“တက်(စ်)ကဒ် ညပ်ခြင်း”


နေ့တွေညတွေ . . . နှစ်တွေလတွေ
တကယ်ဆို ဘ၀တစ်ခုပိုင်ဆိုင်ခဲ့ခြင်းမှာ
ကိုယ်ပိုင်ဆန္ဒ တစ်စုံတစ်ရာ မပါခဲ့ရိုးအမှန်ပါ
သေပါစေလို့ မပြောမိပေမယ့် မရှင်သန်ချင်တော့တာ
နှစ်ပေါင်း (၂၀) ကျော်လာခဲ့ပြီ
ဘ၀ကို ကြိုးညှိတဲ့အခါ လျော့လွန်းရင်
ဘယ်လိုမှ နားဝင်မချိုနိုင်ဘူး
တင်းလွန်းပြန်ရင်လည်း
ရှမ်းချဉ်မပါတဲ့ မြီးရှည်နဲ့တူနေလိမ့်မယ်
ဒါပေမယ့်
ဒီလူငယ်ရဲ့ရင်ထဲက ဒြပ်မဲ့ရစ်သမ်ဟာ
အတက်အကျကြမ်းတမ်းမြန်ဆန်တဲ့ ဒီရေပမာပေါ့
တစ်ခါတစ်ရံ
လောကဓံနဲ့ စီမံခြယ်သထားတဲ့ ကမ်းမှာသောင်တင်
တွေ့ရာလူသားတိုင်းကို လက်ဆောင်ပေးဖို့
ဘောင်မ၀င် ကျင်တွယ်မကျတဲ့ အိပ်မက်တွေကို
ပေါင်းသတ်ဆေးမသုံးဘဲ ထွန်ယက်စိုက်ပျိုး
သက်လုံမကောင်းတဲ့ ပါဒတွေ ဖောက်အန်ထုတ်ပြ
မည်းပုပ်လာတဲ့ အဆုပ်က
သီချင်းတစ်ပုဒ်ဆိုနိုင်ရုံအင်အားနဲ့သာ ခုတ်မောင်း
ရိုးသားမှုချိန်ခွင်လျှာ ဈေးပေါင်ကျိုးခေတ်ကြီးထဲ
တိုးနေတဲ့ လေရိုင်းတွေကို လက်ကာပြရင်း
မလည်ရှုပ်မလုပ်တတ်သေးပေမဲ့
တဖြည်းဖြည်းချို့ငဲ့လာတဲ့ ၀ိသုဒ္ဓိလက်ကျန်
မနက်ဖြန်အတွက် မလောက်ငမှာလဲ ပူပန်နေရ
တော်ပါပြီလေ . . .
ဒီသာမြင်ညောင်ညတွေ ဖတ်ရတာ
သင်လဲ စိတ်ပျက်နေမှာပဲ
တစ်နေ့တော့လဲ သင်ပြောသလို
အားလုံး မီးခဲပြာပုံတွေပေါ့
ဟုတ်ပါတယ် . . .  ဘ၀ဆိုတာ
ကုလားဖန်ထိုးပြီးမှ ဝေတာယူရတဲ့
ဖဲဝိုင်းထဲက အိမ်တစ်လုံးပါ . . . ။             ။

ကျော်လင်းထွန်း



Comments