“နလံထူစ ပင်လယ်ဖြူ”

ကြက်ခြေခက်တွေ လည်မှာချိတ်ဆွဲ
အနှုတ်လက္ခဏာ အလွဲတွေနဲ့
တန်ပြန်ညွှန်ပြတတ်တဲ့ လက်ညှိုးတွေ
အင်္ဂုလိမာလနဲ့ တိုးပါစေ ၊

ဟိတ်တွေသိပ်များနေတယ်ဆိုပြီး
ဘိုးတော်တွေက ယတြာဖိုး ငွေညှစ်
ဘုရားဟောအစစ် ဟိတ် (၆)ပါးမှာ
ကောင်းသုံးပါးပါတာ မသိကြ ၊

ဇယ်ဆက်နေတဲ့ မဖြစ်ညစ်ကျယ်လုပ်ရပ်တွေကြားမှာ
ဟက်ဟက်ပက်ပက်သာ ရယ်မောပစ်လိုက်ပါ
ပုခုံးပေါ်က ဒုက္ခအစိုင်အခဲတွေ
ပေါ့ပါးသွားလိမ့်မယ် ၊

တာဝန်ဆိုတာ ကျေရုံနဲ့မပြီး
စေတနာဆိုတဲ့ အရင်းအနှီးမပါရင်
ဒီခရီးမှာ ဆူးညှောင့်ကန်သင်းတွေပဲ
ထည်လဲ တွေ့နေရအုံးမယ် ၊

ပိန်မသာလိမ်မသာ ဘ၀တွေထဲ
နေရသူချင်းအတူတူကို
သူ့ထက်ငါ မနာလိုမှုတွေပိုကဲနေမယ်ဆို
အနာဂတ်ဟာ သံချေးတက်နေတဲ့ရှင်သန်မှုပဲဖြစ်သွားနိုင်တယ် ၊

ဒရောသောပါး ရှည်လျှားလာတဲ့ အသက်တာတွေနဲ့
ဇကောလောက်မှဇောက်မနက်တဲ့ အသိဉာဏ်ပညာတွေ
ဒီနှစ်ခုရောစပ်ပြီး ရေစုံမျှောလိုက်တော့
လူ့အန္ဓတွေကျက်စားရာတောကြီး ဖြစ်သွားလိမ့်မပေါ့ ၊


သတိရှိကြပါလေ . . .
သွေဖြိုထိုးခွဲမယ့် ဓားတွေဝိုင်းလို့
အမှောင်တံတိုင်းခြားပြီး အခါကောင်းကို
စောင့်စားနေကြရဲ့ ၊

မနေ့ကတွေ့တဲ့ မိတ်ဆွေတစ်ယောက်
နောက်တစ်နေ့မနက် သတင်းစာထဲမှာ
အကျင့်ပျက်ခြစားမှုနောက်
ကောက်ကောက်ပါအောင်လိုက်သွားပြီတဲ့ ၊

အဖိအဖော့နဲ့ရေးရတဲ့ စာပေတစ်ခေတ်
အတိတ်ရဲ့ခွေးခါးထစ်မှာပဲ ကျန်ရစ်ခဲ့ပြီ
အတို့အဆိတ်အဆွအဖွတွေနဲ့
အစွမ်းအစရှိသလောက်တော့ ဆက်ချရမှာပဲ ၊

ကြက်ခြေခက်တွေကို အပြတ်အသတ်
တိုက်ထုတ်ချေပ ပစ်နိုင်တဲ့တစ်နေ့
စစ်မှန်တဲ့ ရာဇ၀င်သမိုင်းတစ်ကွေ့
မြင်တွေ့ပါလိမ့်မယ် ။           ။

(ကျော်လင်းထွန်း)

Comments