာရာ

စကားများလဲ ပြောရင်း ၊ နှစ်ယောက်ပေါင်းဘ၀တစ်ခုတည်ဆောက်နိုင်ဖို့ တိုင်ပင်နေရခြင်းမျိုး ၊

အားကစားရုံ၌ အပေါင်းအဖော်များနှင့် ဘတ်စကတ်ဘော ၊ လက်ဝှေ့ ၊ တင်းနစ် ၊ ဂျင်မ် စသော

အားကစားနည်းတစ်ခုခုကို စိတ်လက်ရွှင်ကြည်စွာဖြင့် ပျော်ပျော်ပါးပါး ကစားနေရခြင်းမျိုး၊ လူမှုရေး

အသင်းအဖွဲ့တစ်ခုခု၏ အရေးပေါ်အစည်းအဝေးမှာ တက်ရောက်ပါဝင်ဆွေးနွေးနေရခြင်းမျိုးတို့သည်

အထက်တွင်ရေးသားဖော်ပြခဲ့သည့် နည်းလမ်းများဖြင့်စိတ်အပန်းဖြေရင်း ကုန်ဆုံးသွားမည့်အချိန်

တို့နှင့် နှိုင်းစာပါလျှင် များစွာကွာခြင်းလှပြီး ဘ၀ကိုယ်စီအတွက်လည်း ကြီးမားသောအကျိုးကျေးဇူး

ရှိပါသည်။ အစွန်းဆုံးတစ်ဖက်အား မျက်ဝါးထင်ထင် မမြင်ရပေမင့်တွေးဆကြည့်ပါသော် ထိုသို့ ရုပ်ပိုင်း

ဆိုင်ရာနှင့် စံစိတ်ထားထုထည်ကျောက်သားများပါ ခိုင်ကြည်မြင့်မားလာလေ နိုင်ငံအ၀ှမ်းလုံးရော ၊

သားစဉ်မြေးဆက် အားလုံးထိအောင်ပါ ချမ်းသာကောင်းကျိုးများ သက်ရောက်မှု ရှိနိုင်ပါကြောင်း

ကျွန်တော် လက်ခမောင်းခတ်ကာ ပြောရဲပါသည်။

ဤသည်ပင်လျှင် ယနေ့ကမ္ဘာကြီး၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊

ကျန်းမာရေး အစရှိသည့်ကဏ္ဍအသီးသီးမှာ ဖွံဖြိုးတိုးတက်မှု ၊ ယုတ်လျော့ကျဆင်းမှု

စသောကွာခြားချက်များ၏ အဓိကအကြောင်းအရင်းများ ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းစုများ ၊ အစုရှယ်ယာကုမ္ဗဏီများ စသည်ဖြင့် ကုန်စည်၊

လုပ်အား၊ နည်းပညာများ အပြန်အလှန် ရောင်းဝယ်ဖောက်ကားနေကြသည့် အဖွဲ့အစည်းအသီးသီးတို့

၏ HR Department အတော်များများမှာ တကယ်နည်းမှန်လမ်းကျ နိုင်ငံတကာ စံနှုန်းများနှင့် အညီ

ဝန်ထမ်းများ ၊ အလုပ်သမားများအပေါ် ထိရောက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးမှုဆိုင်ရာ

မြှင့်တင်ရေးသင်တန်းများ ၊ ဆွေးနွေးပွဲများကို ထိရောက်စွာ ဖြည့်စွမ်းဖေးမ

ကူညီပေးကြပါရဲ့လား။ မြင်မြင်သမျှကတော့ HR က Admin လိုလို ဘာလိုလိုနှင့်

အာဏာရှင်ဆန်သည့် ကွပ်ကဲမှုများကို ကိုင်တွယ်ကြသည်။ ဒီနေရာတွင် HR ကို လေးအနက်ထားပြီး

မိမိတို့ ကုမ္ဗဏီ၏ အဓိကမဏ္ဍိုင်ကြီး တစ်ရပ်အဖြစ် စီမံဆောင်ရွက်နေကြည့်

CEOများလည်းရှိကြပါသေးသည်။ ၄င်းတို့အားလည်း အထူးလေးစားစွာ ချီးမွမ်းအပ်ပါပေသည်။

သို့ပေမင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေတွက်ကြည့် ပါသော် လက်ဆယ်ချောင်းရယ်မှ

ကောင်းကောင်းပြည့်မည် မထင်ပါ။

“ညနေခင်းကို အကျိုးရှိရှိ ၊  ဘယ်လိုကုန်ဆုံးကြစေမည်နည်း။” ဟူသည့် အကြောင်းတစ်ရပ်

တည်းကို ရည်ရွယ်ရေးသားနေခြင်း မဟုတ်ပါ။ ဤသည်က ညနေဆည်းဆာ၌ လက်ဖက်ရည်ဆိုင်ထိုင်

မိခြင်းကစလို့ ကြားမြင်သိရှိခံစားနေရသော အခြေအနေများကို ဖြာခွဲမျှဝေ ကူးစပ်ခံစားစေခြင်းသာ

ဖြစ်ပါသည်။

ဆိုပါစို့…။ ယခုသင်သည် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်မည်။ လုပ်ငန်းအသစ်တစ်ခု

တိုးချဲ့လုပ်ကိုင်ဖို့ရာလည်း အစီအစဉ်ရှိမည် ။ တွေ့ရှိထားပြီးဖြစ်သော ဂွင်မှာစွန့်စားရမည့်

ဖြစ်စဉ်(Risky Process) အတွင်း အကျုံးဝင်နေ၍ သင်မချင့်မရဲဖြစ်နေမည်။ သို့ပါလျှင်

ကျွန်တော်အကြံပေးလိုသည်မှာ မန်ဘာကြေးနှင့် လစဉ်ကြေးငွေယူပြီး လည်ပတ်ရသော အားကစား

ခန်းမတစ်ခုသော်လည်းကောင်း၊ အခြားအဖိုးနည်း သက်သာချောင်ချိသော မီဒီယာကော်နာ

မျိုးသော်လည်းကောင်း ၊ လက်မှုပညာရပ်များစုစည်း သင်ကြားပေးမည့် စင်တာမျိုးသော်လည်းကောင်း

စသည်ဖြင့် လူငယ်တို့ဝင်တိုးထွက်စည်ကားလာနိုင်ပြီ ၄င်းတို့၏ နေ့စဉ်ဘ၀ထဲတွင် အားထားစရာ

နေရာလေးတစ်ခုကို အမြန်ဆုံးဖန်တီးပစ်လိုက်ပါ။ ဒါဟာအကောင်းဆုံးသော

ရင်းနှီးမြှုပ်နှံမှုတစ်ခုပင် ဖြစ်ပါသည်။ ထိုသို့ မတည်ရင်းနှီးတည်ထောင်လိုစိတ် ဖြစ်ပေါ်လာပါလျှင်

အမျိုးသားရေးစိတ်ဓါတ်(national Spirit) နှင့် လူသားဝါဒ(humanity) တည်းဟူသောတံတား

နှစ်စင်းကို အကန့်အသတ်မဲ့ အနာဂတ်အတွင်းက ကြယ်ပွင့်များနှင့် သင့်အကြား ထိုးဖောက်တည်

ဆောက်ပြီးသား ဖြစ်သွားပါလိမ့်မည်။

ဆိုပါအုံးစို့…။ သင်သည် နေ့စားလုပ်သားတစ်ဦးဖြစ်ခဲ့မည် ဆိုပါလျှင်လည်း မသိလိုက်

မသိဘာသာ ကုန်ဆုံးစေခဲ့မိသည့် ဆည်းဆာချိန်နှင့် အိပ်စက်အနားယူချိန်ကြား ကာလအပိုင်းအခြား

လေးကို အဘယ်သို့အကျိုးရှိရှိ ဖြစ်သန်းအပန်းဖြေရမည်ကို သံဝေဂရစေခြင်သည်။ အကယ်၍

သင်သည် သိနှင့်ပြီးသား၊ လက်ရှိလည်း အကျိုးရှိစွာ ဖြတ်သန်းနေနှင့်ပြီးသူတစ်ဦး ဖြစ်ခဲ့ပါလျှင်မူ

သင့်အားလွတ်မြောက်သူဟု ခေါ်ဆိုချင်ပါသည်။ သတိ၊ အသိ၊ ၀ီရိယနည်းပါးမှုတို့ကို ဆင်ခြင်တုံတရား

နှင့် ဖယ်ရှားနိုင်ပြီး လွဲမှားသောလမ်းကြောင်းတို့မှ လွတ်မြောက်သောသူ ဟုခေါ်ဆိုချင်ပါသည်။

သို့ရာတွင် အလောင်းစည်သူဘုရင်မင်းကြီး အေဒီ (၁၁၅၀) ခုနှစ်ကကျောက်ထပ်အက္ခရာ

တင်၍ရေးသားခဲ့သည့် စာတစ်ကြောင်းကို ကောက်နုတ်တင်ပြပြီး အကြံတစ်ခုပေးလိုပါ၏။

‘လွတ်မြောက်ပြီဖြစ်သော ငါသည် မလွတ်လပ်သေးသူတို့အား လွတ်လပ်စေအံ့’ ဟုဆိုထားပါသည်။

သင့်အားပေးမည့် အကြံကို သင်သိပါလိမ့်မည်။ ရိုးရှင်းပါသည်။ သင်လွတ်လပ်လျှင် သင်နှင့်နီးစပ်ရာ

တို့အားလည်း စွမ်းနိုင်သမျှ လွတ်မြောက်အောင် ကြိုးစားသင့်သည်။ ထိုအခါ ၀ံသာနုရက္ခိတတရားဟာ

သင့်ရင်တွင်း၌ ကြာငုံပွင့်သကဲ့သို့ ရှင်သန်နိုးထလာနိုင်ပါသည်။

ဤအကြံဉာဏ်ကို သင်ဟာ လက်တွေ့အကောင်အထည်ဖော်၍ လုံးပမ်းနေသူတစ်ဦး

ဆိုလျှင်တော့ မိကြောင်းမင်း ရေကင်းပြသလို့ဖြစ်သွားသည့် ကျွန်တော့်၏ စကားလုံးများအတွက်

ရှက်ရွံ့မိပါသည်။ သင်အားလည်း အထူးပင်လေးစားဂုဏ်ယူမိပါသည်။

လက်ဖက်ရည်ဆိုင်က ခွာမှဖြစ်တော့မည်။ အချိန်လဲ အတော်လင့်သွားပေပြီ ။ ကျွန်တော်

လှုပ်လှုပ်ရွရွလုပ်နေတာကို မြင်သည်နှင့် ဓါတ်သိ၊ အလိုက်သိ စားပွဲထိုးကလေး အပြေးရောက်လာ

ပါသည်။

‘ပေါ့ဆိမ့်တစ်ခွက် ၊ ရူပီတစ်ပွဲ ဆိုတော့ လေးရာပါအကို’
‘အေး ၊ ရော့  ပိုတာမင်းယူထားလိုက်’ …ကျွန်တော် ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်ပါသည်။

ဟုတ်ကဲ့။ ဒီစားပွဲထိုးလေးက ရှိလှအသက်(၁၂)နှစ်၊ ငါးတန်း၊ခြောက်တန်း ကျောင်းသားအရွယ်

သာဖြစ်ပါသည်။ ဒီဆိုင်မှာလာထိုင်ဖြစ်တာ ကြာပါပြီ ။ သို့ပေမင့် ဒီကောင်လေးကို အဖြူအစိမ်း

ဝတ်လျက်သား ၊ လွယ်အိတ်လေးလွယ်ပြီး ကျောင်းကပြန်လာတဲ့ မြင်ကွင်းမျိုး တစ်ခါမှမတွေ့ဖူးပါ။

ကျွန်တော့်စိတ်အာရုံထဲမှာ မှတ်မှတ်ရရထင်စွဲနေသော ကဗျာတစ်ပုဒ်က လွင့်ဝဲလာပြန်ပါသည်။

မဖတ်စဖူး၊ ဖတ်ဖူးထပ်မံပေါ့ ။ ကိုနေဘုန်းလတ်ရေးသားခဲ့တဲ့ အောက်ပါကဗျာလေးကိုတော့

သင်နှင့်အတူ ဝေငှပြီး ပြန်လည်ခံစား ကြည့်လိုပါသည်။

“သက်ရှိကွက်လပ်များ”

စာတွေအော်ကျက်နေရမယ့် မင်းတို့နှုတ်ဖျားက

တူးတီးပေါ့ကျတဲ့

တာမွေ တာမွေ တစ်ယောက် ၁၅၀/ိ- ပဲတဲ့

ညီလေးရယ် ၀မ်းရေးဆိုတဲ့ စကားလုံးအောက်မှာ

မင်းတို့ရဲ့ အနာဂတ်တွေပျောက်

မင်းတို့ရဲ့ စိတ်ထဲမှာတော့

ငွေစတွေကသာ မင်းတို့ဘ၀တွေရဲ့ တည်ဆောက်ရာပေါ့

အပေါင်း အနုတ် အမြောက်အစား

ကိန်းဂဏန်း အက္ခရာတွေများစွာကို

ကိုယ်လိုရာအသုံးချနိုင်ဖို့

တွက်ချက်ရွတ်ဆိုနေရမယ့်အစား

မင်းတို့နှုတ်ဖျားက

ဖန်တစ်ရာတေနေတဲ့ ဈေးနှုန်းတွေူကို

အသေမှတ်ထားတဲ့ ဈေးတွက်နဲ့ တွက်

မင်းတို့ရဲ့နောက်တစ်နေ့ မနက်ဟာလည်း

ဒီလိုမပြည့်စုံတဲ့ ၀ဲဂယက်တစ်ခုပဲနော်

စာသင်ကျောင်းတွေက မင်းတို့ကို မျှော်နေတယ်

ကျောင်းတက်ခေါင်းလောင်းသံတွေက မင်းတို့ကို ခေါ်နေတယ်

ဆရာ၊ ဆရာမတွေက မင်းတို့ကို မျှောနေတယ်

စာသင်ခံတွေက မင်းတို့ကို ခေါ်နေတယ်

နိုင်ငံရဲ့ အနာဂတ်ကို

မျိုးဆက်သစ်တွေရဲ့ လက်ထဲကိုအပ်ဖို့

လူကြီး သူမတွေ ခမျာလည်း

မျက်ရည်စို့စို့နဲ့

မင်းတို့ကို မျှော်လင့်နေကြရဲ့ ။          ။ 

(နေဘုန်းလတ်)

        ခက်ထန်ရိုင်းရှတဲ့ ဆည်းဆာဟာ ပျောက်ကွယ်ပျယ်လွင့်သွားခဲ့ပါပြီ ။ သို့သော် ကျွန်တော်တို့

ဖြည့်စရာကွက်လပ်များကတော့ တစ်ပုံတစ်ပင် ကျန်ရှိနေပါသေးတော့သည်။            ။

(ကျော်လင်းထွန်း)

Comments