"လွတ်လမ်း"

ကျည်ကုန်သွားတဲ့ မုဆိုး ၊..

သားရဲအန္တရယ်တွေနဲ့ ပဲခူးရိုးမရဲ့ ညနက်ဟာ

မြို့ပြမှာ မီးပျက်တာထက်တော့ ဆိုးတာကျိန်းသေတယ် . . .



ပန်းခတ်ခြူးနွယ်အလီလီ ရစ်သီပတ်ခွေနေတဲ့

ပင်စည်တစ်ခုမှာ ကျောမှီလိုက်တော့

မျော့နေတဲ့ အသက်ဟာ

ရုန်းကန်ရှင်သန်းခြင်းရဲ့ မောင်းနှင်အားကို ဖယ်ခွာစွန့်ပြေးပြီး

သေးမင်းကို လက်ယက်ခေါ်

မာန နဲ့ ဇွဲကို အရည်ဖျော်ပစ်လိုက်တယ် . . .

ကျားနားခဲခံလိုက်ရတဲ့ ပေါင်တစ်ခြမ်းမှာ

သွေးတွေ ဒလဟောစီးထွက် ၊

ရုန်းရင်းဆန်ခတ်အာရုံတွေလည်း

အမြီးအမောက် မတည့်တော့ဘူး . . .



ရီမှုန်မှိုင်းဝေလွန်းလို့ မမြင်နိုင်တော့တဲ့အဆုံး

လရောင်တိမ်းမဖုံခင် မျက်လုံးကိုစုံမှိတ် ၊

အမြှောင်းသား ကျိုက်ထားတဲ့ ခါးထောင်းကိုလျှော့ဖြေပြီး

မနိုးတလှည့် ၊ နိုးတလှည့်နဲ့

ခိုးမြူမှောင်တွေကြားဝယ်

ကံကြမ္မာတစ်ဆစ်ချိုးကိုလဲ စိုးငယ်နွဲ့ကြောက်ရွံ့မနေတော့ဘူး ၊

မရဏာ အဖြစ်ဆိုးကိုလဲ ယိုးမယ်ဖွဲ့နောက်တွံ့မနေတော့ဘူး . . .



သူ့အိတ်ထဲက မီးခြစ်ဟာ ဇစ်ပိုမဟုတ်ပါ

မီးတောက်လေးဖြာလင်းသွားချိန်

နောက်ထပ်အိတ်ထဲက ထုတ်လိုက်တာ

ဝေဒကျမ်းဂန် ၊ ရမ်းအရက် နဲ့ စီးကရက်

အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး . . .



ချွေးစက်တွေ ၊ မိုးရေတွေနဲ့  နူးပြဲသွားမှာစိုးလို့

ဝါးကျည်တောက်ဗူးထဲ လိပ်ခွေထည့်သိမ်းထားတဲ့ ဓါတ်ပုံဟောင်း ၊. .

ပုံရိပ်ထဲက မောင်ရင်လောင်းဟာ

သူ့ဂုတ်ပိုးပေါ်ခွထိုင်ရင်း

ဆောင်းထားတဲ့ မကိုဋ်ကို အတင်းဆွဲချွတ်နေလို့

မုဆိုးရဲ့ ရှင်မက ချော့မြူနေဟန် . . .



သံသရာဟာ လက်ဝဲရစ်ပတ်သလား ၊ လက်ယာရစ်ပတ်သလား

သူမသိ ၊ (စိတ်လဲမ၀င်စား)

ဒါပေမယ့်ပေါ့ ၊ . .

ချစ်မ၀သေးတဲ့ သူ့ရှင်မနဲ့သားငယ်ကိုတော့

နောက်ဘ၀ဆိုတာများရှိသေးရင်

ဆက်ချစ်ချင်သေးတဲ့အကြောင်း

တစ်စုံတစ်ရာကို အကြိမ်ကြိမ်ထပ်လောင်းပြောဆိုအပြီး . . .



ကန်ရေပြင်လွင့်လွင့်လူးခတ်

ကမ်းစပ် ဒိုက်ခြုံတောက ခေါင်းပြူထွက်နေတာ

ဘာသတ္တ၀ါလဲ . . . ရှေ့ဆက်ဝေခွဲမနေတော့ ၊

စိတ်ဆိုတဲ့ မြားတစ်စင်းကို တစ်ဝင့်ဝင့်မာန်ဟုန်ချီ

နဂါးငွေ့ဂလက်စီတွေကြား ပစ်ရဲ့လို့လား ဆိုပြီးလဲ

သူ့ကိုယ်သူ ပြန်မေးမနေတော့ ၊

သူ့ရင်ငွေ့နွေးနွေးမှာလဲ တွေးတွေယိုဖိတ်မနေတော့ ၊

စိုးထိတ်ငယ်ကြယ်တစ်လုံးလိုလဲ

အားတင်းပြီးပြုံးမနေတော့ ၊ . .

ဗဟိဒ္ဓမှာ သူ့မြား လုံးဝစိုက်မနေတော့ဘူး . . .



နည်းမှန်လမ်းကျ

အဇ္ဈတ္တ တစ်နံတစ်လျှား

အစွန်းမရောက် မဖောက်မပြားဘဲ

ဒိဋ္ဌေဒိဋ္ဌတရားဆိုတဲ့ လေးမှာ သူ့မြားကို ကိုယ်တိုင်တင်ပြီး

ပေါ်လာသမျှ ရန်သူသင်းပင်းအားလုံးကို

ပစ်ခွင်းချေမှုန်းနေလေတော့တယ် . . . ။         ။



ကျော်လင်းထွန်း



Comments