“ ဧပရယ်မုန်းသူ”
၁၃၇၂ ၊ နှစ်ဆန်း (၁) ရက်နေ့
ဖယောင်းတိုင်ကို တရစပ်ဝါးစားနေတဲ့ မီးတောက်လေး . . . ကျွန်တော်စိုက်ငေးပြီး ကြည့်နေမိတယ် ။ ညဉ့်သန်းခေါင်ယံကို ရောက်ဖို့ကလဲ နာရီဝက်ပဲ လိုတော့တယ် ။ အမှောင်ထု ထဲမှာ မြို့တော်သူ ၊
မြို့တော်သား အပေါင်း လျောင်းမွေ့ အိပ်မောကျနေလောက်ပြီ ။
ဒါနောက်ဆုံးဖယောင်းတိုင်ပါ ။
နုနယ်တဲ့ အတွေ့အကြုံရယ် ၊ ဖြန့်ကျက်တွေးခေါ် နိုင်မှုဆိုင်ရာ အရည်အချင်းတို့
မရင့်သန်သေးခြင်းတို့ကြောင့် အချစ်နဲ့ပက်သက်လာရင် ရိုမန်းတစ်ဆန်ဆန် ကုန်ချောတွေ
ထုတ်လုပ်ချင်ပေမယ့် အခက်တွေ့နေလေရဲ့ ။ ဇာတ်လိုက်ကောင်လေးနဲ့ ကောင်မလေးခမျာ
မိဘတွေရဲ့ ငွေကြေးဂုဏ်ပကာဿနနဲ့ မာနတွေအားပြိုင်အနိုင်ကြဲပွဲကြီးထဲမှာ
နောက်ဆုံးမြေစာပင် ဖြစ်ရပြီး ကွဲကာသွားတဲ့နောက် . . . ၊
သူတို့ချင်းပြန်ဆုံနိုင်ဖို့ . . . ဒီကွင်းဆက်ကို ချိတ်ဖို့ ချိတ်တစ်ချောင်း ရှာမတွေ့တဲ့ အဆုံး ၊
ဖယောင်းတိုင်အရှုံးမခံတော့ဘဲ မီးငြိမ်းပြီးအမှောင်ထဲမှာ အတွေးဇာပဝါယက်သီရင်း
ဆေးပြင်းလိပ်ထိုင်ဖွာနေမိတယ် ။
မှောင်နေပေမယ့် ကျွန်တော့်ရှေ့မှာ ဘာတွေရှိတယ်ဆိုတာတော့ ကောင်းစွာသိရဲ့ ။ အဆုံး
မသတ်နိုင်သေးတဲ့ အပေါစားအချစ်ဝတ္ထုတစ်ပုဒ် ၊ မင်ပြတ်ခါနီးဘောလ်ပင်တစ်ချောင်း နဲ့ ဟိုတစ်စ ဒီတစ်စ
စာတိုပေစလေးတွေပဲပေါ့ ။ ဆေးပြင်းလိပ်တစ်ဖွာကို အဆုပ်ရဲ့နေရာလပ်မကျန်အောင် ရှိုက်ချလိုက်ပြီး
သက်ပြင်းတစ်ခုနဲ့အတူ အခိုးအငွေ့တွေအားလုံးကို စီလင်မျက်နှာကျက်ဆီသို့ ရောက်အောင်
မှုတ်ထုတ်ပစ်လိုက်တယ် ။
အထီးကျန်မှုရယ် ၊ ရည်မှန်းချက်ကို တစ်ထစ်ပြီးတစ်ထစ်ထုဆစ်ရင်း ခမ်းခြောက်စပြုနေတဲ့
ဘဝတစ်ခုရဲ့ပုံရိပ်ရယ်က မျက်နှာကျက်ဆီမှာ ပြေးကပ်လို့ပေါ့ ။
ကျွန်တော်အခုနေနေတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးက လေးထောင့်ကန်ရပ်ကွက် ထဲမှာပါ ။
အပေါ်ဆုံးထပ်ဆိုတော့ လေကောင်းလေသန့်လဲရတယ် ။ တိတ်လဲတိတ်ဆိတ်တယ်။
ဘေးကပ်ရပ် နှစ်ဘက်စလုံးမှာလဲ ကန်ထရိုက်တိုက်နှစ်လုံးရှိတယ် ။
ညတိုင်းပဲ အဲ့လို ခဏလေး အမှောင်ထဲမှာ ထိုင် ၊ ဟိုတွေးဒီတွေး ၊ ဘာမှတွေးမရတဲ့အဆုံး
ကုတင်ပေါ်မှာ ဘုံး ဆိုပြီး ခန္ဓာကိုယ်အတ္တဘောကြီးကို ပစ်ချလိုက်တာပါပဲ ။ ဒီလိုပုံစံမျိုးနဲ့ပဲ
လည်ပတ်လာနေခဲ့တာလေ ။
ခုလဲ အဲ့ဒီလို အိပ်ဖို့လုပ်မယ် ပြင်တုန်းပဲရှိသေးတယ် . . . နောက်ကျောဘက်ဆီကနေ Slide တံခါး
ဘီးချော်တဲ့အသံကြားလိုက်တယ် ။ ဒီကိစ္စက ဖြစ်နေကျမို့ ရိုးနေပါပြီ ။ ဒါပေမယ့် ထူးဆန်းတာက
တစ်ဘက်တိုက်ရဲ့ ကျွန်တော်နဲ့ဘေးချင်းကပ်အခန်းမှာ သင်္ကြန်မကျခင်ကတည်းက လူမရှိတာ
သေချာတယ် ။ မနေ့ညကလဲ မီးရောင်တွေဘာတွေ မမြင်မိဘူး ။ သူခိုးတွေ ဘာတွေများကပ်သလား ဆိုပြီး
စိုးရိမ်သွားမိတယ် ။
ဒါကြောင့်မို့ ဖယောင်းတိုင်ကို မီးညှိပြီး အသံလာရာ ပြတင်းဝဆီကို ကြီးစွာသောသတိနဲ့
တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့တယ် ။ ပြီးတော့ ကျွန်တော့် ပြတင်းတံခါးရဲ့ Ear Lock ကို ဖွင့်ပြီး
ဆွဲဖွင့်လိုက်မိတယ် ဆိုရင်ပဲ . . . ၊
လမင်းကြီး ဖြန့်ခင်းပေးထားတဲ့ ငွေရောင်အလင်းတန်းက ယမုန်နာ ၊ ရွှေအင်ကြင်း နဲ့ ထွင်းထုထားတဲ့
ယမင်းရုပ်လို နုထွေးသင်းမြနေမယ့် ပါးပြင်အိဖောင်းလေးနဲ့ အလှတရားတို့ရဲ့
အမြုတေကောက်ကြောင်းဖွဖွလေးတွေ ပိုင်စိုးမင်းမူထားတဲ့ နတ်တန်းခိုးရှင် ဘုရင်မတစ်ပါးကို ဝင်းခနဲ
ထင်းခနဲ မြင်သာအောင် ဆောင်ကျဉ်း ပေးခဲ့သည့် အလား . . . ။
အသံမပေး ဘာမပေးနဲ့ ကျွန်တော်က ‘ ဘာများကူညီပေးရမလဲ . . .’ လို့မေးလိုက်မိတယ်
။ စေတနာလှိုင်းတပိုးတွေက တာကျိုးပြီး တိုးဝင်လာခဲ့ပေသကိုးဗျ ။ ဒီတော့ သူမရဲ့ ဝိုင်းစက်နေတဲ့
မျက်ဝန်းလေးတစ်စုံနဲ့ ကျွန်တော့်ကို ပြူးကြည့်ပြီး ရင်ဘတ်ကိုဖိကာ ‘ အမလေး ’ ဆိုပြီး ထအော်ပါလေရော ။
ကျွန်တော်ကလဲ သောကြာသားပီပီ စကားဝင်စီပစ်လိုက်တာပေါ့ . . . ‘ အမေလေး ဟုတ်ပါဘူးဗျာ ၊
သက်ထွန်းပါ ’ ။
လန့်မယ်ဆိုလဲ လန့်လောက်ပါပေတယ်ဗျာ ။ အမှောင်ထဲ ဖယောင်းတိုင်ကြီးနဲ့ ၊ ဝတ်ထားတာ ကလဲ
တီရှပ်အနက် ၊ ပူလွန်းအိုက်လွန်းလို့ဆိုပြီး သက်သာအောင် သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပြီး ပါးကွပ်ပါ
ခပ်ထူထူလေး ကွပ်ထားလိုက်သေး ။ ဒီတော့ ‘အမေ’ နောက်က ‘ဂျမ်း’ မထည့်တာပဲ တော်လှပြီ ။
ဒါပေမယ့် သူမက အင်မတန် ယဉ်ကျေးရှာပါတယ် ။ ပြုတ်ထွက်နေတဲ့ အလူမီနီုယံ မှန်တံခါးကို
အုတ်ဘောင်ပေါ်တင်လိုက်ပြီး လက်ကမြဲအောင်ကိုင်ထားရင်း ၊ ကျွန်တော့်ကို သေချာကြည့်ပြီးမှ . . .
‘ အော် . . . ဆောရီးပါနော် . . . ရုတ်တရက်ဆိုတော့ ကျွန်မအရမ်းလန့်သွားလို့ပါ ၊ ဘယ်လိုမှ
မအောက်မေ့ပါနဲ့’ လို့ တောင်းပန်တယ် ။
ဒီလိုနဲ့ သူမအခန်းတွင်းကနေ ပြန်တပ်ဖို့မလွယ်တဲ့ တံခါးရွက်ကို ကျွန်တော်က ကြည်းဘောင်ထဲ
ဝင်အောင်တပ်ပေးခဲ့တယ် ။ ပြီးတော့ သူမက ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော့်ကို
အချိုရည်အေးအေးလေးဖျော်တိုက်တယ် ။ အဲဒီအချိန်မှာပဲ မီးကလဲ ပြန်လာတော့ ပြတင်းဝလေးနှစ်ခု
ကြားမှာ သာယာတဲ့လေပြေလေညှင်းလေးတွေ အပြန်အလှန်တိုက်ခတ်နေတယ် ဆိုပါတော့ဗျာ ။
‘ကျွန်တော့် နာမည်က သက်ထွန်းပါ’
‘ဟုတ်ကဲ့ . . . အစောက ပြောလိုက်သားပဲ’
‘အင်း . . . မှတ်ဉာဏ်တယ်ကောင်းတာပဲ. . . ပြောပါအုံး၊ အမိ နာမည်လေးလဲ’
‘ညီမ နာမည်က သွဲ့ဧပရယ်ကို ပါ . . . ကိုသက်ထွန်းကို တော့ ကိုသက်လို့ပဲ ခေါ်မယ်နော်’
သူမက ဧပရယ်ကိုမုန်းတယ် . . . ဒီဇင်ဘာကိုချစ်တယ်တဲ့ ။
ဒီဇင်ဘာရောက်တိုင်း နှင်းပွင့်လေးတွေက သူမရဲ့ပါးပြင်ကို လာနမ်းတဲ့အရသာကို
အရမ်းကြိုက်တယ်တဲ့ ။ နှင်းပွင့်လေး တွေကို စိတ်မဆိုးဘူးလို့ပြောရှာတယ် ။ ဒါပေမယ့်
အဖြူရောင်နှင်းပွင့်လေးတွေကို မြင့်တွေ့ခွင့်ရတော့ မှာ မဟုတ်ဘူးတဲ့ ။ ကျွန်တော်က-
‘ ဘာလဲ . . . ဒူဘိုင်းမှာ အလုပ်သွားလုပ်ဖို့ ဗီဇာကျလာလို့လား’ ဆိုပြီး အရွှန်းဖောက်လိုက်ရသေးတယ် ။
အဲ့လိုနောက်လိုက်တော့ မရီမကျဲ မျက်နှာပေးနဲ့ ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး
ချက်ချင်းမျက်နှာလွှဲကာ တိုက်နှစ်လုံးကြားကနေ တပိုင်းသာသာ လေးပဲ မြင်နေရတဲ့
ဖိုးလမင်းကြီးကို ငေးပြီး ပြောလိုက်ပုံက-
‘မဟုတ်ပါဘူး . . . ညီမလဲ သေချာမသိဘူး ၊ ဘယ်ကိုသွားရမယ် ဆိုတာ’ တဲ့ . . . ။
ကျွန်တော်လဲ ဘာတွေပြောနေမှန်းမသိတာနဲ့ စကားလမ်းကြောင်းလွှဲလိုက်တယ် ။ ကိုယ့်ဘ၀
ကိုယ့်အကြောင်းပေါ့ ။ ကျွန်တော်က စာရေးဆရာဖြစ်အောင် ကြိုးစားနေတဲ့အကြောင်း ၊ တစ်နေ့တစ်နေ့
စာဖတ်တဲ့အလုပ်ရယ် ၊ စာရေးတဲ့အလုပ်ရယ်နဲ့ပဲ အချိန်ကုန်နေရတဲ့အကြောင်း ၊ စာမူတွေကို
ဘယ်စာအုပ်တိုက်ကမှ အရေးတယူနဲ့မဖော်ပြပေးသေးတဲ့အကြောင်း အစရှိတဲ့ ကျွန်တော့်ဘဝရဲ့
ပစ္စုပ္ပန်ကာလအခြေအနေတွေကို ပြောပြတယ် ။
ပြောသမျှကို စိတ်ဝင်တစား နားထောင်ပြီးမှ သူမက မေးခွန်းတစ်ခုထုတ်လိုက်တယ် ။
‘ ကိုသက် ညီမနာမည်ကိုမေးတုန်းက ဘာလို့ အမိလို့ခေါ်တာလဲ’
‘ အော် . . . ဘာရယ်မဟုတ်ပါဘူး ၊ ဒီလိုပဲ ကျွန်တော်ဝတ္ထုတွေထဲက
မိန်းကလေးတွေကို ခေါ်ရင်း နှုတ်ကျိုးနေလို့ပါ မသွဲ့ဧပရယ်ကို မကြိုက်ရင် နောက်မခေါ်ပါဘူး’
အဲ့လိုပြောလိုက်တော့ သူမ မျက်နှာလေးမဲ့သွားပြီး-
‘ဟင့်အင် . . . ညီမက သိချင်လို့မေးတာပါ ၊ အဲ့လိုခေါ်တာကို ကြိုက်တယ် ၊ ညီမကို လဲ
ဝတ္ထုထဲက ကောင်မလေးလို့ပဲ သဘောထားရမယ်နော် ၊ ဒါနဲ့ ကိုသက်က ဘယ်လိုင်းတွေ အရေးများလဲ ၊
အချစ်ပဲလား ’
‘ဟုတ်တယ် . . . ကျွန်တော်က အချစ်ကို စာသားတွေထဲမှာပဲ
ရှာဖွေကြည့်နေတယ်ဆိုပါတော့၊ ကျောင်းတုန်းကတော့ ချစ်ကြည့်ဖူးခဲ့ပါတယ် ၊ ဒါပေမယ့် အချစ်ကို
အတွေ့အကြုံတစ်ခုလို ပလပ်စတစ်နှစ်လုံးသားထဲထည့်ပြီး စမ်းသပ်ကြည့်မိတဲ့ ကျွန်တော်နဲ့
အပျင်းပြေပေါ်ပင်အသစ်အသစ် တွေ ထည်လဲတွဲတတ်တဲ့ မိန်းကလေးတစ်ယောက်ကြားမှာ
အကွဲပြဲကြီးကြီးမားမား တစ်စုံမရာမှ မရှိဘဲ လမ်းခွဲလိုက်ကြတယ် ၊ မထူးဆန်းပါဘူး ’
ဒီတော့သူမက တစ်ခစ်ခစ်ရယ်ပြီး-
‘ သိတယ် ’ တဲ့ . . . ။
နာရီကို ကြည့်မိတော့ တစ်နာရီကျော်သွားပြီ ။ ဒီလိုနဲ့ သူမနဲ့ ကျွန်တော် အိပ်မက်လှလှ မက်ပါစေလို့
အပြန်အလှန်နှုတ်ဆက်ပြီး ပြတင်းတံခါးတွေ ပိတ်လိုက်ကြတယ် ။
၁၃၇၂ ၊ နှစ်ဆန်း (၂) ရက်နေ့
‘ဝါး . . .’
အပျင်းကြောတွေဆန့်ထုတ်ရင်း ရှည်လျှားစွာ သမ်းဝေလိုက်တဲ့ ကျွန်တော့်ရဲ့အသံ ။
မျက်လုံး တွေကိုပွတ်သပ်ရင်း ကုတင်ပေါ်ကဆင်း ၊ တွန့်ကြေနေတဲ့ အိပ်ရာခင်းကို သေသေသပ်သပ်မခေါက်
ချင်ခေါက်ချင်နဲ့ လုံးထွေးထားခဲ့ပြီး အလူးအလဲထလို့ ဝရံတာတံခါးဝဆီသို့ ထွက်လာခဲ့တယ် ။
နေမင်းကြီးက အလင်းဓါတ်တွေကို ဖြန့်ကျက်လျှက် ကြည်လင်နွေးထွေးနေတဲ့ မနက်ခင်း
အသစ်တစ်ခုကို မွေးဖွားသန့်စင်ပေးခဲ့တယ် ။ ရှင်သန်နေဆဲ ခန္ဓာများကို သယ်ဆောင်ပြီး နိဒ္ဓဓူ၀
အမှုကိစ္စတွေကို ရုန်းကန်ဖြေရှင်းဖို့ ချီတက်နေကြတဲ့ တက်ကြွခြေလှမ်းနဲ့ လူသားတွေကို ကြည့်ရင်း
စိတ်ကြည်နူးနေမိရဲ့ ။
ပေါ့ပါးနေတဲ့စိတ်ကို အလိုက်သင့်ဖြေလျှော့ရင်း လေထဲမှာ လွှတ်တင်နေမိချိန် အမှတ်ရမှု တစ်ခုက
ဝင်ရောက်လာခဲ့တယ် ။ မနေ့က ကောင်မလေး . . . ။ ဟုတ်ပ ။ အတိအကျပြောရရင်
မနေ့ညက ကောင်မလေး . . . ။
ဘေးချင်းကပ်တိုက်ရဲ့ ဘေးချင်းကပ်အခန်းကို ကြည့်လိုက်တော့ မှန်တံခါးတွေလဲပိတ်ထား ၊
ခန်စည်းလိုက်ကာတွေကလဲ ကျွန်တော့်ရဲ့ စိတ်ထွက်ပေါက်လေးတစ်ခုကို
ပိတ်ဆို့ကာရံထားလိုက် တော့တယ် ။
ဟိုစဉ်းစား ၊ ဒီစဉ်းစားလုပ်နေတုန်း ဖုန်းလာလို့ကြည့်လိုက်တော့
ကျွန်တော်မသိတဲ့နံပါတ်ကြီး ဖြစ်နေတာနဲ့ ‘ ဟဲလို . . . ပြောပါ ၊ ကျွန်တော်သက်ထွန်းပါ ၊ ဘယ်သူလဲမသိဘူး
’ လို့ တစ်ဖက်ကလူကို ပြောလိုက်တယ် ။ တစ်ဖက်က-
‘ကိုသက် . . . ညီမပါ ၊ သွဲ့ဧပရယ်ကိုပါ ၊ ဒီည . . . အကို နဲ့ အတူတူ သောက်ချင်တယ်
ဆိုဂျူနှစ်ပုလင်းနဲ့ ပင်လယ်စာအကင်ဝယ်ထားနော် ၊ ညီမ (၈) နာရီကျရင်လာခဲ့မယ်’
အဲ့ဒါပဲပြောပြီး ဖုန်းက ကျသွားတယ် ။
‘ဟိုက် . . . ခဏ . . . ဟဲလို ၊ ဟဲလို’
ကျွန်တော့်မှာ ဖုန်းကို ပါးစပ်နားတေ့ပြီး အော်ကာဟစ်ကာနဲ့ . . . ။ အဲ့ဒီတော့မှ သူမနဲ့ပက်သက်တဲ့
ကွက်ရှင်မတ်တွေက ခေါင်းထဲမှာ ပလုံစီထလာတော့တယ် ။ ဒီကိစ္စက ပေါ့သေးသေးတော့မဟုတ် ။
ကျွန်တော့်နဲ့ တစ်ခါလေးဆုံဖူးသေးတဲ့ မိန်းကလေးက အရက်အတူတူသောက်ဖို့ ဒိတ်တဲ့ကိစ္စ ။ တကယ့်ကို
ပဟေဠိတွေပါပဲလား ။
ဒီအခန်းက အဖေအရင်က အိမ်ငှားတင်ထားတဲ့ အခန်း ၊ အမေဆုံးပြီးတော့ အဖေကနောက်
အိမ်ထောင်ပြုခဲ့တယ် ၊ အဖေ့နောက်မိန်းမနဲ့ကျွန်တော် အဆင်ပြေပေမယ့်
သားအဖနှစ်ယောက်တည်း နေတဲ့အိမ်မှာ (ကျွန်တော့်အတွက်) သူစိမ်း တစ်ယောက်တိုးလာတော့
ဘာပဲဖြစ်ဖြစ် အရင်လိုပျော်စရာ မကောင်းတော့ဘူး ။ ဒီတော့ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ် ။
အဖေတို့လွတ်လွတ် လပ်လပ် နေနိုင်အောင်ကတစ်ကြောင်း ၊ နားအေးပါးအေးနဲ့
စာတွေပဲ ရေးနေချင်တာကတစ်ကြောင်း ၊ အိမ်ငှားတွေလဲ မရှိတော့တာနဲ့ ဒီအခန်းကို
ကျွန်တော်ပြောင်းလာခဲ့လိုက်တယ် ။
ဒီလိုနဲ့ လွန်ခဲ့တဲ့တစ်လခွဲကမှ ဒီမှာလာနေဖြစ်ခဲ့တယ် ။ ဒီရပ်ကွပ်နဲ့က စိမ်တော့ သင်္ကြန်တွင်း
တစ်ခုလုံးလဲ သူငယ်ချင်းတွေရှိတဲ့ ရန်ကင်းမှာပဲ သွားနေဖြစ်ခဲ့တယ် ။ မနေ့ကမှ ဒီကိုပြန်လာခဲ့တာ ။
သင်္ကြန်ကလဲ ပျော်ဖို့မကောင်း ၊ အင်းလျားလမ်းကလဲ ဒီနှစ်မှပိတ်လိုက်တယ် ။ အကြတ်နေ့တုန်းကလဲ
ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်လို့ လူတွေသေကြကြေကြနဲ့ . . .။
ဆိုဂျူနဲ့ ပင်လယ်စာထုပ်တွေ ဝယ်ဖို့ရှိတာနဲ့ ဂျန်းရှင်းဇဝနကို သွားခဲ့တယ် ။ ကျွန်တော်က
ဆိုဂျူကို ဇေယျဝတီလောက်တောင်မကြိုက်ပေါင် ။ ဒါပေမယ့် သူမက ဝယ်ဆိုတော့လဲ ဝယ်ရတော့ တာပေါ့ ။
ဆန်းတော့ အဆန်းသား ၊ သူမ ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်လိုများသွားပါလိမ့် ၊ ညတုန်းကလဲ
မပြောမိပါဘူး ။ ဧကန်တ . . . ။ ကိုယ့်အတွေးနဲ့ကို သွေးနားထင်ရောက်သွားမိခဲ့တယ် ။
အိမ်ပြန်ရောက်တော့ ကြော်စရာရှိတာကြော် ၊ ကင်စရာရှိတာကင်ပြီး ၊ မနေ့ကရေးလက်စ စာပိုဒ်ကို
ဆက်ပြီးရေးနေလိုက်တာ ၊ ဘယ်လောက်တောင် ဈ ာန်ဝင်သွားသလဲ မသိ ၊ တံခါးခေါက်သံ ကြားလို့ နာရီကို
ကြည့်လိုက်တော့မှ (၈) နာရီတိတိရှိပြီ ၊ ကျွန်တော်လဲ သူမလာပြီဆိုပြီး တံခါးကို ဖွင့်ပေးလိုက်တယ် ။
ဟုတ်တယ် ။ သူမ . . . ။
သူမက ပိတောက်ဖူးရောင်ဝမ်းဆက်နဲ့ ၊ ခေါင်းမှာလဲပိတောက်ပန်းလေး တစ်ခတ်ကို ထိုးထားတယ် ။
အိမ်ထဲကို ဝင်ဖို့ခေါ်လိုက်ပြီး ၊ ပန်းကန်ခွက်ယောက်တွေ ပြင်ဆင်လိုက်တယ် ။ သူမကတော့
ကျွန်တော့်စာကြည့်စားပွဲမှာ ထိုင်ရင်း ရေးလက်စတွေကို ဖတ်ကြည့်နေတယ် ။
‘ညီမ . . . ထမင်းစားပြီးပြီလား ၊ တစ်နေ့လုံးလဲမတွေ့ဘူး ’
‘ပြီးပြီ ၊ . . . ဒီလိုပါပဲ ၊ အလုပ်နဲနဲရှုပ်နေလို့ပါ ’
ဒီလိုနဲ့ပဲ . . . သောက်ရင်းစားရင်း ၊ ရောက်တတ်ရာရာ စကားတွေပြောနေခဲ့မိတယ်ဆိုပါတော့။
‘ညီမက ဘာနဲ့ကျောင်းပြီးတာလဲ ၊ အခုကော ၊ ဘာတွေလုပ်နေလဲ ၊ အလုပ်လုပ်ပြီလား ’
‘ညီမ မြန်မာစာနဲ့ပြီးတာ ၊ တက်ချင်ခဲ့တာကတော့ ကွန်ပျူတာ ၊ဒါပေမယ့် အမှတ်ကမမီခဲ့ဘူး၊ အခု C++ တက်နေတယ် ၊ Programming ပိုင်းကို ဝါသနာပါလို့ ၊ ကိုသက်ကရော’
‘အကိုက Eco ပါ ၊ ဒါပေမယ့် အချစ်ကိုတော့ ဈေးတွက်မတွက်တတ်သေးဘူး ။ ညီမကော’
‘ဟင် . . . ညီမက ဘာကိုဖြေရမှာလဲ’
‘နှလုံးသားရေးရာဆိုပါတော့ ’
‘အော် . . . ဒါလား၊ ညီမမှာ ချစ်နေရတဲ့ သူတစ်ယောက် ရှိတယ်။ တစ်ဖက်သက်ပေါ့ ’ (ရယ်မောလျက်)
သူမ အရှိန်အတော်ရနေပြီထင်ပါရဲ့ ။ အချိန်ကလဲ (၁၀) နာရီကျော်နေပြီ ဆိုတော့ သူမကို အိမ်ပြန်ဖို့
စကားစလိုက်တယ် ။ ‘ညီမ . . .ပြန်တော့မလား ၊ တော်ကြာအိမ်က စိတ်. . .’ စိတ်ပဲ ရှိသေး တယ် ၊
ကျွန်တော့်ကို အနမ်းပန်းခင်းကြီးထဲ ဂုတ်ကိုဆွဲလို့ခေါ်သွားခဲ့တယ် ။
နမ်းခြင်းသည် ချစ်ခြင်း၏ ရှေ့ပြေးတမန်တော်များ ဆိုသည်မှာ မှန်နေပြီလားမသိ ။ ချိုမြိန်တဲ့
အနမ်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်ကို သေချာမခွဲခြမ်း ၊ မစိတ်ဖြာနိုင်သေးပေမယ့် . . . သေချာတာတစ်ခုက
ကျွန်တော် သူမကို ချစ်မိသွားခဲ့ပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~
အကြင်နာအဝန်းအဝိုင်းထဲမှာ ပျော်ဝင်လို့ ၊ နာရီလက်တံရှည်ရဲ့ ဘယ်မှတ်တိုင်တွေအထိ
ဆိုက်ရောက်သွားခဲ့ပြီလဲမသိ ၊ ကြည်နူးစရာအပြည့်နဲ့ တစ်သက်တာအတွက် အခမ်းနားဆုံးညလေး
တစ်ညကိုကိုယ်တိုင်ထွန်ယက်ရင်း ၊သံယောဇဉ်နွယ်ပင်တွေက နှလုံးသားနှစ်ခုကိုရစ်ပတ်ခြုံလွှမ်းလို့ပေါ့ . . . ။
၁၃၇၂ ၊ နှစ်ဆန်း (၃) ရက်နေ့
နံနက်(၆)နာရီ ၊ နှိုးစက်မြည်မှ ကျွန်တော် အိပ်ရာကနိုးတယ် ။ သူမက ကုတင်ခြေရင်းမှာ ထိုင်ပြီး
တရှုံ့ရှုံ့နဲ့ငိုနေလေရဲ့ ။ ကျွန်တော် သူမကိုကြည့်ရင်း မရယ်မိအောင် စိတ်ကိုထိန်းထားရတယ်။
အနားကိုတိုးပြီး ပါးပြင်မို့မို့လေးပေါ်က မျက်ရည်စတွေကို ဖယ်ရှားပေးနေမိရဲ့ ။
‘ကိုယ်ညီမကို တကယ်ချစ်တာပါ ၊ ညီမက ဘာကိုစိုးရိမ်နေတာလဲ’
လို့ ဖြောင့်ဖျတဲ့ မေးခွန်းလေး မေးလိုက်တယ် ။
ဒီတော့ သူမက ကျွန်တော့်ကိုကြည့်တယ် ။ စာနာနားလည်တတ်ပြီး ညှို့အားပြင်းတဲ့
မျက်ဝန်းတစ်စုံနဲ့ပေါ့ ။ ပြီးတော့ ပြုံးလိုက်တယ် ။ လွတ်လပ်တဲ့အပြုံးတဲ့ အချိုဆုံးအနမ်းတစ်ပွင့်ကို လိုသလို
ဖန်ဆင်းနိုင်တဲ့ ပန်းနုရောင်နှုတ်ခမ်းလေးနဲ့ပေါ့ ။ သူမရဲ့ပုံရိပ်တွေအားလုံး ကျွန်တော့်
မျက်ကြည်လွှာကို ကျော်ဖြတ်လို့ ဦးနှောက်ရဲ့ အမြင့်ဆုံးမှတ်ဉာဏ်သိမ်းဆည်းရာ ဖိုင်ထဲကို
ဝင်ရောက်ညိတွယ်နေခဲ့ပါတော့တယ် ။
‘ကို . . . ပြန်အိပ်အုံးလေ ၊ ညီမ ရေချုးိပြီးရင် မနက်စာပြင်ပေးထားမယ်’
ကျွန်တော်ခေါင်းညှိတ်ပြပြီး ပြန်မှေးနေလိုက်မိတယ် . . . ။
Z z zzz! Z z zzz! Z z zzz! Z z zzz!
ကျွန်တော်ပြန်နိုးလာတော့ သူမမရှိတော့ဘူး ။ မီးဖိုခန်းက စားပွဲပေါ်မှာ အသင့်ရှိနေတာက
နံပြားထောပတ်သုပ် နဲ့ Aribica ကော်ဖီတစ်ခွက် . . .။ မနက်စာစားပြီး ပျင်းပျင်းရှိတာနဲ့ သူငယ်ချင်းတွေကို
ဖုန်းဆက်တယ် ။ (သူမဖုန်းကတော့ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေခဲ့တယ်) ။
သူတို့နဲ့ချိန်းထားတဲ့ ကိစ္စလေးရှိတာနဲ့ ဘောက်ထော်ထဲကို သွားခဲ့တယ် ။ ပြီးတော့ စမ်းချောင်းထဲက
ကျွန်တော့် အမဝမ်းကွဲ မလဲ့ဆီကို သွားခဲ့တယ် ။ မလဲ့က သူ့အိမ်မှာ သူငယ်ချင်းတွေစုပြီး
ကျွန်ပျူတာသင်တန်းလေးတစ်ခုဖွင့်ထားတယ် ။ သူကိုယ်တိုင်လဲ ဆရာမဖြစ်ဝင်သင်ပေးနေတယ် ။
ဒါကြောင့်မို့ သူ့ဆီရောက်တိုင်း ကျွန်တော်အမြဲ အဆူခံရတယ် ။ ‘နင်လဲ ဒီမှာ လာပြီးတက်ပါလား ၊
ဒီလောက်ပြောင်းလဲနေတဲ့ အိုင်တီခေတ်ကြီးထဲမှာ မလိုက်ပါနိုင်ရင် နင်နောက်ကောက်ကျ ကျန်ခဲ့လိမ့်မယ်’
ဆိုပြီးပြောတိုင်း ကျွန်တော်က ‘နေပါစေ မလဲ့ရာ ၊ ကျန်လဲကျန်ခဲ့ပါစေတော့ ၊ ကျွန်တော်မှ
အဲ့ဒါတွေဝါသနာမပါတာ’ လို့ လျှောက်လဲလေ့ရှိတယ် ။
မှန်ပါတယ် ။ ကျွန်တော့် အပေါင်းအသင်းတွေကလဲ ကျွန်တော်နဲ့ ဝါသနာတူ ၊ ရည်မှန်းချက်တူ၊
ခံယူချက်တူတဲ့သူတွေချည်းရယ် ။ မလဲ့က ဒီထက်ပိုပြီး တော်တဲ့၊ တတ်တဲ့၊ ထက်မြတ်တဲ့ (ဒါသူ့အမြင်ပါ)
မိတ်ဆွေ ၊ သူငယ်ချင်း ၊ အပေါင်းအသင်း ပတ်ဝန်းကျင်အသစ်နဲ့ ရင်းနီးဝင်ဆံ့စေချင်တယ်ထင်ပါရဲ့ ။
ထားပါတော့ ။
ကျွန်တော် မလဲ့ ဆီကို ပြုံးပြုံးပျော်ပျော်နဲ့ ရောက်ခဲ့ပေမယ့် . . .
ကျွန်တော့်အပြန်ခရီးဟာ နှလုံးသားတစ်ခုသေဆုံးခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ် ။
အမနဲ့တွေ့တော့ စကားနဲနဲပြောရင်း အမက တစ်စုံတစ်ခုကို သတိရပြီး-
‘ဟယ် . . . သက်ထွန်းရေ ၊ နင့်ကို ငါပြောဖို့ မေ့နေတာ ၊ ငါတို့သင်တန်းမှာ
တက်တဲ့ကောင်မလေးတစ်ယောက်လေ ၊ ဟို. . . အကြတ်နေ့ ဗုံးပေါက်တော့ . . . ’ လို့ပြောရင်း ၊ မလဲ့
မျက်ရည်တွေစီးကျလာတယ် ။ ပြီးမှ အားတင်းပြီး ဆက်ပြောတယ် . . .
‘ သက်ထွန်း . . . အဲ့မိန်းကလေးက ငါပြီးရင်နင့်ရဲ့ ဒုတိယမြောက် အမာခံပရိတ်သတ်ပဲ ၊ နင်က
ငါ့ကိုစာမူတွေပေးဖတ် ၊ တကယ်တမ်းပြောရင် ငါလဲ
ငါ့သင်တန်းကတစ်ဖက်ဆိုတော့ ပေးသမျှအကုန်တော့ သေချာမဖတ် နိုင်ပါဘူး ။ အချိန်လဲမရဘူး ။
သူကတော့ နင့်စာမူတွေကို ငါဆီက ငှားငှားသွားပြီး ဖတ်တယ် ။
အကြံပေးဝေဖန်စာလေးတွေလဲ ရေးပေးထားတယ်. . . ခဏငါသွားယူလိုက်မယ်’
မလဲ့အိမ်ထဲကို ဝင်သွားတော့ ကျွန်တော်လဲ မျက်ရည်ဝဲမိတယ် ။ တစ်ခါမှ မတွေ့ဖူး ၊ မဆုံဖူးတဲ့
ကျွန်တော့် ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး ၊ ဘုရား . . . ဘုရား ၊ သူဘာမှမဖြစ်ပါစေနဲ့ . . . ၊ မလဲ့
ဘာဆက်ပြောလဲ ၊ ကျွန်တော်နားထောင်ချင်လှပြီ ၊ ကြာလိုက်တာ . . . ။
မလဲ့ အိမ်ထဲကပြန်ထွက်လာတော့ ဖတ်ဖို့ ပေးထားတဲ့ ကျွန်တော့် စာမူတွေတစ်ထပ်ကြီး ကို
သယ်ချလာတယ် ။ ပြီးတော့ ကဗျာစာအုပ်လေး တစ်ခုပေးတယ် ။ မျက်နှာဖုံးပေါ်မှာ
‘မျက်နှာကျက်နှင့်စကားပြောသူ’ လို့ရေးထားတယ် ။ မလဲ့က ‘နင်ဖတ်ကြည့်ပါ . . . အဲ့ဒါ ဟိုလွန်ခဲ့တဲ့
တစ်ပတ်ကျော် သင်တန်းမပိတ်ခင်က သူလာပေးသွားတာ ၊ နင့်ကိုတွေ့ရင်ပေးပေးပါတဲ့ ’ . . . မလဲ့က
လက်ကိုင်ပဝါလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး ကျွန်တော့် ကို မျက်ရည်အဝိုင်းသားနဲ့
အသံမဲ့စကားကို ပြောတယ် ။ ‘နင် ဖတ်ကြည့်လိုက်ပါလား . . .မောင်လေး’ လို့ပေါ့ ။
ကျွန်တော် ပထမဆုံးစာမျက်နှာကို လှန်ကြည့်လိုက်တော့ မျက်နှာဖုံးပေါ်က စကားလုံးတွေအတိုင်းပဲ
ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို တွေ့တယ် ။ (ကလောင်နာမည်ကို သတိမထားမိပါ) ၊ နဲနဲထပ်လှန်ကြည့်တော့
စာရွက်လေးတစ်ခု ထွက်ကျလာတယ် ။ အထဲမှာ-
“ကိုသက်က အရမ်းရက်စက်တာပဲ ၊ ဘာလို့ ကောင်လေးနဲ့ ကောင်မလေးကို
ခွဲပစ်လိုက်ရတာလဲ ၊ Happy Ending လုပ်လိုက်တော့ရော ဘာဖြစ်မှာမို့လို့လဲ ၊
အဆင်ပြေရင်တော့ ပျော်စရာဇာတ်သိမ်းခန်းလေးမျိုးနဲ့ ပြန်ပြီးခံစား ဖတ်ရှုလိုပါတယ်. . . ။
ခင်မင်လေးစားလျက်
သွဲ့ဧပရယ်ကို’’
ကျွန်တော့်မျက်လုံးတွေ ပြာနှမ်းလို့ ။ တဆတ်ဆတ် တုန်ခါနေတဲ့ နှုတ်ခမ်းကို ကြိုးစားပြီး
တည်ငြိမ်အောင်လုပ်ရင်း လည်ချောင်းထဲက အသံကို အတင်းခြစ်ထုတ်လို့ -
‘သူ. . သူက ဘယ်မှာလဲ ၊သူ အခုဘယ်လိုနေလဲ ၊ အဲ့နေ့ က ဘာမှမဖြစ်ဘူးမှလား ’
မလဲ့က ကျွန်တော့်ကို သေချာစွာစိုက်ကြည့်ပြီးမှ-
‘သူနေတာက နင်တို့ရပ်ကွပ်ထဲမှာပဲ၊ ဒါပေမဲ့ . . သူပြန်လာနိုင်မှာမဟုတ်တော့ပါဘူးဟာ
တရားနဲ့ပဲဖြေပါ ၊နင်ရဲ့ မတော်လိုက်ရတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်အတွက်ပေါ့ သူ. .
. အဲ့ဒီနေ့က ပွဲခြင်းပြီးပဲ’
‘ဗျာ …’
အရာအားလုံး ဆိတ်သုဉ်းကျိုးပျက် . . . ။
……………………………………………………………………….......................................................
ဧပရယ်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် အရမ်းလှတဲ့ လမြတ်လေးတစ်ခုပါ ။
ဘာကြောင့်လှလဲ ဆိုတာကိုတော့ ပြောပြနေဖို့မလိုတော့ပါဘူး ။ အားလုံးသိကြပါတယ် ။ အဲဒီတော့
ဘယ်လိုဘဝအမောတွေပဲရှိပါစေ ၊ ဘယ်လိုမောဟ မာန်မာနတွေပဲ ရှိကြပါစေ ၊ မြန်မာ့ဓလေ့ ၊ မြန်မာ့
အလှနဲ့ ၊ မေတ္တာတရားတွေ ပြည့်ထုံကြိုင်သင်းနေတဲ့ အခါသမယ ၊ ဟောဒီ ဧပရယ်လလေးကို
ယဉ်ကျေးပျူငှာစွာနဲ့ ကြိုဆိုပြီး နှစ်စဉ်မပျက် ဆပွားတိုးလျက် ချစ်ကြပါစို့လို့ ဆန္ဒပြုရင်း ကျွန်တော်ကတော့
ဧပရယ်ကို ထာဝရ . . . လျက် ။ ။
- - - - - - - - - -
"မျက်နှာကျက်များနှင့် စကားပြောသူ"
လူတော့လူပဲ
ကျွန်မစိတ်ထဲ ဘယ်လိုစွဲမြဲ ထင်မှတ်နေမိလဲဆို
ရှင်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက မီးသင်္ဘောတစ်စင်းလိုလူ
သက်ပြင်းတွေ ရင့်ရင့်သီးသီး မှုတ်ထုတ်
လေမုတ်သုံ အဟုန်လူးတိုင်း လှုပ်ခတ်တဲ့ လှိုင်းကြပ်ခွပ်တွေပေါ်
ပျော်ပျော်ကြီး ခုတ်မောင်းနေသူ . . .
ရှင် မှိန်းစက်တဲ့အခါ
စကားစုတွေ ရှင့်အိပ်မက်ထဲ
သမာဓိဖွဲ့ ပျံဝဲနေမှာ ကျွန်မသိတယ်
ရင်ခုန်နှုန်းညှိ ကလိတိတိအကြည့်တွေကို
မျက်နှာလွှဲရဲတဲ့ ဗီတိုအာဏာ ရှင့်မှာမရှိပေမဲ့
ချက်ချင်းကုတ်ဖဲ့ခွဲခြမ်းပြီး
ဒါဝိတက်ကြောင့် တေဇောဓါတ်နှစ်ခုတိုက်မိတာလို့
ရှင့်ကိုယ်ရှင် သတိပေးတတ်တာ
ကျွန်မသိတယ် . . .
ရှင့် ပါးစပ်ကပြောတော့ သူမကို သိပ်မုန်းတယ်တဲ့
ပြီးတော့လဲ ရှင် . . .
လူမှုလျှပ်စီးကွန်ယက်ထဲ ပြေးပြေးပြီး
ပရိုဖိုင်ပုံလေးကို တိတ်တခိုးကြည့်နေတာ
နှလုံးသားရဲ့ ပုံရိပ်ဟာ ပါးစပ်ဖျားမှာ အရာမထင်နိုင်ပါဘူး
ကိုယ့်ကိုယ်ကို ညာနေရတာ ရှင် မပင်ပန်းဘူးလား . . .
ကင်မရာပေါက်ကနေ အရိပ်နဲ့အရောင်တွေ ချောင်းကြည့်သလို
သူမ နှလုံးသားကို ချောင်းကြည့်လို့ ရနိုင်ရင်ဆိုတဲ့ အတွေးမျိုးနဲ့
ယောက်ယက်ခတ်နေတာမြင်တိုင်း
ရယ်ချင်တဲ့ စိတ်ကို တုံ့ဆိုင်းမထားနိုင်ခဲ့ဘူး
ရှင့် ရောဂါအိုကိုင်းမသွားခင် ဆေးမြီးတိုလေးပဲ ဖြစ်ရဖြစ်ရ
လရောင်မွဲပြာကျနေတဲ့
စိတ္တဇကင်းဗတ်ပေါ်
အဝါရောင်ကဗျာတွေ ခြယ်သပေးချင်မိတယ် . . . ရှင်ရယ် . . . ။ ။
- -သွဲ့ဧပရယ်ကို- -
မှတ်ချက် ။ ။ လူဝတ်ကြောင်ဘဝက ကျွန်တော်နှင့် သေအတူရှင်မကွာ ခင်မင်ရင်နှီးခဲ့သည့် သူငယ်ချင်း ကိုသက်ထွန်း ( လှိုင်မဟာစည် ရာသက်ပန်ယောဂီ ) စွန့်ကြဲခဲ့သော စာအုပ်ထဲမှ ကူးယူဖော်ပြအပ်ပါသည် ။
#KLT

Comments
Post a Comment