“လွတ်နေသောထိုင်ခုံများ”



(PM 10:30)

အေး…ကောင်းပြီသူငယ်ချင်း

ည ၁၂နာရီကျော်ရင်

ငါ့ရဲ့လော့ဂျစ်ကယ်ဖုန်းကိုသုံးပြီး

တုန်ခါမဲ့ စကားလုံးတွေနဲ့

ငါ ဖုန်းဆက်လိုက်မယ် ။



(AM 12:11)

ဒီလို သူငယ်ချင်းရေ

မနက်က ရထားစီးဖို့ စောစောထတယ်လေ

ရန်ကုန်ကိုသွားမလို့ ၊

ငမိုးရိပ်ဘူတာရောက်တော့

ရထားပျောက်နေတယ်တဲ့

ဒီလိုနဲ့ ရပ်စောင့်ရင်း

မိုးတွေက ညို့တက်လာတယ်

စိတ်ရဲ့အလိုလျောက်လှုံ့ဆော်မှုနဲ့

လျှပ်တပြတ်ပဲ

လက်ကထီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း

အသင့်အနေအထား ပြင်ဆင်ထားလိုက်တယ်

ဒါပေမယ့် ငါ့ဝီရိယကို အသုံးမချလိုက်ရဘူး၊

မောင်မင်းကြီးသား(ရထား)က

ဆူးဆူးဝါးဝါး အော်မြည်ပြီး

ငါ့မြင်ကွင်းထဲကို တွားသွားဝင်ရောက်လာနေပြီလေ ။




ရထားပေါ်တက်ပြီးတော့

အလင်းဖျော့ဖျော့ပဲရတဲ့နေရာကို

ရွေးထိုင်လိုက်တယ် ၊

ဒီဂျပန်ရထားပေါ်မှာ

လူက တော်တော်ကျဲတယ်

ငါတက်တဲ့ တွဲမှာဆို

ဆယ်ရောက်တောင်မပြည့်ဘူး

ရထားဘီးတွေက ပျင်းကြောဆွဲသလို

တလိမ့်ချင်း စလှိမ့်တယ်

ကန်စွန်းခင်းတွေဘက် မူထားတဲ့ ငါ့မျက်နှာကို

ပုံမှန်နေသားတကျ ပြန်လှည့်လိုက်တော့

အင်္ကျီအ၀ါရောင် ၊ ဂျင်းထမီမိုးပြာရင့်ရောင်နဲ့

ကောင်မလေးတစ်ယောက်

ဆက်ကပ်ထဲကမြောက်လို

လှေခါးထစ်တွေကို ကျော်လွှားပြီး

ပေါ့ပေါ့ပါးပါး တွယ်တက်လာတာတွေ့လိုက်တယ် ။



လက်ထဲမှာလဲ ထမင်းဂျိုင့်နဲ့

ပြီးတော့ ထီးတစ်လက်နဲ့

ငါ့အတွက်တောင် အတော်ခက်မယ့်

ဒီလုပ်ရပ်ကို သူမ လုပ်ပြနိုင်ခဲ့တယ် ၊

ဒါစေ့ဆော်မှုမကင်းဘူး

ဒီမနက်ခင်းအတွက် ဒီရထားက

နောက်ဆုံးကျည်ဆံဖြစ်နေတာကိုး ၊

ဒီလိုနဲ့ပဲ မိုးဟာ

အတိုးနှုန်းကြီးကြီးမားမားပေးရတဲ့

အကြွေးကိုပြန်ဆပ်သလို

တစ်ခဏအတွင်း ပြိုဆင်းလာတယ် ။



ချွေးလေးတွေဆို့ပြီး

မခို့တရို့လှနေတဲ့ မျက်နှာလေးက

အလင်းဝေဆာတဲ့ နေရာကို

မူလိုက်တယ် ၊

ပြီးတော့ အပူအပင်ကင်းကင်းနဲ့

ရိုးရှင်းတဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ် ၊

ဒီချိန်မှာပဲ

စိုးရိမ်ကြောင့်ကြမှု အရိပ်တွေ

သူမမျက်နှာလေးပေါ်မှာ တစိမ့်စိမ့်

ပျံ့ပွားလာတာ

ငါသတိထားမိတယ် ၊

ချက်ချင်းဆိုသလိုပဲ သူမဟာ

ဒီအတွဲမှာ ဟာလာဟင်းလင်းပွင့်နေတဲ့

ပြတင်းဆလိုက်တံခါးတွေကို

တစ်ရွက်ပြီးတစ်ရွက် လိုက်ပိတ်နေတော့တယ် ၊

အဲဒီ အခိုက်အတန့်လေး

ငါဟာ မှင်သက်ငေးမျောလို့ ။



(AM 00:40)

ဒါပဲ သူငယ်ချင်းရေ
 

မင်းလည်း မနက်ဖြန်များစွာကို 

အလှတရားနဲ့ အသက်သွင်းနိုင်ပါစေ . . . ။            ။



(ကျော်လင်းထွန်း)

Comments