“လွတ်လပ်ခြင်း (၆၅) . . အမှတ်တမဲ့ (သို့) အမှတ်တရ”


ဘယ်လောက်လှလိုက်သလဲ . . အအေးဓါတ်ပေါ့ပေါ့နဲ့ ချစ်သော ဇန်န၀ါရီ . . သစ်လွင်ခြင်း တွေက ဟိုး . . . အထက်ဘ၀ဂ်အထိ ပေါက်ကွဲလွင့်ထွက်မတတ် . . စစ်မှန်တည်ကြည် လေးနက်တဲ့ မေတ္တာတရားတွေ . . သန့်ရှင်းလတ်ဆတ်တဲ့ အပြုံးတွေကို အသက်သွင်း . . သူရိယနေမင်းကြီးလည်း လင်းလင်းချင်းချင်းရှိရုံ နွေးထွေးရုံသာ အပူဒဏ်မပြင်းဘဲ စို့စို့ပို့ပို့ လောင်ကျွမ်း . . အသက်တစ်နှစ်ကြီးလာလေ အချိန်ဟာ ဇရာရဲ့ဝါးမျိုခြင်းခံရမှု ပိုမိုမြန်ဆန် လာသလိုလဲ ခံစားမိတယ် . . ဘာကြောင့်များပါလိမ့် . . သိမှုတွေများပြီး ပိုမိုရင့်ကျက်လာ လေလေ . . မသိမှုတွေ မရင့်ကျက်မတည်ငြိမ်နိုင်စွမ်းသေးတဲ့ အကြောင်းတရားတွေ ဘယ်လောက်တောင် ကျန်ရှိနေအုံးမလဲ . . မှန်းဆအကဲခက်နိုင်လာလို့လဲ ဖြစ်မယ် . . ဒီတော့ အချိန်တွေကုန်မှန်းမသိ ကုန်လွန်သွားတာ ဘာများဆန်းသလဲ . . ဘာမှမဆန်းပါ . . ဒါပေမယ့် လွတ်လပ်ခြင်းဆိုတဲ့ အရသာကတော့ လှေနံဓားထစ် ဆန်းသစ်နေအုန်းမှာပဲ . . မျက်မှောက် အမှုန်တွေထက် လွန်ခဲ့တဲ့ ရာစုနှစ်ထက်ဝက်ကျော်ကာလက အမှုန်တွေက လွတ်လပ်ခြင်းကို ပိုမိုငတ်မွတ်ခဲ့တောင့်တခဲ့ကြမယ် . . ဒီတွက်ဆမှုက မှားယွင်းချက်လဲ ရှိကောင်းရှိနိုင်မယ် . . သိုပေမယ့် မရဲသော်လဲ ပြေးခဲစေပေါ့ . . သူတို့ကပိုပြီး ငတ်မွတ်ခဲ့ကြလိမ့်မယ်လို့ ပြောကြည့် ချင်တယ် . . သဲတစ်ပွင့်နဲ့ အုတ်တစ်ခဲ မဖြစ်နိုင်ဘူးဆိုပြီး တာဝန်မဲ့ရှောင်ပြေး . . သောင်ပြင်မှာ လွတ်တဲ့ခွေးတွေကတော့ . . ဘေးထိုင် (ဘိုင်မကျ) ဘုတော . . ဆဲဟယ် ကိုက်ဟယ်နဲ့ ငါတကောတည်း ကောနေကြရဲ့ . . ပရော်ဆက်ဆာကို ထုခွဲကြည့်ရင် သဲတွေပဲ ထွက်ကျလာမယ့် အကြောင်းလဲ သိပုံမပေါ် . . ကြာဆေး ၊ ဘာဆေး ၊ ညာဆေး တွေတော့ ၀ယ်သောက် . . ၀ယ်လူး ၊ ကျုနဲ့ ဆွဲ . . ဆန့် . . . ခါးမှာချိတ်ထားတာ နဂါးငွေ့တန်းအတု . . မျိုးပွားဆဲလ်တွေတော့ မရှုမလှသေပွဲဝင်ကုန်တော့မှာပဲ . . . အဲ့လိုကောင်တွေက ရက်ကွက်ထဲ မှာ ချဲဒိုင်ထောင်တယ် . . ကြိတ်ဝိုင်းထောင်တယ် . . စားစရာကြီးရင် အိမ်အထိလိုက် ဟောင်တယ် . . လျော်စရာကြီးရင် ရက်ရှည်ခရီးထွက်တယ် . . လမ်းကြောင်းကျပ်ရင် နီးရာစခန်းမှုးအပါးပြေးကပ် . . ဘီယာတစ်ဂျားပြီးတစ်ဂျားငှဲ့ပေးရင်း အမြီးတနှံ့နှံ့နဲ့ ဖားတတ်တယ် . . . တောကတက်လာတဲ့ ပန်းငုံဖူးတွေကို မလေးရှားယောင်ယောင် ယိုးဒယား ယောင်ယောင် ခါးဖက်သွေးဆောင်မက်လုံးပြ . . နောက်တော့လဲ မထူးဇတ်ခင်းပြီး . . ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကြောင်းပညာရပ် . . ခရေပွင့်ဇာတ်သွင်းတယ် ၊ ခြင်ထောင် ဇတ်သွင်းတယ် . . . ညကြေးသုံးပုံတစ်ဝက်နဲ့ ဆက်ရှင်ကြေးထက်ဝက်ကိုလဲ စောက်ရှက်မရှိ ခေါင်းပုံဖြတ်တယ် . . အဲ့အကောင်မျိုးတွေသေရင် သည်းဘ၀င်အူလှိုက် ၀မ်းသာလိုက်ကြမယ့် ဖြစ်ခြင်း . . ဒါပေမယ့် ဘယ်သူကမှတော့ အရက်နဲ့မြည်းမှာ မဟုတ်ပါ . . . ၊ . . . ဒါက ဖြစ်ရပ်မှန် ပုံပြင်တွေထဲက တစ်ခုပေါ့ . . . လျှပ်စီးကွန်ယက်တွေထဲ အနာဂတ်ပြာမှုန်တွေ ဒီအချိန်ဆို ရင်ဘတ်ခြင်းကပ် လိမ်ယှက်ကခုန်နေကြလိမ့်မယ် . . နန်နိုနဲ့ တိုင်းဆနိုင်လောက် အောင် ကျစ်လျစ်ပျစ်ခဲ . . အက်တန်တစ်ခုရဲ့ မျက်ရည်ဟာ တခြားအက်တန်တစ်ခုရဲ့ ပါးပြင်ထက် စိုရွှဲစိမ့်မြနေချိန်မျိုးလဲ ဖြစ်ကောင်းဖြစ်မယ် . . . ၊ . . . ကျသင့်ငွေ အကျေရှင်းပြီး သွားတော့လဲ ဟန်လုပ်နှုတ်ဆက်ခြင်းနဲ့အတူ ကျောပြင်တစ်ခုရဲ့ ပုံရိပ်ဟာ ရမ္မက်တံခါးကို သူကိုယ်တိုင်ပဲ ပြန်လည်သော့ခတ် သိမ်းဆည်း . . . တစ်ခါတစ်လေလဲ လျှပ်တစ်ပြက် ပုံပြင်တွေက မေ့ဖျောက်ပစ်ဖို့ခက်ခဲတယ် . . . ၊ . . . မွန်မြတ်တဲ့ လွတ်လပ်ခြင်းက . . (၆၅)နှစ် တင်းတင်း ပြည့်ခဲ့ပြီ . . သင်ငတ်မွတ်တဲ့ သင့်ရဲ့ လွတ်မြောက်ခြင်းလဲ မနှေးအမြန် သင့်ထံရှေ့မှောက် ခစားရောက်ရှိလာနိုင်ပါစေ . .    ဇန်န၀ါရီမျက်ဝန်းချိုရေ . . . ။              ။

ကျော်လင်းထွန်း

Comments