“ရေဒီယိုလေးရဲ့ဇာတ်လမ်း”

တစ်နေ့မှာပေါ့
 

ရေဒီယိုလေးနဲ့ ကျွန်တော် ရန်ဖြစ်ခဲ့ကြတယ်။
 

ပြန်တွေးကြည့်လိုက်ရင်
 

ရယ်စရာတော့အကောင်းသား
 

ရေဒီယိုလေးက
 

ကျွန်တော့်ကိုသီချင်းနဲ့အခြားအရာတွေပေးခဲ့ပြီး
 

ကျွန်တော်က
 

ရေဒီယိုလေးကိုအသက်ရှင်ခွင့်ပေးခဲ့တာလေ
 

ညတွေညတွေမှာ ကျွန်တော်တို့ အတူတူပေါ့
 

ဘယ်ကိုသွားကြမလဲ
 

ဘော်လကန် ကော့ကေးဆပ်နဲ့ အာဖရိကဦးချိုကနေ
 

ကရာချိရဲ့ ကော်ဇောစက်ရုံ
 

ဒေလီရဲ့ နောက်ဖေးလမ်းကြားနဲ့
 

နှုတ်ခမ်းနီ ထူထူဆိုးတတ်တဲ့
 

ဗန်ကောက်ရဲ့လမ်းမများထိ
 

ကျွန်တော်ရေဒီယိုလေးနဲ့အတူ စကားပြောတယ်
 

ရေဒီယိုလေးနဲ့အတူ အိပ်တယ်
 

ရေဒီယိုလေးနဲ့အတူ ခရီးသွားတယ်
 

ရေဒီယိုလေးဟာ ကျွန်တော့်ရဲ့နတ်သမီးလေးပေါ့။
 

မိတ်ဆွေ
 

ဘ၀မှာ ရေဒီယိုလေးတစ်လုံးလောက်ပိုင်ဆိုင်ဖို့
 

စိတ်ကူးယဉ်ခဲ့ဖူးပါသလား
 

ကျွန်တော်ဆိုလိုတာ ဒီလိုပါ
 

အဲဒီနေ့က
 

‘ဂျွန်လဲန်နွန်’ ရဲ့ ‘စိတ်ကူး’ သီချင်းနားထောင်နေတုန်း
 

အသံပြတ်တောက်သွားတဲ့အကြောင်းပါ ။ ။


 


အေးမင်းစော
 

[ရုပ်ရှင်တေးကဗျာ၊ ဇွန် ၁၉၉၇]







Comments