“ကျွန်တော့်ရဲ့လေဟာနယ်(၂)”
ဂစ်တာနဲ့
တေးသွားလေးတစ်ပုဒ်စပ်ဖို့
ပြတ်ရွေ့ကြောတွေက ခြေမနားအထိရောက်လာ
နောက်ဆုံးတော့ ဟာနေတဲ့ စာရွက်ကိုငဲ့ကွက်
စကားလုံးချို့တဲ့မှုကိုပဲ တိုက်ဖျက်ပစ်ရတော့မယ် . . .
မနေ့ကဆို
ဒီနေ့ဟာ
ဒီနေ့လို အခင်းအကျင်းမျိုး
ဆောင်ကြဉ်းတိုးဝှေ့ ၀င်ရောက်လာနိုင်စရာ အကြောင်းမရှိ
တကယ်တမ်း တိတိပပမျက်နှာချင်းဆိုင်ရတော့
မှန်းသမျှလွဲ
သဲထဲကို ပုံကြမ်းလောင်းနေ့စွဲနဲ့
စကားလုံးအစိုင်အခဲတွေပဲ သွန်ထည့်လိုက်မိတယ် . . .
မနက်ဖြန်ကို ဆွဲနှုတ်လှန်ချိုးဖို့ ထိတ်ပြာနေတုန်း
ကိုယ့်နာမည်နဲ့ လိပ်စာတပ်ပြီးရောက်လာတာ
သိမ်ငယ်မှု ချိန်ကိုက်ဗုံးတစ်လုံးရယ်ပါ . . .
သုံးမကုန်နိုင်တဲ့ ဟန်ဆောင်မှုတွေထဲက
ရှုန်းထွက်ပြီးသားပဲ
ဒီလူငယ်ပြောတဲ့ ဖြောင့်ချက်မှာ နေရာတစ်ခုရှိရဲ့
မိန်းမတစ်ယောက်နဲ့
ပကာသနဆိုင်ရာ ဂုဏ်ဒြပ်တွေလည်းရှိရဲ့
မရိုးသားတဲ့ အငွေ့အသက်တွေလည်း
ရိုးသားစွားတည်ရှိနေရဲ့
ပုံရိပ်တွေစေစားရာ
လူတစ်ယောက်စာ အခေါင်းတံခါးလည်း ဖွင့်ထားတယ်
နှလုံးသားဆီပြန်ဟင်းတစ်ပွဲ
ကိုယ်ကျင့်တရားစွပ်ပြုတ်တစ်ခွက်နဲ့
ဘီးလူးမတစ်ကောင်အတွက် ပွဲတော်အုပ်တည်ပေးထားတယ်
မြိန်ရည်ရှက်ရည်သာ သုံးဆောင်ပါလေ . . .
စကားလုံးပလ္လင်ခံမှုတွေကလဲများ
ညှပ်ပူးညှပ်ပိတ်အနေအထားမှာ
စကားအမျှင်ဆက်ယူတော့
နွေလယ်အိပ်မက်က စက်တော်ခေါ်နေပြီ
ဖတ်ဖူးတဲ့ စာသားလို ‘ဓားမိုးပြီး တားချင်တား . . .’
ဟုတ်တယ် . . . ကိုယ်လဲဒီလိုလူစားပဲ
တံလျှပ်လို သွေးဆောင်ဖောက်ပြားမှုကင်းတဲ့
နေပူစပ်ခါးအောက်က ခွေးဝဲစားစိတ်ဓါတ်လို့
ဆိုချင်ဆို
ဟော . . . ဟိုပလက်ဖောင်းပေါ်မှာ
သီချင်းသံသဲ့သဲ့လွင့်ဝဲ
ပထ၀ီနိုင်ငံရေးမပါတဲ့ ဆွေးနွေးပွဲ
…အသည်းရှစ်စိတ်ခွဲတတ်တဲ့ မိန်းမမာယာ…
ဒီခေါင်းစဉ်နဲ့ ငယ်ကျိုးငယ်နာဖော်ရင်း
ယဉ်ကျေးမှုချင်း ဂဟေဆော်ဖို့
မှော်ဝင်ညကိုပါ အပါခေါ်ခဲ့ပြီ . . . ။ ။
(ကျော်လင်းထွန်း)


Comments
Post a Comment