“သြော် . . သြော်”
ကျနော် (၇)တန်းလောက်တော့
အောင်ဖူးချင်တယ်။ ကိုလိုနီခေတ်(ကျွန်) ပညာရေးစနစ်က (၇)တန်းမျိုးပါ။ အဲ့ဒါအောင်ဖူးချင်တယ်။ ဦးဗဂျီငို
(၁၈၉၇-၁၉၇၈)ကို အားကျလို့လေ။ အဲ့လို ပညာရေးစနစ်က အဲ့လို (၇)တန်းမျိုးလေး အောင်ရရင်သိပ်ကောင်းမှာပဲ။
ပညာမတတ်တော့ အတော်ဘေးကျပ်နံကျပ်နိုင်တယ်။
ခု ကျနော့် ပညာအရည်အချင်းက ဘာလဲ . . စာရေးတတ်ဖတ်တတ်ပေါ့။ အဲ့ဒါကိုတောင်မှ အချို့က အလိုမကျဘူးခင်ဗျာ။
ဒီကောင် ဒီအဆင့်နဲ့မတန်ဘူးဆိုပြီး ဆွဲချချင်ကြသေးတာ။ ဒါပေမဲ့ သူတို့ဘက်ကကြည့်ရင်လဲ
ခိုင်လုံတဲ့ အကြောင်းအချက်တွေက ရှိရင်ရှိမှာပါ။ ဘယ်လိုမျိုးတွေလဲဆိုတာ ဆက်ပြီးစဉ်းစား
ကြည့်မိတယ်။
ဟိုနေ့က ထမင်းဝိုင်းမှာ အမ
ပြောတဲ့ စကား အမှတ်ရမိတယ်။ သူ့အရင် အဲယားကွန်း ဆားဗစ်စင်တာမှာ စာရင်းကိုင်လုပ်တုန်းကလေ
. . ဘွဲ့ရစူပါဗိုက်ဆာက သူဆီပို့တဲ့ ဘောင်ချာတွေမှာ လက်ရေးလက်သားကလည်း ပဲပင်ပေါက်အညှောင့်ထွက်နေတဲ့
လက်ရေး ၊ ဈေးနှုန်းနေရာမှာလဲ ခြစ်ရာဖျက်ရာတွေနဲ့ . . ဒါမျိုးတွေ ခဏခဏကြုံရလို့ သူစိတ်ညစ်ရတဲ့
အကြောင်းပြောပြတယ်။
အဲဒီလိုဘွဲ့ရ ပညာတတ်တွေတောင်
စာပေမှာ ဖြစ်ကတတ်ဆန်းနိုင်လွန်းတဲ့ခေတ်ဆိုတော့လဲ ကျနော်ဝိဘတ်အထားအသိုမှားလို့ အဆဲခံရတာမျိုးက
ဘာမှအထူးခြားပါဘူး။ ခုနစကားကို နဲနဲချဲ့ကားပြီးတွေးကြည့်ချင်တယ်။
ဘွဲ့ရ၊ ပညာတတ်၊ စာပေ၊ ဖြစ်ကတတ်ဆန်း၊ . . ရာခိုင်နှုန်းဘယ်လောက်မှန်းတော့မသိဘူး။ စာကောင်းကောင်းမရေးတတ်တဲ့
ဘွဲ့ရတွေ ဒီခေတ်တော်တော်များနေတာ သေချာတယ်။
ကျနော်ဒီလိုပြောတာ နဲနဲအစွန်းရောက်တယ်ထင်ချင်ထင်မယ်။
ဟုတ်မှာပါ . . နဲနဲမကလဲ အများကြီးအစွန်းရောက်ရင် ရောက်သွားနိုင်ခြေရှိပါတယ်။ ကျနော်က
ပညာတတ်တဲ့ကောင်မှ မဟုတ်တာကိုး။ဒီတော့ အဆိုးမြင်လွန်းတယ်ပဲ ပြောပြော ၊ လေ့လာမှုမူကြမ်းတွေသိုးနေတယ်ပဲ
ဆိုဆို . . ဒီစာကို အပေါင်းလက္ခဏာဖြစ်ဖို့ လိုအပ်ချက်ရှိနေတဲ့ တိုင်းပြည်အလို့ငှာ ရေးသား
နေပါတယ်ဆိုတာက လွဲပြီး တခြားလျှောက်လဲစရာစကား ကျနော့်မှာမရှိပါ။
မဝေးလွန်းသေးတဲ့ အတိတ်ဆယ်စုနှစ်တစ်ခုစာလောက်ကိုပဲ
ပြန်ကြည့်ကြပါ။ (၉)တန်း၊ (၁၀)တန်းမှာရေးခဲ့ကြရတဲ့ မြန်မာစာ စာစီစာကုံးတွေ၊ အင်္ဂလိပ်စာ
အက်ဆေးတွေ၊ အဲ့ဒါတွေက တကယ်တမ်းတစ်နှစ်စာလုံးမှာ ကိုယ်တိုင်အစအဆုံးတွေးတောပြီး ဘယ်နှစ်ပုဒ်
ရေးခဲ့ကြဖူးမှာလဲ။ ကမ္ဘာမှာ သူများရေးပြီးသား အက်ဆေးကိုဖတ်တယ်ဆိုတာ အရင့်အရင် စာမေးပွဲတွေတုန်း
ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ အက်ဆေး တွေကို ဖတ်ခဲ့ကြတာမဟုတ်ဘူး။
ပြီးတော့လဲ (၉)တန်း ၊ (၁၀)တန်း ရောက်မှ ထ ဖတ်ကြတာမဟုတ်ဘူး။
ခေတ်အဆက်ဆက်က စာပေနယ်မှာ
သမိုင်းစိုက်ထူနိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်အသီးသီးရဲ့ စာကောင်း ပေမွန်တွေကို လေးတန်း၊ ငါးတန်းလောက်ကတည်းကစပြီး
ဆက်တိုက်ကို ဖတ်လာခဲ့ကြတာ။ နောက်ပြီး အခြားအခြားသော စာပေအမျိုးအစားပေါင်းစုံကိုလဲ အဲ့ဒီကျောင်းသား
ပိစိကွေးလေး အရွယ်မှာကတည်းက ဖတ်လာခဲ့ကြတယ်။
ဒီတိုင်းပြည်မှာတော့ဗျာ
. . လူကြားလို့မှမကောင်းပါဘူး။ စာစီစာကုံးကို စပေါ့ရိုက်ပြီး ကျက်သတဲ့။ ၀ါးလုံးရှည်နဲ့ယမ်းပြီး
သိမ်းကျုံးပြောဆိုခြင်းတော့လဲ မဟုတ်ပါ။ ချွင်းချက် ထားရမယ့် သူတွေတော့ရှိတာပေါ့။ ဘယ်လိုလူမျိုးတွေလဲဆိုတော့
စောနကပြောသလို ဟိုးငယ်စဉ်တောင်ကြေးကလေးဘ၀ကတည်းက စာပေါင်းစုံဖတ်လာပြီး စာစီစာကုံးကို
သေချာလေ့ကျင့်ရေးသားလာခဲ့ကြသူတွေပါ။ ဘယ်လောက်ပမာဏရှိနိုင်မလဲ (ဒီဆယ်နှစ် အတွင်းပေါ့)
ဆိုတာတော့ ကျနော်လဲ ပညာရေးဝန်ကြီးမဟုတ်တော့ မသိပါ။ ဒီနေရာမယ် တစ်ခုထပ်ပြီး စဉ်းစားစရာကောင်းတာက
ယခုလက်ရှိပညာရေးဝန်းကြီးရော သိပါသလား။
သိဖို့လို၏မလို၏ စဉ်းစားကြည့်ပါ။
အဲ့ဒီလောက် လျှောက်ပြီးတော့ အလုံးစုံကို ပညာရေးဝန်ကြီး တစ်ယောက်အနေနဲ့ သိနေဖို့တော့လဲ
မလိုပါဘူးလို့ သင်ဆိုမလား။ အိုကေ။ ကိုင်း . . ဒါဆို အဲဒီပညာရေးဝန်ကြီးအနေနဲ့ ကျနော်ပြောတဲ့
အချက်အလက်မျိုးကို သိချင်တဲ့စိတ်အား ထက်သန်မှုမျိုး သူ့ဦးနှောက်မှာ . . သူ့နှလုံးသားမှာ
ပေါ်၏ . . မပေါ်၏။
ထားပါတော့။ ပညာရေးဝန်ကြီး
ဘယ်သူလဲ ကျနော်မသိပါ . .(စိတ်လဲမ၀င်စားပါ)။ ပုဂ္ဂိုလ်ရေးအရ ထိပါးသလိုဖြစ်သွားတယ်ဆိုလဲ ဆောရီးကလွဲပြီ
ပြောဖို့စကားမရှိပါ။
နောက်တစ်ခု ကျနော်မြင်တာလေးက
ကျောင်းတွေမှာရှိနေကြတဲ့ မိဘဆရာအသင်းတွေ တကယ်ရော အလုပ်လုပ်ကြရဲ့လား။ လုပ်ရင်ရော .
. ဘယ်လိုအရာတွေကို အခြေခံ ၊ အစီအစဉ်ဆွဲပြီးတော့ လုပ်နေကြပါသလဲ။ ဒီနေရာမှာ တော်တော်လေး
အသဲနာစရာကောင်းတာက လူများစု၊ ပြည်သူလူထုကြီးတစ်ရပ်လုံးအားထားနေရတဲ့ ကျောင်းတွေမှာ
မိဘဆရာအသင်းတွေရဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးနေကြတာပါ။ မိဘတွေ . . ဆရာတွေအနေနဲ့ ကလေးတွေကို
ကျောင်းရောက်အောင်ပို့ရုံ ၊ သင်ရိုးကုန်အောင်သင်ပေးရုံ နဲ့ ရှေ့ဆက်သွားနေ မယ် ဆိုရင်တော့
မြန်မာပြည်ရဲ့ပညာရေးဟာ ဘယ်လိုမှ နာလံထူလာနိုင်စရာအကြောင်းမရှိပါ။
ဆရာတွေအနေနဲ့ မိမိကျောင်းရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက်
နိုင်ငံတကာမှာ ရှိတဲ့ မိဘဆရာအသင်းတွေရဲ့ ဖွဲ့စည်းတည်ထောင်ပုံတွေ ၊ လှုပ်ရှားမှုတွေကို
ဘယ်သူမှ လမ်းပြမပေးလဲ ကိုယ်ဘာသာလေ့လာကြည့်ရပါမယ်။ မိဘတွေအနေနဲ့လဲ ကိုယ့်သားသမီးကို
ကျောင်းရောက်ပြီးရော သဘောမျိုးမထားဘဲ မိမိတို့ကိုယ်တိုင်ကလဲ ကျောင်းကိုတတ်နိုင်သမျှ
ရောက်အောင်သွားပြီး မိဘဆရာအသင်းတွေမှာ တက်ညီလက်ညီလှုပ်ရှားကြရပါမယ်။ ကိုယ့်သားသမီးရဲ့
စာသင်နှစ်တွေ (၁၀နှစ်သော်၎င်း) ကုန်ဆုံးလို့ တက္ကသိုလ်ကျောင်းသား ဘ၀ကိုရောက်သွားခဲ့ရင်လဲ
မိမိတို့ကိုယ်တိုင်ကတော့ ဒီကျောင်းအတွက် တတ်အားသမျှ ကူညီဖေးမပေးနေသင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့လဲ
ကိုယ်တက်ခဲ့တဲ့ကျောင်းကို ဆရာကန်တော့ပွဲကျမှ လာတက်ရောက်တာမျိုးမဟုတ်ဘဲ အစဉ်သင့်သလို
အမြဲတမ်းဝင်ထွက် ပြီး အခြေခံပညာရေးဆိုတဲ့ လွန်စွာမှအရေးကြီးတဲ့ နိုင်ငံတစ်ခုရဲ့ရေသောက်မြစ်ကို
တတ်နိုင်သမျှ ပေါင်းသင်ရေလောင်းပေးသင့်ပါတယ်။
လွန်ခဲ့တဲ့ နှစ်လပတ်ဝန်းကျင်လောက်တုန်းက
ပုဂ္ဂလိကအခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းက ကလေးတွေ နေပြည်တော်မှာရှိတဲ့ လွှတ်တော်ကို
လေ့လာရေးခရီးသွားကြတဲ့ မြင်ကွင်း သတင်းထဲမှာ ဖျတ်ခနဲ တွေ့လိုက်ရတယ် . . . သြော် .
. သြော် ။
ဟုတ်ကဲ့ ၊ အဲ့ သြော် . . သြော် ၊ ကျနော်ခိုးထားတာပါ။ ဆရာကြီးဦးသုမောင်ရဲ့
သြော် . . သြော် ပါ။ သင်လဲကြားဖူးမှာပါ။ ကျနော်ကတော့ အဲ့လို သြော် . . သြော်ဆိုပြီးပဲ
မှင်သက် နေမိရဲ့။
ဘယ့်နှယ်ဗျာ . . အခြေခံပညာသင်ကျောင်းသားချင်းအတူတူ
၊ ဟောဒီရေ . . ဟောဒီမြေမှာ မွေးဖွားခဲ့သူခြင်း . . နေထိုင်နေသူခြင်းအတူတူကို . . တစ်လ
သိန်းဆယ်ဂဏန်း အကုန်ခံပြီး ကျောင်းထားနိုင်တဲ့ မိဘတွေရဲ့ ကလေးတွေကျတော့ လွှတ်တော်ကို
လေ့လာရေးခရီး သွားရတယ်။ သွားရောက်လေ့လာခွင့်ရခဲ့ကြတဲ့ ကလေးတွေ . . သူတို့လေးတွေရဲ့
အကြား၊ အမြင်၊ အသိပညာတွေ ပွင့်လန်းလာနိုင်တဲ့အတွက် ၀မ်းသာမိပေမဲ့ ကျနော်တို့လို ဆင်း
ရဲ သား တွေ ရဲ့ ကလေးတွေအတွက်ကျတော့ . . ကြေးဖလားနဲ့ ကြက်ချေးတုံးလားဗျာ. . . ။ ။
ကျော်လင်းထွန်း


Comments
Post a Comment