“ ဧပရယ်မုန်းသူ”


၁၃၇၂ ၊ နှစ်ဆန်း (၁) ရက်နေ့

ဖယောင်းတိုင်ကို တရစပ်ဝါးစားနေတဲ့ မီးတောက်လေး . . . ကျွန်တော်စိုက်ငေးပြီး ကြည့်နေမိတယ် ။ ညဉ့်သန်းခေါင်ယံကို ရောက်ဖို့ကလဲ နာရီဝက်ပဲ လိုတော့တယ် ။ အမှောင်ထု ထဲမှာ မြို့တော်သူ ၊

မြို့တော်သား အပေါင်း လျောင်းမွေ့ အိပ်မောကျနေလောက်ပြီ ။

ဒါနောက်ဆုံးဖယောင်းတိုင်ပါ ။

နုနယ်တဲ့ အတွေ့အကြုံရယ် ၊ ဖြန့်ကျက်တွေးခေါ် နိုင်မှုဆိုင်ရာ အရည်အချင်းတို့

မရင့်သန်သေးခြင်းတို့ကြောင့် အချစ်နဲ့ပက်သက်လာရင် ရိုမန်းတစ်ဆန်ဆန် ကုန်ချောတွေ

ထုတ်လုပ်ချင်ပေမယ့် အခက်တွေ့နေလေရဲ့ ။ ဇာတ်လိုက်ကောင်လေးနဲ့ ကောင်မလေးခမျာ

မိဘတွေရဲ့ ငွေကြေးဂုဏ်ပကာဿနနဲ့ မာနတွေအားပြိုင်အနိုင်ကြဲပွဲကြီးထဲမှာ
နောက်ဆုံးမြေစာပင် ဖြစ်ရပြီး ကွဲကာသွားတဲ့နောက် . . . ၊ 
သူတို့ချင်းပြန်ဆုံနိုင်ဖို့ . . . ဒီကွင်းဆက်ကို ချိတ်ဖို့ ချိတ်တစ်ချောင်း ရှာမတွေ့တဲ့ အဆုံး ၊ 
ဖယောင်းတိုင်အရှုံးမခံတော့ဘဲ မီးငြိမ်းပြီးအမှောင်ထဲမှာ အတွေးဇာပဝါယက်သီရင်း
ဆေးပြင်းလိပ်ထိုင်ဖွာနေမိတယ် ။


မှောင်နေပေမယ့် ကျွန်တော့်ရှေ့မှာ ဘာတွေရှိတယ်ဆိုတာတော့ ကောင်းစွာသိရဲ့ ။ အဆုံး 
မသတ်နိုင်သေးတဲ့ အပေါစားအချစ်ဝတ္ထုတစ်ပုဒ် ၊ မင်ပြတ်ခါနီးဘောလ်ပင်တစ်ချောင်း နဲ့ ဟိုတစ်စ ဒီတစ်စ 
စာတိုပေစလေးတွေပဲပေါ့ ။ ဆေးပြင်းလိပ်တစ်ဖွာကို အဆုပ်ရဲ့နေရာလပ်မကျန်အောင် ရှိုက်ချလိုက်ပြီး 
သက်ပြင်းတစ်ခုနဲ့အတူ အခိုးအငွေ့တွေအားလုံးကို စီလင်မျက်နှာကျက်ဆီသို့ ရောက်အောင် 
မှုတ်ထုတ်ပစ်လိုက်တယ် ။


အထီးကျန်မှုရယ် ၊ ရည်မှန်းချက်ကို တစ်ထစ်ပြီးတစ်ထစ်ထုဆစ်ရင်း ခမ်းခြောက်စပြုနေတဲ့ 
ဘဝတစ်ခုရဲ့ပုံရိပ်ရယ်က မျက်နှာကျက်ဆီမှာ ပြေးကပ်လို့ပေါ့ ။


ကျွန်တော်အခုနေနေတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးက လေးထောင့်ကန်ရပ်ကွက် ထဲမှာပါ ။ 
အပေါ်ဆုံးထပ်ဆိုတော့ လေကောင်းလေသန့်လဲရတယ် ။ တိတ်လဲတိတ်ဆိတ်တယ်။ 
ဘေးကပ်ရပ် နှစ်ဘက်စလုံးမှာလဲ ကန်ထရိုက်တိုက်နှစ်လုံးရှိတယ် ။


ညတိုင်းပဲ အဲ့လို ခဏလေး အမှောင်ထဲမှာ ထိုင် ၊ ဟိုတွေးဒီတွေး ၊ ဘာမှတွေးမရတဲ့အဆုံး 
ကုတင်ပေါ်မှာ ဘုံး ဆိုပြီး ခန္ဓာကိုယ်အတ္တဘောကြီးကို ပစ်ချလိုက်တာပါပဲ ။ ဒီလိုပုံစံမျိုးနဲ့ပဲ 
လည်ပတ်လာနေခဲ့တာလေ ။


ခုလဲ အဲ့ဒီလို အိပ်ဖို့လုပ်မယ် ပြင်တုန်းပဲရှိသေးတယ် . . . နောက်ကျောဘက်ဆီကနေ Slide တံခါး 
ဘီးချော်တဲ့အသံကြားလိုက်တယ် ။ ဒီကိစ္စက ဖြစ်နေကျမို့ ရိုးနေပါပြီ ။ ဒါပေမယ့် ထူးဆန်းတာက 
တစ်ဘက်တိုက်ရဲ့ ကျွန်တော်နဲ့ဘေးချင်းကပ်အခန်းမှာ သင်္ကြန်မကျခင်ကတည်းက လူမရှိတာ
သေချာတယ် ။ မနေ့ညကလဲ မီးရောင်တွေဘာတွေ မမြင်မိဘူး ။ သူခိုးတွေ ဘာတွေများကပ်သလား ဆိုပြီး 
စိုးရိမ်သွားမိတယ် ။


ဒါကြောင့်မို့ ဖယောင်းတိုင်ကို မီးညှိပြီး အသံလာရာ ပြတင်းဝဆီကို ကြီးစွာသောသတိနဲ့ 
တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့တယ် ။ ပြီးတော့ ကျွန်တော့် ပြတင်းတံခါးရဲ့ Ear Lock ကို ဖွင့်ပြီး 
ဆွဲဖွင့်လိုက်မိတယ် ဆိုရင်ပဲ  . . . ၊


လမင်းကြီး ဖြန့်ခင်းပေးထားတဲ့ ငွေရောင်အလင်းတန်းက ယမုန်နာ ၊ ရွှေအင်ကြင်း နဲ့ ထွင်းထုထားတဲ့ 
ယမင်းရုပ်လို  နုထွေးသင်းမြနေမယ့် ပါးပြင်အိဖောင်းလေးနဲ့ အလှတရားတို့ရဲ့ 
အမြုတေကောက်ကြောင်းဖွဖွလေးတွေ ပိုင်စိုးမင်းမူထားတဲ့ နတ်တန်းခိုးရှင် ဘုရင်မတစ်ပါးကို ဝင်းခနဲ 
ထင်းခနဲ မြင်သာအောင် ဆောင်ကျဉ်း ပေးခဲ့သည့် အလား . . . ။


အသံမပေး ဘာမပေးနဲ့ ကျွန်တော်က ‘ ဘာများကူညီပေးရမလဲ . . .’ လို့မေးလိုက်မိတယ် 
။ စေတနာလှိုင်းတပိုးတွေက တာကျိုးပြီး တိုးဝင်လာခဲ့ပေသကိုးဗျ ။ ဒီတော့ သူမရဲ့ ဝိုင်းစက်နေတဲ့ 
မျက်ဝန်းလေးတစ်စုံနဲ့ ကျွန်တော့်ကို ပြူးကြည့်ပြီး ရင်ဘတ်ကိုဖိကာ ‘ အမလေး ’ ဆိုပြီး ထအော်ပါလေရော ။


ကျွန်တော်ကလဲ သောကြာသားပီပီ စကားဝင်စီပစ်လိုက်တာပေါ့ . . . ‘ အမေလေး ဟုတ်ပါဘူးဗျာ ၊ 
သက်ထွန်းပါ ’  ။ 


လန့်မယ်ဆိုလဲ လန့်လောက်ပါပေတယ်ဗျာ ။ အမှောင်ထဲ ဖယောင်းတိုင်ကြီးနဲ့ ၊ ဝတ်ထားတာ ကလဲ 
တီရှပ်အနက် ၊ ပူလွန်းအိုက်လွန်းလို့ဆိုပြီး သက်သာအောင် သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပြီး ပါးကွပ်ပါ 
ခပ်ထူထူလေး ကွပ်ထားလိုက်သေး ။ ဒီတော့ ‘အမေ’ နောက်က ‘ဂျမ်း’ မထည့်တာပဲ တော်လှပြီ ။


ဒါပေမယ့် သူမက အင်မတန် ယဉ်ကျေးရှာပါတယ် ။ ပြုတ်ထွက်နေတဲ့ အလူမီနီုယံ မှန်တံခါးကို 
အုတ်ဘောင်ပေါ်တင်လိုက်ပြီး လက်ကမြဲအောင်ကိုင်ထားရင်း ၊ ကျွန်တော့်ကို သေချာကြည့်ပြီးမှ . . .
  ‘ အော် . . . ဆောရီးပါနော် . . . ရုတ်တရက်ဆိုတော့ ကျွန်မအရမ်းလန့်သွားလို့ပါ ၊ ဘယ်လိုမှ 
မအောက်မေ့ပါနဲ့’  လို့ တောင်းပန်တယ် ။


ဒီလိုနဲ့ သူမအခန်းတွင်းကနေ ပြန်တပ်ဖို့မလွယ်တဲ့ တံခါးရွက်ကို ကျွန်တော်က ကြည်းဘောင်ထဲ 
ဝင်အောင်တပ်ပေးခဲ့တယ် ။ ပြီးတော့ သူမက ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော့်ကို 
အချိုရည်အေးအေးလေးဖျော်တိုက်တယ် ။ အဲဒီအချိန်မှာပဲ မီးကလဲ ပြန်လာတော့ ပြတင်းဝလေးနှစ်ခု 
ကြားမှာ သာယာတဲ့လေပြေလေညှင်းလေးတွေ အပြန်အလှန်တိုက်ခတ်နေတယ် ဆိုပါတော့ဗျာ ။


‘ကျွန်တော့် နာမည်က သက်ထွန်းပါ’
 ‘ဟုတ်ကဲ့ . . . အစောက ပြောလိုက်သားပဲ’
 ‘အင်း . . . မှတ်ဉာဏ်တယ်ကောင်းတာပဲ. . . ပြောပါအုံး၊ အမိ နာမည်လေးလဲ’
‘ညီမ နာမည်က သွဲ့ဧပရယ်ကို ပါ . . . ကိုသက်ထွန်းကို တော့ ကိုသက်လို့ပဲ ခေါ်မယ်နော်’


သူမက ဧပရယ်ကိုမုန်းတယ် . . . ဒီဇင်ဘာကိုချစ်တယ်တဲ့ ။ 
ဒီဇင်ဘာရောက်တိုင်း နှင်းပွင့်လေးတွေက သူမရဲ့ပါးပြင်ကို လာနမ်းတဲ့အရသာကို
အရမ်းကြိုက်တယ်တဲ့ ။ နှင်းပွင့်လေး တွေကို စိတ်မဆိုးဘူးလို့ပြောရှာတယ် ။ ဒါပေမယ့် 
အဖြူရောင်နှင်းပွင့်လေးတွေကို မြင့်တွေ့ခွင့်ရတော့ မှာ မဟုတ်ဘူးတဲ့ ။ ကျွန်တော်က-
‘ ဘာလဲ . . . ဒူဘိုင်းမှာ အလုပ်သွားလုပ်ဖို့ ဗီဇာကျလာလို့လား’ ဆိုပြီး အရွှန်းဖောက်လိုက်ရသေးတယ် ။ 
အဲ့လိုနောက်လိုက်တော့ မရီမကျဲ မျက်နှာပေးနဲ့ ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး 
ချက်ချင်းမျက်နှာလွှဲကာ တိုက်နှစ်လုံးကြားကနေ တပိုင်းသာသာ လေးပဲ မြင်နေရတဲ့ 
ဖိုးလမင်းကြီးကို ငေးပြီး ပြောလိုက်ပုံက-
          ‘မဟုတ်ပါဘူး . . . ညီမလဲ သေချာမသိဘူး ၊ ဘယ်ကိုသွားရမယ် ဆိုတာ’ တဲ့ . . . ။

ကျွန်တော်လဲ ဘာတွေပြောနေမှန်းမသိတာနဲ့ စကားလမ်းကြောင်းလွှဲလိုက်တယ် ။ ကိုယ့်ဘ၀ 
ကိုယ့်အကြောင်းပေါ့ ။ ကျွန်တော်က စာရေးဆရာဖြစ်အောင် ကြိုးစားနေတဲ့အကြောင်း ၊   တစ်နေ့တစ်နေ့ 
စာဖတ်တဲ့အလုပ်ရယ် ၊ စာရေးတဲ့အလုပ်ရယ်နဲ့ပဲ အချိန်ကုန်နေရတဲ့အကြောင်း ၊ စာမူတွေကို 
ဘယ်စာအုပ်တိုက်ကမှ အရေးတယူနဲ့မဖော်ပြပေးသေးတဲ့အကြောင်း အစရှိတဲ့ ကျွန်တော့်ဘဝရဲ့ 
ပစ္စုပ္ပန်ကာလအခြေအနေတွေကို ပြောပြတယ် ။ 


ပြောသမျှကို စိတ်ဝင်တစား နားထောင်ပြီးမှ သူမက မေးခွန်းတစ်ခုထုတ်လိုက်တယ် ။ 
          ‘ ကိုသက် ညီမနာမည်ကိုမေးတုန်းက ဘာလို့ အမိလို့ခေါ်တာလဲ’ 
‘ အော် . . . ဘာရယ်မဟုတ်ပါဘူး ၊ ဒီလိုပဲ ကျွန်တော်ဝတ္ထုတွေထဲက 
မိန်းကလေးတွေကို ခေါ်ရင်း နှုတ်ကျိုးနေလို့ပါ မသွဲ့ဧပရယ်ကို မကြိုက်ရင် နောက်မခေါ်ပါဘူး’
အဲ့လိုပြောလိုက်တော့ သူမ မျက်နှာလေးမဲ့သွားပြီး-
          ‘ဟင့်အင် . . . ညီမက သိချင်လို့မေးတာပါ ၊ အဲ့လိုခေါ်တာကို ကြိုက်တယ် ၊ ညီမကို လဲ 
ဝတ္ထုထဲက ကောင်မလေးလို့ပဲ သဘောထားရမယ်နော် ၊ ဒါနဲ့ ကိုသက်က ဘယ်လိုင်းတွေ အရေးများလဲ ၊ 
အချစ်ပဲလား ’

‘ဟုတ်တယ် . . . ကျွန်တော်က အချစ်ကို စာသားတွေထဲမှာပဲ 
ရှာဖွေကြည့်နေတယ်ဆိုပါတော့၊ ကျောင်းတုန်းကတော့ ချစ်ကြည့်ဖူးခဲ့ပါတယ် ၊ ဒါပေမယ့် အချစ်ကို 
အတွေ့အကြုံတစ်ခုလို ပလပ်စတစ်နှစ်လုံးသားထဲထည့်ပြီး စမ်းသပ်ကြည့်မိတဲ့ ကျွန်တော်နဲ့  
အပျင်းပြေပေါ်ပင်အသစ်အသစ် တွေ ထည်လဲတွဲတတ်တဲ့ မိန်းကလေးတစ်ယောက်ကြားမှာ 
အကွဲပြဲကြီးကြီးမားမား တစ်စုံမရာမှ မရှိဘဲ လမ်းခွဲလိုက်ကြတယ် ၊ မထူးဆန်းပါဘူး ’
ဒီတော့သူမက တစ်ခစ်ခစ်ရယ်ပြီး-
          ‘ သိတယ် ’ တဲ့ . . . ။
နာရီကို ကြည့်မိတော့ တစ်နာရီကျော်သွားပြီ ။ ဒီလိုနဲ့ သူမနဲ့ ကျွန်တော် အိပ်မက်လှလှ မက်ပါစေလို့ 
အပြန်အလှန်နှုတ်ဆက်ပြီး ပြတင်းတံခါးတွေ ပိတ်လိုက်ကြတယ် ။ 


၁၃၇၂ ၊ နှစ်ဆန်း (၂) ရက်နေ့
‘ဝါး . . .’  
အပျင်းကြောတွေဆန့်ထုတ်ရင်း ရှည်လျှားစွာ သမ်းဝေလိုက်တဲ့ ကျွန်တော့်ရဲ့အသံ ။ 
မျက်လုံး တွေကိုပွတ်သပ်ရင်း ကုတင်ပေါ်ကဆင်း ၊ တွန့်ကြေနေတဲ့ အိပ်ရာခင်းကို သေသေသပ်သပ်မခေါက် 
ချင်ခေါက်ချင်နဲ့ လုံးထွေးထားခဲ့ပြီး အလူးအလဲထလို့ ဝရံတာတံခါးဝဆီသို့ ထွက်လာခဲ့တယ် ။


နေမင်းကြီးက အလင်းဓါတ်တွေကို ဖြန့်ကျက်လျှက် ကြည်လင်နွေးထွေးနေတဲ့ မနက်ခင်း 
အသစ်တစ်ခုကို မွေးဖွားသန့်စင်ပေးခဲ့တယ် ။ ရှင်သန်နေဆဲ ခန္ဓာများကို သယ်ဆောင်ပြီး နိဒ္ဓဓူ၀ 
အမှုကိစ္စတွေကို ရုန်းကန်ဖြေရှင်းဖို့ ချီတက်နေကြတဲ့ တက်ကြွခြေလှမ်းနဲ့ လူသားတွေကို ကြည့်ရင်း 
စိတ်ကြည်နူးနေမိရဲ့ ။


ပေါ့ပါးနေတဲ့စိတ်ကို အလိုက်သင့်ဖြေလျှော့ရင်း လေထဲမှာ လွှတ်တင်နေမိချိန် အမှတ်ရမှု တစ်ခုက 
ဝင်ရောက်လာခဲ့တယ် ။ မနေ့က ကောင်မလေး . . . ။ ဟုတ်ပ ။ အတိအကျပြောရရင် 
မနေ့ညက ကောင်မလေး . . . ။


ဘေးချင်းကပ်တိုက်ရဲ့ ဘေးချင်းကပ်အခန်းကို ကြည့်လိုက်တော့ မှန်တံခါးတွေလဲပိတ်ထား ၊ 
ခန်စည်းလိုက်ကာတွေကလဲ ကျွန်တော့်ရဲ့ စိတ်ထွက်ပေါက်လေးတစ်ခုကို 
ပိတ်ဆို့ကာရံထားလိုက် တော့တယ် ။ 


ဟိုစဉ်းစား ၊ ဒီစဉ်းစားလုပ်နေတုန်း ဖုန်းလာလို့ကြည့်လိုက်တော့ 
ကျွန်တော်မသိတဲ့နံပါတ်ကြီး ဖြစ်နေတာနဲ့ ‘ ဟဲလို . . . ပြောပါ ၊ ကျွန်တော်သက်ထွန်းပါ ၊ ဘယ်သူလဲမသိဘူး 
’ လို့ တစ်ဖက်ကလူကို ပြောလိုက်တယ် ။ တစ်ဖက်က-
           ‘ကိုသက် . . . ညီမပါ ၊ သွဲ့ဧပရယ်ကိုပါ ၊ ဒီည . . . အကို နဲ့ အတူတူ သောက်ချင်တယ် 
ဆိုဂျူနှစ်ပုလင်းနဲ့ ပင်လယ်စာအကင်ဝယ်ထားနော် ၊ ညီမ (၈) နာရီကျရင်လာခဲ့မယ်’ 
အဲ့ဒါပဲပြောပြီး ဖုန်းက ကျသွားတယ် ။ 
‘ဟိုက် . . . ခဏ . . . ဟဲလို ၊ ဟဲလို’ 


ကျွန်တော့်မှာ ဖုန်းကို ပါးစပ်နားတေ့ပြီး အော်ကာဟစ်ကာနဲ့ . . . ။ အဲ့ဒီတော့မှ သူမနဲ့ပက်သက်တဲ့ 
ကွက်ရှင်မတ်တွေက ခေါင်းထဲမှာ ပလုံစီထလာတော့တယ် ။ ဒီကိစ္စက ပေါ့သေးသေးတော့မဟုတ် ။ 
ကျွန်တော့်နဲ့ တစ်ခါလေးဆုံဖူးသေးတဲ့ မိန်းကလေးက အရက်အတူတူသောက်ဖို့ ဒိတ်တဲ့ကိစ္စ ။ တကယ့်ကို 
ပဟေဠိတွေပါပဲလား ။ 


ဒီအခန်းက အဖေအရင်က အိမ်ငှားတင်ထားတဲ့ အခန်း ၊ အမေဆုံးပြီးတော့ အဖေကနောက် 
အိမ်ထောင်ပြုခဲ့တယ် ၊ အဖေ့နောက်မိန်းမနဲ့ကျွန်တော် အဆင်ပြေပေမယ့် 
သားအဖနှစ်ယောက်တည်း နေတဲ့အိမ်မှာ (ကျွန်တော့်အတွက်) သူစိမ်း တစ်ယောက်တိုးလာတော့ 
ဘာပဲဖြစ်ဖြစ် အရင်လိုပျော်စရာ မကောင်းတော့ဘူး ။ ဒီတော့ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ် ။ 
အဖေတို့လွတ်လွတ် လပ်လပ် နေနိုင်အောင်ကတစ်ကြောင်း ၊ နားအေးပါးအေးနဲ့ 
စာတွေပဲ ရေးနေချင်တာကတစ်ကြောင်း ၊ အိမ်ငှားတွေလဲ မရှိတော့တာနဲ့ ဒီအခန်းကို 
ကျွန်တော်ပြောင်းလာခဲ့လိုက်တယ် ။ 


ဒီလိုနဲ့ လွန်ခဲ့တဲ့တစ်လခွဲကမှ ဒီမှာလာနေဖြစ်ခဲ့တယ် ။ ဒီရပ်ကွပ်နဲ့က စိမ်တော့ သင်္ကြန်တွင်း 
တစ်ခုလုံးလဲ သူငယ်ချင်းတွေရှိတဲ့ ရန်ကင်းမှာပဲ သွားနေဖြစ်ခဲ့တယ် ။ မနေ့ကမှ ဒီကိုပြန်လာခဲ့တာ ။ 
သင်္ကြန်ကလဲ ပျော်ဖို့မကောင်း ၊ အင်းလျားလမ်းကလဲ ဒီနှစ်မှပိတ်လိုက်တယ် ။ အကြတ်နေ့တုန်းကလဲ 
ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်လို့ လူတွေသေကြကြေကြနဲ့ . . .။


ဆိုဂျူနဲ့ ပင်လယ်စာထုပ်တွေ ဝယ်ဖို့ရှိတာနဲ့ ဂျန်းရှင်းဇဝနကို သွားခဲ့တယ် ။ ကျွန်တော်က 
ဆိုဂျူကို ဇေယျဝတီလောက်တောင်မကြိုက်ပေါင် ။ ဒါပေမယ့် သူမက ဝယ်ဆိုတော့လဲ ဝယ်ရတော့ တာပေါ့ ။ 
ဆန်းတော့ အဆန်းသား ၊ သူမ ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်လိုများသွားပါလိမ့် ၊ ညတုန်းကလဲ 
မပြောမိပါဘူး ။ ဧကန်တ . . . ။ ကိုယ့်အတွေးနဲ့ကို သွေးနားထင်ရောက်သွားမိခဲ့တယ် ။


 အိမ်ပြန်ရောက်တော့ ကြော်စရာရှိတာကြော် ၊ ကင်စရာရှိတာကင်ပြီး ၊ မနေ့ကရေးလက်စ စာပိုဒ်ကို 
ဆက်ပြီးရေးနေလိုက်တာ ၊ ဘယ်လောက်တောင် ဈ ာန်ဝင်သွားသလဲ မသိ ၊ တံခါးခေါက်သံ ကြားလို့  နာရီကို 
ကြည့်လိုက်တော့မှ (၈) နာရီတိတိရှိပြီ ၊ ကျွန်တော်လဲ သူမလာပြီဆိုပြီး တံခါးကို ဖွင့်ပေးလိုက်တယ် ။ 
ဟုတ်တယ် ။ သူမ . . . ။ 
သူမက ပိတောက်ဖူးရောင်ဝမ်းဆက်နဲ့ ၊ ခေါင်းမှာလဲပိတောက်ပန်းလေး တစ်ခတ်ကို ထိုးထားတယ် ။ 
အိမ်ထဲကို ဝင်ဖို့ခေါ်လိုက်ပြီး ၊  ပန်းကန်ခွက်ယောက်တွေ ပြင်ဆင်လိုက်တယ် ။ သူမကတော့ 
ကျွန်တော့်စာကြည့်စားပွဲမှာ ထိုင်ရင်း ရေးလက်စတွေကို ဖတ်ကြည့်နေတယ် ။


‘ညီမ . . . ထမင်းစားပြီးပြီလား ၊ တစ်နေ့လုံးလဲမတွေ့ဘူး ’
          ‘ပြီးပြီ ၊ . . . ဒီလိုပါပဲ ၊ အလုပ်နဲနဲရှုပ်နေလို့ပါ ’
          ဒီလိုနဲ့ပဲ . . . သောက်ရင်းစားရင်း ၊ ရောက်တတ်ရာရာ စကားတွေပြောနေခဲ့မိတယ်ဆိုပါတော့။
          ‘ညီမက ဘာနဲ့ကျောင်းပြီးတာလဲ ၊ အခုကော ၊ ဘာတွေလုပ်နေလဲ ၊ အလုပ်လုပ်ပြီလား ’
                   ‘ညီမ မြန်မာစာနဲ့ပြီးတာ ၊ တက်ချင်ခဲ့တာကတော့ ကွန်ပျူတာ ၊ဒါပေမယ့် အမှတ်ကမမီခဲ့ဘူး၊ အခု C++ တက်နေတယ် ၊ Programming ပိုင်းကို ဝါသနာပါလို့ ၊ ကိုသက်ကရော’
          ‘အကိုက Eco ပါ ၊ ဒါပေမယ့် အချစ်ကိုတော့ ဈေးတွက်မတွက်တတ်သေးဘူး ။ ညီမကော’
                   ‘ဟင် . . . ညီမက ဘာကိုဖြေရမှာလဲ’
          ‘နှလုံးသားရေးရာဆိုပါတော့ ’
                   ‘အော် . . . ဒါလား၊ ညီမမှာ ချစ်နေရတဲ့  သူတစ်ယောက် ရှိတယ်။ တစ်ဖက်သက်ပေါ့ ’ (ရယ်မောလျက်)
           သူမ အရှိန်အတော်ရနေပြီထင်ပါရဲ့ ။ အချိန်ကလဲ (၁၀) နာရီကျော်နေပြီ ဆိုတော့ သူမကို အိမ်ပြန်ဖို့ 
စကားစလိုက်တယ် ။ ‘ညီမ . . .ပြန်တော့မလား ၊ တော်ကြာအိမ်က စိတ်. . .’ စိတ်ပဲ ရှိသေး တယ် ၊ 
ကျွန်တော့်ကို အနမ်းပန်းခင်းကြီးထဲ ဂုတ်ကိုဆွဲလို့ခေါ်သွားခဲ့တယ် ။ 


          နမ်းခြင်းသည် ချစ်ခြင်း၏ ရှေ့ပြေးတမန်တော်များ ဆိုသည်မှာ မှန်နေပြီလားမသိ ။ ချိုမြိန်တဲ့ 
အနမ်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်ကို သေချာမခွဲခြမ်း ၊ မစိတ်ဖြာနိုင်သေးပေမယ့် . . . သေချာတာတစ်ခုက 
ကျွန်တော် သူမကို ချစ်မိသွားခဲ့ပြီ ။ 
            

                   ~~~~~~~~~~~~~~~~~~~~~~~~~


          အကြင်နာအဝန်းအဝိုင်းထဲမှာ ပျော်ဝင်လို့ ၊ နာရီလက်တံရှည်ရဲ့ ဘယ်မှတ်တိုင်တွေအထိ 
ဆိုက်ရောက်သွားခဲ့ပြီလဲမသိ ၊ ကြည်နူးစရာအပြည့်နဲ့ တစ်သက်တာအတွက် အခမ်းနားဆုံးညလေး 
တစ်ညကိုကိုယ်တိုင်ထွန်ယက်ရင်း ၊သံယောဇဉ်နွယ်ပင်တွေက နှလုံးသားနှစ်ခုကိုရစ်ပတ်ခြုံလွှမ်းလို့ပေါ့ . . . ။


 ၁၃၇၂ ၊ နှစ်ဆန်း (၃) ရက်နေ့


နံနက်(၆)နာရီ ၊ နှိုးစက်မြည်မှ ကျွန်တော် အိပ်ရာကနိုးတယ် ။ သူမက ကုတင်ခြေရင်းမှာ ထိုင်ပြီး 
တရှုံ့ရှုံ့နဲ့ငိုနေလေရဲ့ ။ ကျွန်တော် သူမကိုကြည့်ရင်း မရယ်မိအောင် စိတ်ကိုထိန်းထားရတယ်။ 
အနားကိုတိုးပြီး ပါးပြင်မို့မို့လေးပေါ်က မျက်ရည်စတွေကို ဖယ်ရှားပေးနေမိရဲ့ ။ 


‘ကိုယ်ညီမကို တကယ်ချစ်တာပါ ၊ ညီမက ဘာကိုစိုးရိမ်နေတာလဲ’ 
လို့ ဖြောင့်ဖျတဲ့ မေးခွန်းလေး မေးလိုက်တယ် ။


ဒီတော့ သူမက ကျွန်တော့်ကိုကြည့်တယ် ။ စာနာနားလည်တတ်ပြီး ညှို့အားပြင်းတဲ့ 
မျက်ဝန်းတစ်စုံနဲ့ပေါ့ ။ ပြီးတော့ ပြုံးလိုက်တယ် ။ လွတ်လပ်တဲ့အပြုံးတဲ့ အချိုဆုံးအနမ်းတစ်ပွင့်ကို လိုသလို 
ဖန်ဆင်းနိုင်တဲ့ ပန်းနုရောင်နှုတ်ခမ်းလေးနဲ့ပေါ့ ။ သူမရဲ့ပုံရိပ်တွေအားလုံး ကျွန်တော့် 
မျက်ကြည်လွှာကို ကျော်ဖြတ်လို့ ဦးနှောက်ရဲ့ အမြင့်ဆုံးမှတ်ဉာဏ်သိမ်းဆည်းရာ ဖိုင်ထဲကို 
ဝင်ရောက်ညိတွယ်နေခဲ့ပါတော့တယ် ။ 

          ‘ကို . . . ပြန်အိပ်အုံးလေ ၊ ညီမ ရေချုးိပြီးရင် မနက်စာပြင်ပေးထားမယ်’
ကျွန်တော်ခေါင်းညှိတ်ပြပြီး ပြန်မှေးနေလိုက်မိတယ် . . . ။
                                                 Z z zzz! Z z zzz! Z z zzz! Z z zzz!
      
    ကျွန်တော်ပြန်နိုးလာတော့ သူမမရှိတော့ဘူး ။ မီးဖိုခန်းက စားပွဲပေါ်မှာ အသင့်ရှိနေတာက 
နံပြားထောပတ်သုပ် နဲ့ Aribica ကော်ဖီတစ်ခွက် . . .။ မနက်စာစားပြီး ပျင်းပျင်းရှိတာနဲ့ သူငယ်ချင်းတွေကို 
ဖုန်းဆက်တယ် ။ (သူမဖုန်းကတော့ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေခဲ့တယ်) ။ 

သူတို့နဲ့ချိန်းထားတဲ့ ကိစ္စလေးရှိတာနဲ့ ဘောက်ထော်ထဲကို သွားခဲ့တယ် ။ ပြီးတော့ စမ်းချောင်းထဲက 
ကျွန်တော့် အမဝမ်းကွဲ မလဲ့ဆီကို သွားခဲ့တယ် ။ မလဲ့က သူ့အိမ်မှာ သူငယ်ချင်းတွေစုပြီး 
ကျွန်ပျူတာသင်တန်းလေးတစ်ခုဖွင့်ထားတယ် ။ သူကိုယ်တိုင်လဲ ဆရာမဖြစ်ဝင်သင်ပေးနေတယ် ။ 
ဒါကြောင့်မို့ သူ့ဆီရောက်တိုင်း ကျွန်တော်အမြဲ အဆူခံရတယ် ။ ‘နင်လဲ ဒီမှာ လာပြီးတက်ပါလား ၊ 
ဒီလောက်ပြောင်းလဲနေတဲ့ အိုင်တီခေတ်ကြီးထဲမှာ မလိုက်ပါနိုင်ရင် နင်နောက်ကောက်ကျ ကျန်ခဲ့လိမ့်မယ်’ 
ဆိုပြီးပြောတိုင်း ကျွန်တော်က ‘နေပါစေ မလဲ့ရာ ၊ ကျန်လဲကျန်ခဲ့ပါစေတော့ ၊ ကျွန်တော်မှ 
အဲ့ဒါတွေဝါသနာမပါတာ’ လို့ လျှောက်လဲလေ့ရှိတယ် ။


မှန်ပါတယ် ။ ကျွန်တော့် အပေါင်းအသင်းတွေကလဲ ကျွန်တော်နဲ့ ဝါသနာတူ ၊ ရည်မှန်းချက်တူ၊ 
ခံယူချက်တူတဲ့သူတွေချည်းရယ် ။ မလဲ့က ဒီထက်ပိုပြီး တော်တဲ့၊ တတ်တဲ့၊ ထက်မြတ်တဲ့ (ဒါသူ့အမြင်ပါ) 
မိတ်ဆွေ ၊ သူငယ်ချင်း ၊ အပေါင်းအသင်း ပတ်ဝန်းကျင်အသစ်နဲ့ ရင်းနီးဝင်ဆံ့စေချင်တယ်ထင်ပါရဲ့ ။ 
ထားပါတော့ ။

ကျွန်တော် မလဲ့ ဆီကို ပြုံးပြုံးပျော်ပျော်နဲ့ ရောက်ခဲ့ပေမယ့် . . . 
ကျွန်တော့်အပြန်ခရီးဟာ နှလုံးသားတစ်ခုသေဆုံးခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ် ။

အမနဲ့တွေ့တော့ စကားနဲနဲပြောရင်း အမက တစ်စုံတစ်ခုကို သတိရပြီး-

‘ဟယ် . . . သက်ထွန်းရေ ၊ နင့်ကို ငါပြောဖို့ မေ့နေတာ ၊ ငါတို့သင်တန်းမှာ 
တက်တဲ့ကောင်မလေးတစ်ယောက်လေ ၊ ဟို. . . အကြတ်နေ့ ဗုံးပေါက်တော့ . . . ’ လို့ပြောရင်း ၊ မလဲ့ 
မျက်ရည်တွေစီးကျလာတယ် ။ ပြီးမှ အားတင်းပြီး ဆက်ပြောတယ် . . . 


‘ သက်ထွန်း . . . အဲ့မိန်းကလေးက ငါပြီးရင်နင့်ရဲ့ ဒုတိယမြောက် အမာခံပရိတ်သတ်ပဲ ၊ နင်က 
ငါ့ကိုစာမူတွေပေးဖတ် ၊ တကယ်တမ်းပြောရင် ငါလဲ 
ငါ့သင်တန်းကတစ်ဖက်ဆိုတော့ ပေးသမျှအကုန်တော့ သေချာမဖတ် နိုင်ပါဘူး ။ အချိန်လဲမရဘူး ။ 
သူကတော့ နင့်စာမူတွေကို ငါဆီက ငှားငှားသွားပြီး ဖတ်တယ် ။ 
အကြံပေးဝေဖန်စာလေးတွေလဲ ရေးပေးထားတယ်. . . ခဏငါသွားယူလိုက်မယ်’ 


မလဲ့အိမ်ထဲကို ဝင်သွားတော့ ကျွန်တော်လဲ မျက်ရည်ဝဲမိတယ် ။ တစ်ခါမှ မတွေ့ဖူး ၊ မဆုံဖူးတဲ့ 
ကျွန်တော့် ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး ၊ ဘုရား . . . ဘုရား ၊ သူဘာမှမဖြစ်ပါစေနဲ့ . . . ၊ မလဲ့ 
ဘာဆက်ပြောလဲ ၊ ကျွန်တော်နားထောင်ချင်လှပြီ ၊ ကြာလိုက်တာ . . . ။


မလဲ့ အိမ်ထဲကပြန်ထွက်လာတော့ ဖတ်ဖို့ ပေးထားတဲ့ ကျွန်တော့် စာမူတွေတစ်ထပ်ကြီး ကို 
သယ်ချလာတယ် ။ ပြီးတော့ ကဗျာစာအုပ်လေး တစ်ခုပေးတယ် ။ မျက်နှာဖုံးပေါ်မှာ 
‘မျက်နှာကျက်နှင့်စကားပြောသူ’ လို့ရေးထားတယ် ။ မလဲ့က ‘နင်ဖတ်ကြည့်ပါ . . . အဲ့ဒါ ဟိုလွန်ခဲ့တဲ့ 
တစ်ပတ်ကျော် သင်တန်းမပိတ်ခင်က သူလာပေးသွားတာ ၊ နင့်ကိုတွေ့ရင်ပေးပေးပါတဲ့ ’ . . . မလဲ့က 
လက်ကိုင်ပဝါလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး ကျွန်တော့် ကို မျက်ရည်အဝိုင်းသားနဲ့ 
အသံမဲ့စကားကို ပြောတယ် ။ ‘နင် ဖတ်ကြည့်လိုက်ပါလား . . .မောင်လေး’ လို့ပေါ့ ။


ကျွန်တော် ပထမဆုံးစာမျက်နှာကို လှန်ကြည့်လိုက်တော့ မျက်နှာဖုံးပေါ်က စကားလုံးတွေအတိုင်းပဲ 
ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို တွေ့တယ် ။ (ကလောင်နာမည်ကို သတိမထားမိပါ) ၊ နဲနဲထပ်လှန်ကြည့်တော့ 
စာရွက်လေးတစ်ခု ထွက်ကျလာတယ် ။ အထဲမှာ-


          “ကိုသက်က အရမ်းရက်စက်တာပဲ ၊ ဘာလို့ ကောင်လေးနဲ့ ကောင်မလေးကို 
ခွဲပစ်လိုက်ရတာလဲ ၊ Happy Ending လုပ်လိုက်တော့ရော ဘာဖြစ်မှာမို့လို့လဲ ၊ 
အဆင်ပြေရင်တော့ ပျော်စရာဇာတ်သိမ်းခန်းလေးမျိုးနဲ့ ပြန်ပြီးခံစား ဖတ်ရှုလိုပါတယ်. . . ။ 
ခင်မင်လေးစားလျက်
  သွဲ့ဧပရယ်ကို’’

          ကျွန်တော့်မျက်လုံးတွေ ပြာနှမ်းလို့ ။ တဆတ်ဆတ် တုန်ခါနေတဲ့ နှုတ်ခမ်းကို ကြိုးစားပြီး 
တည်ငြိမ်အောင်လုပ်ရင်း လည်ချောင်းထဲက အသံကို အတင်းခြစ်ထုတ်လို့ - 
          ‘သူ. . သူက ဘယ်မှာလဲ ၊သူ အခုဘယ်လိုနေလဲ ၊ အဲ့နေ့ က ဘာမှမဖြစ်ဘူးမှလား ’
မလဲ့က ကျွန်တော့်ကို သေချာစွာစိုက်ကြည့်ပြီးမှ- 
‘သူနေတာက နင်တို့ရပ်ကွပ်ထဲမှာပဲ၊ ဒါပေမဲ့ . . သူပြန်လာနိုင်မှာမဟုတ်တော့ပါဘူးဟာ 
တရားနဲ့ပဲဖြေပါ ၊နင်ရဲ့ မတော်လိုက်ရတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်အတွက်ပေါ့ သူ. . 
. အဲ့ဒီနေ့က ပွဲခြင်းပြီးပဲ’
‘ဗျာ …’   
အရာအားလုံး ဆိတ်သုဉ်းကျိုးပျက် . . . ။
……………………………………………………………………….......................................................
          ဧပရယ်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် အရမ်းလှတဲ့ လမြတ်လေးတစ်ခုပါ ။ 
ဘာကြောင့်လှလဲ ဆိုတာကိုတော့ ပြောပြနေဖို့မလိုတော့ပါဘူး ။ အားလုံးသိကြပါတယ် ။ အဲဒီတော့ 
ဘယ်လိုဘဝအမောတွေပဲရှိပါစေ ၊ ဘယ်လိုမောဟ မာန်မာနတွေပဲ ရှိကြပါစေ ၊ မြန်မာ့ဓလေ့ ၊ မြန်မာ့ 
အလှနဲ့ ၊ မေတ္တာတရားတွေ ပြည့်ထုံကြိုင်သင်းနေတဲ့ အခါသမယ ၊ ဟောဒီ ဧပရယ်လလေးကို 
ယဉ်ကျေးပျူငှာစွာနဲ့ ကြိုဆိုပြီး နှစ်စဉ်မပျက် ဆပွားတိုးလျက် ချစ်ကြပါစို့လို့ ဆန္ဒပြုရင်း ကျွန်တော်ကတော့ 
ဧပရယ်ကို ထာဝရ . . .  လျက်    ။            ။
- - - - - - - - - -

"မျက်နှာကျက်များနှင့် စကားပြောသူ"

လူတော့လူပဲ
ကျွန်မစိတ်ထဲ ဘယ်လိုစွဲမြဲ ထင်မှတ်နေမိလဲဆို
ရှင်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက မီးသင်္ဘောတစ်စင်းလိုလူ
သက်ပြင်းတွေ ရင့်ရင့်သီးသီး မှုတ်ထုတ်
လေမုတ်သုံ အဟုန်လူးတိုင်း လှုပ်ခတ်တဲ့ လှိုင်းကြပ်ခွပ်တွေပေါ်
ပျော်ပျော်ကြီး ခုတ်မောင်းနေသူ . . .


ရှင် မှိန်းစက်တဲ့အခါ
စကားစုတွေ ရှင့်အိပ်မက်ထဲ
သမာဓိဖွဲ့ ပျံဝဲနေမှာ ကျွန်မသိတယ်
ရင်ခုန်နှုန်းညှိ ကလိတိတိအကြည့်တွေကို
မျက်နှာလွှဲရဲတဲ့ ဗီတိုအာဏာ ရှင့်မှာမရှိပေမဲ့
ချက်ချင်းကုတ်ဖဲ့ခွဲခြမ်းပြီး
ဒါဝိတက်ကြောင့် တေဇောဓါတ်နှစ်ခုတိုက်မိတာလို့
ရှင့်ကိုယ်ရှင် သတိပေးတတ်တာ
ကျွန်မသိတယ် . . .


ရှင့် ပါးစပ်ကပြောတော့ သူမကို သိပ်မုန်းတယ်တဲ့
ပြီးတော့လဲ ရှင် . . .
လူမှုလျှပ်စီးကွန်ယက်ထဲ ပြေးပြေးပြီး
ပရိုဖိုင်ပုံလေးကို တိတ်တခိုးကြည့်နေတာ
နှလုံးသားရဲ့ ပုံရိပ်ဟာ ပါးစပ်ဖျားမှာ အရာမထင်နိုင်ပါဘူး
ကိုယ့်ကိုယ်ကို ညာနေရတာ ရှင် မပင်ပန်းဘူးလား . . .


ကင်မရာပေါက်ကနေ အရိပ်နဲ့အရောင်တွေ ချောင်းကြည့်သလို
သူမ နှလုံးသားကို ချောင်းကြည့်လို့ ရနိုင်ရင်ဆိုတဲ့ အတွေးမျိုးနဲ့
ယောက်ယက်ခတ်နေတာမြင်တိုင်း
ရယ်ချင်တဲ့ စိတ်ကို တုံ့ဆိုင်းမထားနိုင်ခဲ့ဘူး
ရှင့် ရောဂါအိုကိုင်းမသွားခင် ဆေးမြီးတိုလေးပဲ ဖြစ်ရဖြစ်ရ
လရောင်မွဲပြာကျနေတဲ့
စိတ္တဇကင်းဗတ်ပေါ်
အဝါရောင်ကဗျာတွေ ခြယ်သပေးချင်မိတယ် . . . ရှင်ရယ် . . . ။           ။

- -သွဲ့ဧပရယ်ကို- -


မှတ်ချက် ။      ။ လူဝတ်ကြောင်ဘဝက ကျွန်တော်နှင့် သေအတူရှင်မကွာ ခင်မင်ရင်နှီးခဲ့သည့် သူငယ်ချင်း ကိုသက်ထွန်း ( လှိုင်မဟာစည် ရာသက်ပန်ယောဂီ ) စွန့်ကြဲခဲ့သော စာအုပ်ထဲမှ ကူးယူဖော်ပြအပ်ပါသည် ။


#KLT
















Comments