"သားရဲကွန်ကရစ်တော"

တစ်ခါက
ရန်ကုန်မဟုတ်တဲ့
အခြားမြို့တော်ကြီးတည်တော့
(၂၁) ရာစုရဲ့ ဆာလောင်မှုတွေနဲ့အညီ
အပျံစားဗိသုကာ ဒီဇိုင်းတွေနဲ့
မားကတ်အီကော်နော်မီအရ
ဈေးရောင်းဈေးဝယ်ဌာနအကြီးကြီးတွေ
ဆောက်ရတယ် မေမေ ....
.
ကျွန်တော်တို့ အရိုးစုလေးတွေ
ကမ္ဘာကိုခြေဖျားထောက်ရင်ပေါင်တန်းကြရင်း
ဓနိမိုးထရံကာ ဝါးတဲတွေထဲက ထွက်ခွာလာကြ
ကွန်ကရစ်တောင်ကြီးတွေပေါ်ကိုတက်ကြရင်း
ကွမ်းယာကို လောကဓံလို ဟားတိုက်ကိုက်ဝါး
ဘယ်ညာယိမ်းထိုး ရွေ့လျှားနေတဲ့
ဝါးငြမ်းရဲ့ အထွဋ် ထိပ်ဖျားမှာ
မျောက်တွေလို စစ်ခင်းခဲ့ရဖူးတာ အခါခါပေါ့ ....
.
မဆလာဒေဝီလေးတစ်ယောက်
အုတ်ပုံအောက်မှာ အသက်ပျောက်သွားတာလည်း
မျက်ဝါးထင်ထင်မြင်ခဲ့ဖူးတယ်
စတီးစထရက်ချာ လုပ်သားတစ်ယောက်
သံငြမ်းပြိုလို့ အိုင်ဗင့်ပိ သေသွားတာလည်း
မြင်ခဲ့ဖူးတယ် ....
.
ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း
ပေါက်နေတဲ့ဓါတ်ကြိုးကို ကိုင်မိတာ
ကာတိန်ဝေါဖရိန်ရဲ့ ခါးတန်းပိုက်ပေါ်
ပေါင်ကားပြီး ပြုတ်ကျသွားလို့
ဆေးစစ်ကြည့်တော့ မျိုးပွားဟိုမုန်းတွေ
အလုပ်လုပ်မလုပ်တော့ဘူး ....
.
သူအိမ်ထောင်ပြုရင်
ကလေးမရနိုင်တော့ဘူးဆိုပါတော့ မေမေ ....
.
ကျွန်တော်လည်း ကွန်ပိုးဆစ်ဖြတ်ရင်း
ကိုယ့်လက်မကိုယ် ဓါးနဲ့လှီးခဲ့မိဖူးရဲ့
နှင်းခညမှာ တစ်ဆစ်ဆစ်ကိုက်ခဲနေတာ
လမ်းလျှောက်လို့ရောက်နိုင်မယ့် ခရီးသာဆို
ပြန်ပြေးလာခဲ့မိမှာပဲ မေမေ ....
.
ဘေးကင်းလုံခြုံရေးသည် ပထမဆိုတဲ့ 
ဆိုင်းဘုတ်တွေက ဟန်ပြချိတ်ထားတာလေ
အင်ဂျင်နီယာဆိုတဲ့ လူတွေကလဲ
အောင်လက်မှတ်ပဲရှိတာ
တော်တော်များများက
ဆာဗေလိုက်တာတောင် ကိုယ်တွေသင်ပေးရတာ 
အောက်စိုက်ဆိုလား စိုက်သုံးလိုငွေတွေတော့
ကျွမ်းကျွမ်းကျင်ကျင်ပဲ
အထက်ကိုတင်ပြတတ်တယ် မေမေ ....
.
ဥပဒေဆိုတာက
စာအုပ်အထူကြီးတွေထဲမှာပဲရှိတယ်
ရှိနေတဲ့ စကားစုတိုင်းကလည်း
စစ်မှန်မျှတ ယျထာဘူတကျတဲ့
ဥပဒေတွေ ဖြစ်မနေပြန်ဘူး ....
.
ခုရှိနေတာတွေက
တခြားအသက်မွေးဝမ်းကြောင်းတွေလိုပဲ
အရင်းငွေများများကိုင်ထားနိုင်လေ
နိုင်ရာစား ဂုတ်သွေးစုတ်
အမြတ်ထုတ်နိုင်လေပဲ
လုပ်သားပြည်သူဘက်က မားမားရပ်မယ့်
ကွန်ကရစ်တောရဲ့ ဥပဒေသတွေ
သမာသမတ်ကျမှုတွေ
ရိုးရိုးစင်းစင်းပြောရရင်
ပြေငြိမ်းလို့မရတဲ့ လူတန်းစားရန်ဘက်
ပဋိပက္ခတွေအစား
အပြန်အလှန် စာနာမှုတရားတွေ ပွင့်ထွန်းဖို့
မျှော်လင့်တောင့်တမိဖူးတယ် မေမေ .... ။
.
#KLT










Silicone ဗရပွနဲ့




ညစ်ပတ်ပေလူးနေတဲ့ အင်္ကျီကို




အမြတ်တနိုးဝတ်ဆင်ခဲ့ဖူးတာပဲ




ဒါပေမယ့် ၊ . .




ရက်စက်တဲ့ Twelve mil မှန်တစ်ချပ်က




အလူမီနီယံနဲ့ ကျွန်တော့်ကို




တရားဝင် ကွာရှင်းပြတ်စဲစေခဲ့တယ် မေမေ . . .။ ။










(ကျော်လင်းထွန်း)

Comments