“ ဇန်န၀ါရီ မိုး ”
သတိရခြင်းတွေက အစိုးမရ
မနေ့က . . တစ်နေ့က . . ဟိုး တစ်နေ့က . .
.
ပြာသိုလ မိုးရေစက်တွေထဲ
အဖြူအစိမ်းလေးတွေ ရွှဲရွှဲစိုလို့
ရနံ့ . . . မြေငွေ့ပြန်သင်းနေတဲ့ ရနံ့
ဟော . . ဟိုမှာ
အလိုဗျာ . . သူရိယနေမင်း
ဦးမော့လင်းဖြာ
နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး လှံနဲ့ထိုး . . .
အံမယ် . . . ဘယ်ဆိုးလို့လဲ
ကလေးဘ၀ နှုတ်မှာဖွဖွ ရွတ်ခဲ့ရဖူးတဲ့
သံပေါက်ကဗျာလေး
ဒီနေ့မှ ဆိုက်ဆိုက်မြိုက်မြိုက်
အတွေးထဲမှာပေါ်
လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိရဲ့ . . .
သရက်ဖူးတွေ ကဆုန်ပေါက်ပြီး
ထွက်လာလိုက်တာ
တစ်ပင်လုံးဝါပြီ . . ၀ါလေပြီ
ဟော . . . ရေနွေးအိုးလည်း ဆူနေပြီ
ဒီမိုးရေနဲ့ ဖျော်တဲ့ ကော်ဖီခါးခါး
တစ်ကျိုက်လောက် သောက်ကြည့်ပါလား . . .
ချစ်သူရယ် . . . ။ ။
ကျော်လင်းထွန်း



Comments
Post a Comment