“မင်္ဂလာပါ . . နှစ်သစ်”
နှစ်သစ်အတွက် အချစ်စစ်စစ်ကို
ဆာလောင်ရင်း
ရိုးတွင်းချဉ်ဆီတွေက ရွတရွတနဲ့ဗျာ
ရင်ဘတ်ထဲက ဒလက်ကြီးလဲ
လည်တစ်ချက် မလည်တစ်ချက်နဲ့
လိုရမည်ရ စောင်ထားတတ်ခဲ့တဲ့ ပုဝါစ
မတော်ရသေးတဲ့ ချစ်သူ နဖူးပြင်လေးကိုမှ
မျှော်လင့်တောင့်တနေသလို
ကက်ကက်လန်ရန်တွေ့ သံလေးကိုမှ
ကြားချင်နေမိတဲ့ နားစည်ဝ လို
အော် . . ဘာလိုလိုနဲ့ နှင်းတွေတောင်
အိုခဲ့ပြန်ပြီပေါ့ . . .
ဘာလိုလိုနဲ့
လက်သည်းခွံတွေ အရောင်ဖျော့လာခဲ့တယ်
ဘာလိုလိုနဲ့
ကြီးနိုင်ငယ်ညှဉ်းမှုတွေလဲ
ထိုက်သင့်သလောက်
လျော့လာခဲ့တယ်
အေးလေဗျာ . . အရှင်လတ်လတ်
ဖောက်ထုတ်ခံရပြီး
ရဲရဲနီမောင်း ပွက်ပြခဲ့တဲ့
ရဟန်းရှင်လူ သွေးဗွက်တွေလဲ
ချောင်းဖြစ်မတတ်ကိုးဗျ . . .
အမျိုးကောင်းသား စစ်စစ်ဆိုတာ
စောင်တင်းတိမ်နဲ့ ချင်းအိမ်မှာ
နေသော်ငြား
ရောင်ဖျင်းသိမ်နဲ့ မြင်းပိန်ကို
ဇာတ်ကြိုးကိုင်ပြီး
အမှန်တရားအတွက်ဆို
သံချပ်ကာ ကားကိုလည်း စီးချင်းထိုးရဲရမယ်
သမိုင်းစစ်စစ်က ဒီလိုပဲပြဋ္ဌာန်းတယ်
တူသားမောင်မယ်တွေရဲ့
ကျောင်းသုံးစာအုပ်တွေထဲမှာတော့
အဲ့လို အကယ်ဒမီရှော့တွေ
ပျောက်ဆုံးနေဆဲပဲ . . .
ဘာလိုလိုနဲ့
တိုးညှင်းဆို့အက်လာတဲ့ အပေါင်းလက္ခဏာတွေ
ခေါင်းအုံးပေါ်မှာ အရည်ပျော်သွားတယ်
ဘာလိုလိုနဲ့
ရန်ကုန်မှာ အုန်းဆီနံ့မခံနိုင်တဲ့
မိန်းကလေးတွေ
တောင်လိုပုံလာတယ်
ဘေထုပ်လိုပုံလာတယ်
အုန်းဆီသံကြားရင် သေမယ့်ရုပ်တွေနဲ့
မြို့ဇနပုဒ်က ဒီ အညတရကိုတော့
အုန်းဆီတရားလာမဟောနဲ့
အဲ့ဒီ အီလက်စတစ် ကောင်းညှင်းဆိုင်းထုတ်ပေါ်
မအိပ်ရလည်းနေပေါ့
မေမေ့ပေါင်ပေါ်မှာပဲ ပြန်အိပ်တော့မယ် . .
.
ဘာလိုလိုနဲ့
အိမ်ကဘိုးတော်
ကုလားဆီမှာ ရေပြန်ဖော်ဖို့ စုထားတဲ့
ဂျာနယ်ပုံကြားထဲ
ဆေးသားပြယ်လွင့်စ ပြက္ခဒိန်ဟောင်းကို
ထိုးထည့်ထားလိုက်တယ်
အော် . . ဘာလိုလိုနဲ့
တစ်နှစ်ပြည့်ခဲ့ပြန်ပါပြီကော
မဆိုင်တော့ဘူး ဆိုပေသော်လည်း
ဘာလိုလိုပါ အချစ်ရယ်
လာလိုလိုလား ပြောကွယ် . . . ။ ။


Comments
Post a Comment