“ တစ်နေ၀င် . . . တစ်နေထွက် ”
ဝါညစ်ရိဆွေးနေတဲ့
သာမန်ညနေခင်းမျိုးပါပဲလေ
ယာယီသံသယတွေ
ဘေးချိတ်ထားရင်း
မြို့ပြရဲ့ ရှိမဲ့စု
အလှတရားကို
ပိတ်ကားမဲ့ တရွှပ်ရွှပ်
မျက်တောင်ခပ်ဖို့
မေ့နေတတ်တယ်
တစ်ခါတစ်လေတော့လည်း
မြို့ပြရယ်
ငါမင်းကို
နှုတ်ဆက်ခွဲခွာသွားချင်တယ်
ဒါပေမယ့် . . ငါဟာ
အခွံထည်တစ်ခု
ရိုးပြတ်မြက်ရိုင်းကြားက
စိုင်းထလာတဲ့ မြူထုပါ
ခြေလှမ်းတိုင်းတာမှု
သင်္ကေတနဲ့
မင်းရဲ့ ရောဂါဘယမှတ်တမ်း
ဒီထက်ကြမ်းရှတဲ့ မင်းရဲ့
အဆုပ်ဒိုင်ယာရီပေါ်က
နီကိုတင်းဂျီးညှော်တွေ
အလိပ်လိပ်ဖျော်ချပစ်ဖို့
ငါ့ကိုယ်ငါ မီးညှိပြီး
ဆပ်သချင်သေးတယ်
နီကြန်ကြန်မြို့ရိုးကို
ကြည့်ရင်း
နေ၀င်ဖျိုးဖျအထိ
ဂိမ်းဆိုင်တွေထဲက
ပြန်မလာကြသေးတဲ့
အနာဂတ်ပုံဆောင်ခဲတွေ
မြင်ယောင်မိတိုင်းလည်း
မျက်ရည်ဝဲမိပြန်ပေါ့
ဒီလိုနဲ့ပဲ
တိတ်ဆိတ်မှုကို
ဂျက်ထိုးမရတော့လို့
တံခါးဟာညကို
အဖော်ခေါ်ထားလိုက်ပြီ . . . ။ ။



Comments
Post a Comment