"မင် မပြတ်သ၍"
အဲဒီလိုပါပဲ
ငါတို့ဟာ ...
လတ်ဆတ်ဖို့ သင်ကြားနေလိုက်တာ
အပေါင်းလက္ခဏာ
ရုပ်သေအထူးပြုလုပ်ချက်
စေခိုင်းချက်တွေ မပါဘဲ
ဘဝကိုတဖဲ့ဖဲ့ ...
ထာဝရတစ်ပါးရဲ့ ဗိသုကာ အပြာရောင်စာရွက်
ငါတို့ နာခံတတ်လာတယ် .... ။
မိုးနှောင်းရက်စွဲတွေက
ခွဲခွာချိန်ပြ သင်္ကေတဖြစ်ခဲ့ ...
စက်တင်ဘာ ညနေခင်းတွေထဲ
လမ်းလျှောက်ထွက်လာ
အနမ်းမဲ့ခြေသံတွေရဲ့ ကွန်းခိုရာ
ဆေးလိပ်ပြာမှုန်တွေကြား
တကုပ်ကုပ်လှုပ်ရှားဆဲ
သစ်ခုတ်သမားလုပ်ဖို့လည်း
ငါတို့ဟာ မွေးကတည်းက စိတ်မပါခဲ့ဘူး .... ။
ပူးတွဲလိုင်စင်နဲ့ အစီရင်ခံစာတွေ
ရာထူးသစ်တီထွင်ခြင်း
တိုင်းမင်းကြီးရဲ့ အမှာစာတွေ
ချေပချက်နဲ့ အယူခံလွှာတွေ ...
ကဇော်ရည်တစ်စက်လောက်တောင်မှ
ငါတို့ဟာ အကဲမဖြတ်တတ် .... ။
အဲဒီလိုပါပဲ
ငါတို့ဟာ ...
တစ်ခါသုံးစိတ်ဓါတ်တွေရဲ့ အဝေးမှာ
အနာဂတ်ဘေးမဲ့ရိပ်မြုံအတွက်
အုတ်ကလေးတွေ တစ်ချပ်ပြီးတစ်ချပ်
စီနေရုံသာ .... ။ ။
#KLT_Boutsar



Comments
Post a Comment