" သင့်ရဲ့ . . . ထာဝရ "

အိပ်မက်တွေက အပြင်းစားရူးသွပ်မှုအလား
ခံစားချက်နဲ့ ခံယူချက်က ဟိုယိုင်ဒီလှည့်
ပဲ့ကိုင်ရှင်မဲ့ ၊ သံမှိုမဲ့
နှောင်ကြိုးမဲ့ တေလေတစ်ယောက်ရဲ့
မရေရာမှုမှာ
ကဗျာကို ၀ိဂြိုလ်ပြုရင်း
ကမ္ဘာ့ပတ်လမ်းတစ်နေရာရောက်ဖို့
ခြောက်သွေ့မှုတွေတစ်ပုံတစ်ပင်
ထင်ရောင်မှားမိတဲ့ ပုံပြင်တွေထဲ
အယ်လ်ဂျာဒွဲရေ . . .
ကိုယ် လက်တွေ့ဘ၀နဲ့ လွန်ဆွဲနေမိဆဲပါ ။

သူငယ်ချင်းတွေနဲ့
လျှောက်ခဲ့ဖူးတဲ့ သဲသောင်ပြင်ပေါ်
ပျော်ခဲ့ဖူးတဲ့ တောင်တန်းတွေပေါ်
နောက်သွားရင် သူတို့ကိုယ့်ကိုခေါ်ဖို့
အစီအစဉ်မရှိတော့တာ
သိနေမှု ၊ မသိဟန်ဆောင်ရမှုနဲ့
မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကိုငဲ့ကွက်ရင်း
ခွင့်လွှတ်ခြင်းဟာ ဒွန်တွဲလို့
အယ်လ်ဂျာဒွဲရေ . . .
ကိုယ် ရောင့်ရဲနေဆဲပါ ။

ခရီးသွားစာပေတွေရဲ့ ခေါ်ဆောင်ရာ
မိုးကောင်းကင်ပြာပြာအောက်ဝယ်
နယ်တကာလှည့်  မြို့တကာသွား
ကမ္ဘာ့အစွန်အဖျားဒေသတွေအရောက်
ခြေရာဖျောက်ရင်း
အညတရတစ်ယောက်ဟာ
ကင်မရာမပါ ၊ ကျောပိုးအိတ်မပါ
ဒေါ်လာမပါ ၊ လက်ဗလာနဲ့
စိမ်းပ၀င်းလဲ့နေတဲ့ ကလပ်အတွင်းက
ညရိုင်းသဘင်ကို ဆင်နွှဲခဲ့ဖူးပေမယ့်
ဆပ်ပြီခေါင်ရည် သောက်ရင်း
မနောပွဲတော်အလယ်မှာ
မင်းနဲ့တွဲကပြီးပျော်ခဲ့ရတဲ့ ညလောက်တော့
ဘ၀အမောတွေ့ မပြေပျောက်နိုင်ဘူး ။

မြို့ပျက်သင်္ချိုင်းကို ကိုင်းကိုင်းဆွေ့ဆွေ့
လည်ပြန်လှည့်ကြည့်ရင်း
မြေပုံဆွဲနေတဲ့ တစ္ဆေတစ်ကောင်လို
ဆောင်းဦးလေဖရိုဖရဲ တသွဲ့သွဲ့နော့
နှင်းဖြူလွှလွှတွေကို ချော့မြူနေချိန်
လှောင်အိမ်ထဲက ချိုးငှက်ငယ်တစ်ကောင်
တောမြိုင်လျှိုရဲ့ချောင်တစ်ချောင်ကို
လွမ်းရှစိုက်ငေးနေမှာ
ကိုယ်တွေးမိပါတယ် ။

ထစ်ခနဲ့ဆို သွေးဆာနေတဲ့ လက်ညှိုးတွေက
ကွေးလိုက်ရမှ
တိတ်ဆိတ်မှုကို အကာအကွယ်ယူရင်း
အလင်းမဲ့တိုက်ပွဲရဲ့ ညှင်းပန်းသမျှ
ဆက်ပြီးလည်စင်းခံဖို့
အားအင်တွေကုန်ခမ်းနေတုန်း
နှလုံးရင်ဝကပျို့တက်လာတဲ့ ဓမ္မတေးဟာ
သဲ့တုန်ခါမော သေငယ်ဇောနဲ့
ဒေါသရှိုက်သံတွေပဲ ဖြစ်နေမှာလဲ ကိုယ်သိပါတယ် ။

အတိတ်မှာ ကျန်ရစ်ခဲ့ရပြီးသား
တောင်ယာသမားဆိုတဲ့ သတ်မှတ်ခေါ်တွင်မှုက
ခုတော့ . . . စစ်ဘေးဒုက္ခသည်တဲ့လား ၊
ဘာပဲဖြစ်ဖြစ်ပေါ့ . . . အယ်လ်ဂျာဒွဲရေ
မနက်ဖြန်တွေကိုတော့ အားလျှော့ပြီး
မျက်နှာမလွှဲပစ်လိုက်ပါနဲ့ ၊
အနာဂတ်ပြည်ထောင်စုရဲ့ရွှေပန်းချီဟာ
ဝေဆာပွင့်လန်းနေတဲ့ ပန်းခင်းကြီးပမာ
အရောင်အဆင်းထည်ဝါမှုနဲ့
လှိုင်မွှေးသင်းဖြာနေမယ့်ပုံရိပ်လွှာကို မြင်ယောင်ရင်း
အားတင်းထားပါကွယ် . . . ။               ။

ကျော်လင်းထွန်း

Comments