“ကျွန်တော်ဆရာဝန်တစ်ယောက်ပါ”
ညစ်ပတ်ပေကျံနေတဲ့ နှလုံးသား
သူမ အတွက်တော့ အသန့်ရှင်းဆုံးအချစ်တွေ
ဆက်လက်မွေးဖွားနေတုန်းပဲ. . .
အာရုံတွေ ကစဉ့်ကလျားနဲ့ ထွေပြားမှုန်ဝါးလှပေမယ့်
ဘယ်တော့မှ မေ၀၀ါးဘဲ ထင်ရှားကျန်ရစ်နေတဲ့
တစ်ခုသော မနက်ခင်းကိုတော့
တန်ခိုးရှိရင်
နှစ်ပေါင်းသန်းတစ်ထောင်လောက်
ဆွဲဆန့်ပစ်ချင်မိတယ် ။
စကားတစ်ခွန်းတည်းနဲ့ အတိုချုန်းလိုက်ရတဲ့ အခိုက်အတန့်တွေ
ကျွန်တော်နှမြောလို့ မဆုံးဘူး ၊
တချို့စကားလုံးတွေကျ တတံတက ရှာဖွေစုဆောင်းပြီး
ဗျာပွေရှုပ်ထွေးနေတဲ့ ရင်ဘတ်နဲ့ စီခြယ်ခဲ့ရတယ် ၊
တချို့စကားလုံးတွေကျ နေ၀င်ရိုးရီလို့
ဘယ်လိုပဲစီစီ ကတ္တီပါလို ချောမွေ့မလာနိုင်ခဲ့ဘူး ၊
ဒါကြောင့် . . .
ချောင်းဆိုးသံတွေပါသွားရင် ခွင့်လွှတ်ပါ ၊
အရက်နံ့သင်းသွားရင်လဲ ခွင့်လွှတ်ပါ ၊
လက်နှစ်ဖက်နဲ့ နှာခေါင်းကို အတင်းပိတ်ပြီး
ဆက်ဖတ်ပေးမယ်ဆို
ကျွန်တော်ပျော်လို့ဆုံးမှာမဟုတ်ဘူး ၊
ဘာကြောင့်လဲလို့ မမေးပါနဲ့
(ဒါဟာ . . .မဟော်ဂနီရောင်ထနေတဲ့
ဗရုတ်သုတ်ခ ဘ၀ခါးခါးရဲ့ ညည်းတွားသံတွေရယ်လို့)
ကျွန်တော် မပြောရဲဘူး ။
ကျွန်တော်က တစ်ဖက်စောင်းနင်း ငြင်းခုံပွဲတွေဆို
(တတ်အားသ၍) ကွေ့ဝိုက်ရှောင်ခဲ့တယ် ၊
ဒါပေမယ့် . . .
မေလနှောင်းပိုင်း ညနေဆည်းဆာတွေဆိုရင်တော့
ခေါင်းပြူစ ငွေလမင်းကြီးနဲ့
ထောင်လိုက်ဗျူဟာသုံးပြီး
စကားလုံးစစ်ဆင်ရေးတွေ မနားတမ်း ဆင်နွှဲတယ် ၊
ပြောပါအုံးဗျာ
(မှားနေလား ၊ အချစ်များ…အကုန်လုံး၊မင်းအတွက်) ဆောင်းဦးလှိုင်
(ဘာပဲဖြစ်ဖြစ်) ကျားပေါက်
(မှားတာရှိရင် တောင်းပန်ပါတယ်) အောင်လ ။
မြေစမ်းခရမ်းပျိုးမိတာတွေများတော့
ခရောင်းလမ်းတစ်လျှောက်လုံး ပြာဝေထုံထိုင်းလို့ ၊
မသန်စွမ်းတော့တဲ့ ဆင်ခြင်တုံတရားက
အမှားဘက်ကိုပဲ အရောင်သမ်း ၊
တမ်းတစရာ ရေရေရာရာရှိပေမယ့်
အထီးကျန်ခြင်းဆိုတဲ့ အသိက
စိတ်ခံစားချက်အားလုံးနဲ့ ဒွေးရောယှက်တင် ၊
အထင်သေးတဲ့အကြည့်တွေ အောက်မှာ
စက်ဆုတ်ခါးချဉ်ပြီး တအားနာကျင်လှပေမယ့်
(နောက်ဆုံးကိုယ်ပဲ) အနေကျုံ့ခဲ့ရမြဲ ၊
ဝဲဘက်ရင်အုံကို ထုနှက်လို့
ခရမ်းပြာကောင်းကင်ကို မော့ကြည့်ရင်း
ပေါက်ကွဲဟစ်ကြွေးပြီး မေးမြန်းလိုက်ချင်တာက
(ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ) ။
စကားလေးတစ်ခွန်း . . .
(ကျွန်တော်ဆရာဝန်တစ်ယောက်ပါ)
ဒီစကားတစ်ခွန်းက
သက်ငြိမ်ငုံ့လျှိုးနေတဲ့ ရင်ခုန်သံတွေကို
သိုးသဲ့ညင်သာ လှုပ်နှိုးလိုက်ပြီး ကျယ်လောင်စွာ
ပဲ့တင်လှိုက်ခါသွားစေခြင်းတို့ရဲ့ အစကနဦး
နှုတ်ခွန်းချို တေးလင်္ကာတစ်ပုဒ်ပေါ့ ။
မဟုတ်ဘူး . . .
ကျွန်တော်ဆရာဝန်တစ်ယောက် မဟုတ်ရပါဘူး
Bio လည်း နကန်းတစ်လုံးမှ မသင်ခဲ့ဖူးပါဘူး
ဒါပေမယ့် ခုတော့
ကုထုံးတချို့ကို လေ့လာဆည်းပူးနေရပြီ ၊
မဉ္ဖူသကနတ်ပန်းခိုင်ကို ဖန်စီဒိုင်းနှစ်အောင်စနဲ့ရောထောင်းပြီး
ဝီစကီခွက်ထဲ ဖျော်သောက်ရင်တောင်မှ
ချစ်ခြင်းမှာ စူးစူးနစ်နစ် သက်ဝင်မိန်းမူးနေတဲ့ ရောဂါကို
ကုသပျောက်ကင်းနိုင်ပါ့မလား . . .၊
Hemophilia ရောဂါအတွက်
သွေးအစားထိုး Factor တွေရှိရင်ပြီးတယ် ၊
ချစ်ခြင်းကြောင့် နှလုံးသားနဲ့ ဦနှောက်ကြားက
သွေးလည်ပတ်နှုန်းတွေ ကမောက်ကမဖောက်ပြားပြီး
Vital Sign တွေ မှိန်ဖျော့လျော့ပါးလာတာကျတော့ရော . . .
မေတ္တာတိမ်ကောမှုကြောင့်လား
လိုအပ်နေတဲ့ Treatment က ဘာများပါလိမ့် ။
အိမ်ခေါင်မိုးပေါ် လရောင်တွေဖြာကျနေတုန်း
မက်ခဲ့တဲ့ အိပ်မက်ထဲ
နှင်းတွေက
သူမ ပါးပြင်အိဖောင်းဖောင်းလေးကို
ခွင့်မတောင်းဘဲ နမ်းနေတော့
ကျွန်တော်ပဲ မျက်ရည်ဝဲခဲ့ရပြန်တာပေါ့ ၊
အိပ်မက်ကလန့်နိုးတော့
လျော့ရိလျော့ရဲ နီနေတဲ့ ဆောင်းနေခြည်လို
ရှက်ပြုံးလေးတစ်စ
သတိရလို့ မဆုံးဘူး ။
ကျွန်တော်သိလိုက်ပါတယ်လေ . . .
စိတ်ကျန်းမာရေးကုထုံးတွေလေ့လာရတော့မယ် ဆိုတာကိုပေါ့ ။ ။
ကျော်လင်းထွန်း

Comments
Post a Comment