“ရင်နင့်အောင်စူး”



မိုးရနံ့က

အေးစက်ချမ်းစိုနေတဲ့

လေချိုတေးတစ်ပုဒ်နဲ့

ရောနှောလွင့်ပျံသီကျူး . . .



စိမ်းဖန့်ဖန့် ဗန္ဓာရွက်တွေက

လေတစ်ချက်ဝှေ့တိုင်း

မိုးရေစက်တွေကို လူးလွန့်ခါချ

အဲ့ဒီလို တစ်ဆင့်ခံပြန်ငိုပေးတဲ့

စာနာခြင်းရုက္ခတို့အောက်

မျက်ရည်တစ်ပေါက်ကို

ဖောက်ထုတ်ပစ်ခဲ့ဖူးတယ် . . .



ဝဿန်ရဲ့

ညှို့ချက်ပြင်းရှတဲ့ ၀တ်မှုံတွေကို

တိတ်တိတ်လေးခူး

ရင်ကိုတူးပြီး

စိုက်ပျိုးထားတယ် . . .



ငါ့ညနေခင်းတိုင်းမှာ

ငါ့ပန်းပင်ကို ငါရေလောင်း

တစ်ခုပဲတောင်းဆိုချင်ရဲ့

နှလုံးသားဥယျာဉ်ထဲမှာ ရှင်သန်လာတဲ့

ပထမဆုံးနှင်းဆီတစ်ပွင့်

နင့်ကေသာဦးမှာ

ပန်ဆင်ပေးခွင့်ပြုပါတော့ကွယ် . . .



ချိုးချေပစ်ဖို့သက်သက် ရည်ရွယ်ပြီး

မိုးသက်မုန်တိုင်းတွေနဲ့

တောင်ဖြို ရေလွှမ်း

အသက်ဆုံးခန်းရောက်အောင်လုပ်လည်း

မှိုင်းရင့်နီဆွေးနေတဲ့ ဒီပန်းကို

ငါကိုယ်တိုင်ထမ်းပြီး

ဧ၀ရတ်ထိပ်ဖျားအရောက်

လှမ်းလျှောက်လာခဲ့မယ် . . . ။          ။



ကျော်လင်းထွန်း

Comments