“ နီယွန်သူရ - ၉ /၂၂ ”










 ငါက ၀ိညာဉ်ပါ
အညတရ ၀ိညာဉ်ပါ
မြင်နေရသမျှက အုတ်ဆွေးနီနဲ့
စီရရီတည်ထားတဲ့ တိုက်အိုတွေပဲ
စာဆိုတော်တွေ လက်မှိုင်ချ
ငေးမ၀ခဲ့တဲ့ တိုက်အိုတွေပဲ  . . .
မောင်းသူမဲ့ ဘတ်စ်ကား မှတ်တိုင်က
ခုံတန်းလျားတွေပေါ်မှာ
ပေကျံစေးကပ်နေတဲ့ သွေးတွေပဲ
ရေဆိုးမြောင်းတစ်လျှောက် အကွက်လိုက်
မျှောပါနေတဲ့ သွေးတွေပဲ . . .
ပြည်သူ့ရင်ပြင်တစ်ခုလုံးမှာလည်း လူသေကောင်တွေ
တောင်ကုန်းသဖွယ်စုပုံလို့
ပုပ်လှောင်အီလွန်းတဲ့ ဒီနေရာအရောက်
ငါလို ၀ိညာဉ်တောင်မှ
အောက်စီဂျင်မျက်နှာဖုံး ပြန်စွပ်ထားရတယ် . . .
ဆောင်းစေတမန်ရဲ့ နှင်းခညမှာ
အနီအောက်ရောင်ခြည်သုံး မှန်ပြောင်းထဲ
မြင်မြင်သမျှက
သုခနိဗ္ဗာန်ရောက်နေတဲ့အလား
ပျော်ပါးနေတဲ့ ၀ံပုလွေတွေပဲ . . .
ရှေ့ဘက်စူးစူးမှာ ရေခမ်းလို့
ငါးတွေဖျတ်ဖျတ်လူးနေတဲ့ မြစ်ကျဉ်းတစ်ခုရှိတယ်
မြေနုကျွန်းဖြစ်ခဲ့ဖွယ်ရှိတဲ့ နေရာတွေမှာ
ခုတော့ တောင်ကုန်းမို့မို့အသွင် သဏ္ဍာန်ဆောင်နေပြီ . . .
ဟိုး ရှေ့က
မီးကျွမ်းထားလို့ အင်္ဂတေအဖပ်လိုက်ကွာကျပြီး
ပြာနှမ်းမည်းညစ်နေတဲ့
ခေတ်သစ်စီးပွားရေးဗျူဟာ ကွပ်ကဲမှုဌာန
အဆောက်အအုံဟောင်းမှာ
စစ်ကြောရေးတပ်ခွဲက ရဲဘော်သုံးဦးရှိတယ် . . .
သူတို့လည်း ငါ့လိုပါပဲ
သက်ပျောက်ဆွမ်းကျွေးပြီးသား
ဦးနှောက်နဲ့နှလုံသားကို ဖောက်ထုတ်ခံခဲ့ရတယ်
စီလီကွန်လူသား ကိုယ်ထည်အတုထဲမှာ
အီလက်ထရွန်တွေနဲ့ ရှင်ပြန်ထမြောက်ခဲ့ရတယ် . . .
ငါ့ လက်တစ်ကမ်းမှာ
ယူရေနီယံသေနတ်တစ်လက်
တစ်နှစ်စာ ဘက်ထရီခြောက်တစ်ကဒ်
မနက်ဖြန် နေထွက်ရင်
ဒီလိုပဲ မြို့ကိုပတ်ပြီး လမ်းလျှောက်ရအုံးမယ်
ဒီနေ့အတွက် မှတ်စုကတော့ ဒီလောက်ပါပဲ . . . ။            

ကျော်လင်းထွန်း

Comments