"ဇူလိုင်မိုးရေစက်များ"

(၁)

ဒါဟာမိုးရာသီလို့ လူတိုင်းလက်တန်းဖွင့်ဟကြတယ်။

မိုက်မှောင်လှိုက်ချမ်း ...
ဩကာသတစ်ခွင်လုံးမလဲ
အဟုန်ကဲကဲ အေးထုံကိုက်ခဲလို့။

ပြတင်းဝကတစ်ဆင့် မျှော်ငေးနေမိဆဲ ကန့်သတ်ခြင်းမြင်ကွင်းထဲ တိမ်သားမည်းမည်းတွေ ရိပ်ရိပ်ရွေ့လျား၊ ကောင်းကင်မှာမနားရဲတော့တဲ့ သင်းကွဲငှက်တစ်ကောင်၊ ဆောက်တည်ရာမဲ့ အော်မြည်ပျံလွှားနေခဲ့တယ်။

ကျနော့် ခေါင်းပေါ်က အစွန်းထွက်နေတဲ့ သွပ်တစ်ချပ် ... ဆွဲခွာဖျက်ပစ်လိုက်ချင်တယ်။ မြင်ကွင်းက ကျဉ်းပိတ်လှောင်နေလို့။ မချိတင်ကဲသက်ပြင်းတစ်ရှိုက်ဟာ အိမ်နားရွက်နှစ်ဖက်ကို စေ့စပ်လိုက်တာ ဒါမှမဟုတ် ခေါင်းငိုက်စိုက်ချထားလိုက်မိတာ (ထင်တယ်)။

ခုတော့ အလွမ်း ...
အလွမ်းတွေနဲ့ပေါ့
ဘဝရဲ့ဘယ်လိုတစ်ဆစ်ချိုး
အခန်းဆက်မျိုးမှာမှ ပြန်ဆုံခွင့်ရနိုင်မလဲ
မုန်းပင်မပျိုးမိဘဲ အမုန်းမိုးတွေ
ရက်ရက်စက်စက်ရွာချ
သူ့အတွက် ရယ်စရာ အပိုင်းအစလေး ဖြစ်ရင်ဖြစ်မပေါ့
ဒီဝဿန်လည်း အလွမ်းဟာတစ်ရက်မှ မစဲခဲ့ဘူး။

(၂)

မိုးစုန်းစုန်းချုပ်ပြီးလို့ နေပြန်ထွက်၊ တစ်ရက်ထက်တစ်ရက် မှိန်ဖျော့လာတဲ့ မျှော်လင့်ချက်ကို လုံးထွေးပစ်လိုက်တော့ ပြည်သူပိုင်လေထုထဲ အလွမ်းတစ်ခုလွင့်ပျံဝဲသွားတယ်။

အတူတူညည်းဆိုဖူးတဲ့ သီချင်း .... သူမရှိတော့ စစ်တလင်းက ဘင်ခရာသံလိုပဲ၊ ခြောက်သွေ့တုန်ရီ ကြောက်မက်စရာ။ ပြန်လာခဲ့ပါတော့လား သီချင်းရှင်။ သူဟာ ကဗျာတစ်ပုဒ်ကို ဖန်ဆင်းသူဆိုတာ သူသိပါလေစ။ (ကိုယ့်ကိုယ်ကို) ရိပ်စားမိပါလေစ။

သူဟာ သူ့ကဗျာသူ မုန်းသူ
မညီမညာကာရန်တွေ မွှေနှောက်စီချခဲ့သူ
ကျစ်လစ်သိပ်သည်းပေမယ့်
အဆုံးမှာ ရယ်သွမ်းသွေး ဟားတိုက်ရက်သူ
မျက်ရည်ခံလေးထိုးပြီး ဒေါသသင့်လွန်းစွာရေးသား
ကဗျာကို ပက်ပက်စက်စက် ကျိန်စာတိုက်သတ်ဖို့ ကြံသူ။

သူရေးလိုက်တဲ့ကဗျာ ဘာဆိုတာ ပြောပြနေဖို့လိုသေးလို့လား။ ယုတ်စွအဆုံး သူ့ ကျိန်စာတွေကို (ခုထိ) မမုန်းပါဘူး။ အလွမ်းရပ်ကွက်ထဲ စနည်းနာကြည့်ပေါ့၊ ပြောပြကြပါလိမ့်မယ်။

တငြိမ့်ငြိမ့်ပြိုကျနေတဲ့ မျက်ရည်စတွေ သပ်တင်ဖယ်ကြဉ်ရင်း မိုးတွေ အပြိုင်းအရိုင်းရွာချနေတဲ့ ခရမ်းပြာရင့်ရင့် ညနက်တွေထဲ ဆွတ်ရှရှ ဂီတသံကို နားစွင့်၊ အသက်ကို မျှင်းရှူ၊ ထုံကျင်နေတဲ့အသက်ငွေ့ငွေ့က ပြောပြပါလိမ့်မယ်။

(၃)

နှစ်ပရိစ္ဆေဒတွေ ကမောက်ကမနဲ့ ကုန်ဆုံးလွန်မြောက်ခဲ့အပြီး၊ အခိုးအငွေ့လို တိမ်စိုင်တွေကြား လွင့်လူးပျောက်ပြယ်အံ့ဆဲဆဲ အိပ်မက်လမ်းထဲ၊ ထင်ထားသလောက် ခရီးမပေါက်တဲ့အခါ … ကံကိုကျိန်ဆဲနေမလား၊ ဘဝဖြစ်တည်မှုကို အပြစ်ဖို့နေမလား၊ စိုးရိမ်နေမိလို့။

စိတ်ကူးတွေချိုကြည်ရွှမ်းမှည့်
ငြိမ်းချမ်းခြင်းမြက်ခင်းစိမ်းတို့အလယ်
ရင်ခုန်သံတခြိမ့်ခြိမ့်တုန်လွှမ်း
မိုးပြေးနေ့စွဲရဲ့ လရောင်ဆမ်း ပန်းကြဲလမ်းပေါ်လျှောက်ရင်း
ပျိုနုဖူးရွနေတဲ့ အနမ်းသုတေသနမှာ နှစ်ခြိုက်မွေ့ပျော်နေချင်သေးလို့
ကြောက်ရွံ့မှုတွေ ခေါင်းပုံဖြတ်တာခံရပြီး
နာကျင်သိမ့်ခါနေတဲ့ နှလုံးသားကို
ပင်ပန်းမှုလျော့ပါးအောင် ဖြေသိမ့်ပေးချင်သေးလို့ .... ။ 

လေးလံမှိုင်းဆွေးနေတဲ့ စာသင်ခန်းအဝေး ထွက်ပြေးဖူးတဲ့ ကလေးငယ်တစ်ယောက်လို၊ ဒုက္ခနဲ့ အတိပြီးတဲ့ ဘဝတက္ကသိုလ်ထဲ ဟာသဆန်ဆန် သင်ရိုးညွှန်းတမ်းတစ်အုပ် လေ့လာရသလို၊ ငွေရပြေစာ ကြွပ်ကြွပ်ရွရွတစ်ရွက်
လုံးချေပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ရသလို၊ ၀ိသမလောဘသားတစ်ယောက် မျက်ခွက်၊ ကျွံထွက်အောင် ထိုးနှက်လိုက်ရသလို၊ အညာပဲလှော်နဲ့ လယ်ကြွက်ကြော်မြည်းရင်း၊ ထန်းရည်ခါးခါးတစ်မြူ မှီဝဲရသလို ပျော်ရွှင်မှုတွေ ဝေမျှပေးချင်လို့။

ငယ်ငယ်ကဆံပင်တိတဲ့အခါ အသည်းတယားယားဖြစ်ဖူးပေါ့။ အခုလည်း ... အော် မိုးရယ် .... တတိတိရွာနေမယ့်အစား တစ်ခါတည်းသွန်ချလိုက်စမ်းပါလား။ လေကြောင်းဆက်သွယ်ရေးတွေ ရေလွမ်းပြီး ကယ်ဆယ်ရေးစခန်း၊ ပရဟိတ လုပ်ငန်းတွေ တွင်ကျယ်လာပြန်အုံးမပေါ့။

အခုတော့ ...
သူလည်းသူ့လမ်း ကိုယ်လည်းကိုယ့်လမ်း
စည်းကလနားတွေနဲ့
မျှော်လင့်ချက်တွေ အင်နားရှားဖြစ်နေချိန်
ရင်ခုန်သံတိမ်ကောဆွံအနေတဲ့ လျှပ်ပန်းတစ်နွယ်လို
ဇူလိုင်မြင်ကွင်းထဲ
သူ့အငြိုးကျိန်စာမိုးတွေအသဲ
ဆက်ပြီး လွမ်းနေရဲသေးတယ် ..... ။      ။


#KLT
July 2012


Art credit: https://www.pinterest.pt/97hannahmiller/


Comments