"ပျောက်ဆုံးခြင်း"


နေဝင်လိုက် ပြန်ထွက်လိုက်
ပက်ကြားအက်ကောင်းကင်နဲ့
ပြာဖျော့ဖျော့မြေပြင်ထက်
ဇောက်ထိုးရွေ့လျှားနေတဲ့ ဝိညာဉ်
ကြမ္မာငင်မြစ်ဝှမ်းမှာလဲ
မပေါ်တဲ့ခြေရာတွေက အထပ်လိုက်နဲ့
လည်ပတ်နေတဲ့ ရာသီခွင်ထဲ
အကြိမ်ကြိမ်အလီလီ ခရီးဆက်နေမိဆဲ
ဝမ်းနည်းမှုတွေ ပြည့်သိပ်တင်းခဲနေတဲ့
နှင်းသဲညရဲ့ရင်ခွင်မှာ
သူကိုယ်တိုင် နင်းလျှောက်ခဲ့တဲ့အရာ
သူဘာမှန်းမသိခဲ့ . . .



အရှေ့ဆီက နေမင်းကြီး လင်းပဝင်းဖြာပြီး ထွက်လာတယ်ဆိုရင်ပဲ နေ့သစ်တစ်ခုထဲမှာ
ပြန်လည်နိုးထ လာခဲ့ရပေါ့ ။

ငါ့ခန္ဓာကိုယ်က ရှည်လမျောကြီး . . .

စီးနေတဲ့ ချောင်းပေါ်မှာပဲ ခါးဆန့်လိုက်ရင်း မကြာခင်ပျောက်ကွယ်တော့မယ့် အရှေ့ဆီက
ကြယ်တစ်စင်းကို နှုတ်ဆက်လိုက်တယ် ။ ကွေးကွေးလေးအိပ်နေတဲ့ ဖိုးလမင်းကြီးကိုလဲ
လှမ်းနှိုးလိုက်တာပေါ့ ။ အဲ့ဒါငါ့ရဲ့ အစောဆုံး မနက်ခင်းကြည်နူးစရာတွေပဲလေ ။

ပန်းပွင့်လေးတွေလဲ အစီအရီပွင့်အာလို့ နိုးထလာကြပြီ ၊ လိပ်ပြာလေးတွေနဲ့အတူ
ပျားပိတုန်းတွေကလဲ နှင်းရည်စိုလူးနေတဲ့ ဝတ်မှုံတွေကို ခူးယူစားသုံးဖို့ငှာ အရောင်အသွေးစုံ
မွှေးထုံသင်းလန်း ပန်းခင်းကြီးဆီကို ဟိုမှသည်မှ လာနေကြရဲ့ ။

သစ်တောထဲ အိပ်စက်နေတဲ့ ငှက်တွေ ၊ ကားလမ်းနံဘေး သစ်ပင်ကြီးတွေရဲ့ အကိုင်းအခတ်နဲ့
အခေါင်းတွေထဲမှာ အိပ်စက်နေကြတဲ့ ငှက်တွေ ၊ မြောက်ဘက်စူးစူး တံငါရွာကြီးထဲက
သစ်လုံးအိမ်အမိုးတွေပေါ်မှာ အိပ်ပျော်နေကြရှာတဲ့ ငှက်တွေ . . . ၊ ထိုထိုသော ကျေးငှက်သာရကာ
အားလုံးတို့ကလဲ ကိုယ်စီကိုယ်စီ အသိုက်အမြုံအသီးသီးတို့ထဲကနေ လှုပ်လှုပ်ရွရွနဲ့
ခေါင်းပြူထွက်လာခဲ့ကြပေါ့။ ပြီးတော့ တေးသီချင်းတွေကို သံပြိုင်ဟစ်ကြူး ပျော်ပါးမြူးတူးနေကြတယ် ။
လတ်ဆတ်သင်းပျံ့နေတဲ့ အေးမြမှုနဲ့အတူ လေဟုန်စီးပျံဝဲရင်း သူတို့ရဲ့ နှလုံးအိမ်ထဲထိရောက်အောင်
နှင်းငွေ့ဝေတဲ့လေထုကြီးကို အားကုန်ရှုရှိုက်ပစ်လိုက်ကြတယ် ။

ငါ့ကို အတောင်ပံတွေ တဖျပ်ဖျပ်ခပ်ပြပြီးနှုတ်ဆက်လို့ တောင်ဘက်ယွန်းယွန်း ပြောင်းခင်းကြီးတွေ
ရှိရာဆီကို ထွက်ခွာသွားကြပြန်တယ် ။ ငါ့မြင်ကွင်းထဲ သူတို့လုံး၀ ပျောက်ကွယ်သွားကြသည် အထိ
ငေးကြည့်နေမိရဲ့ ။

ငါ သူတို့နဲ့ အတူလိုက်သွားပြီး အစာရှာထွက်ချင်မိတယ် . . . စာခြောက်ရုပ်ကြီးတွေကို
ပြောင်ပြပြီး နွားကြောင်းသားတွေရဲ့ လောက်စလုံးတွေကို ကွေ့ဝှိုက်ရှောင်ရှားမယ် . . .
သုဿန်တစပြင်ကို ရောက်ရင်ဖြင့် အပျံသင်ခါစ ငှက်ကလေးတွေကို ကြောက်မက်ဖွယ်
နတ်မိစ္ဆာငှက်ဆိုးကြီးပုံပြင် ပြောပြမယ်ပေါ့ . . . ။

ဒါပေမယ့် အဲ့ဒါတွေက ငါညတိုင်းမက်ဖြစ်ခဲ့တဲ့ အိပ်မက်အပိုင်းအစတွေပါ ၊
ငါ့အတွေးတွေကို ဘောင်ခတ်ပြီး တအိအိ ၊ တသွင်သွင် စီးဆင်းနေတဲ့ ဒီချောင်းကလေးကိုပဲ
အချိန်ပြည့် ကြည့်ငေးနေခဲ့ရတော့တာပေါ့ ။

ဟိုး . . . ချောင်းဝဆီကနေ တစ်စုံတစ်ရာ မျောပါလာခဲ့တယ် ၊ အနားရောက်လို့
သေချာကြည့်မိတော့ ဗေဒါ အလှဒေဝီမလေးပဲ . . . ၊ ချောင်းရေအလျင်ကို ငြိမ့်ငြိမ့်လေးစီးလို့ ၊
ငါက သူမကို မေးလိုက်တာပေါ့ . . . ‘ဘယ်နယ်က လာခဲ့သလဲ ၊ ဘယ်ခရီးကိုသွားမှာလဲ ၊
ငါ့နာမည်ကတော့ အရိပ် . . . လူသူလေးပါး ဖြတ်သွားဖြတ်လာတွေ အတွက် ဆောက်ထားတဲ့
တံတားရဲ့အရိပ်ဆိုတော့ တံတားရိပ်ပေါ့ . . . ’

ငါ့ရဲ့ ဖြစ်တည်မှု နှစ်ပရိစေတ ငါလဲ သေချာမမှတ်မိတော့ ၊ နင့်ထက်
အသက်ကြီးရင့်တယ်ဆိုတာတော့ သေချာတယ် ၊ ဒီတော့ ငါ့ကို ကိုအရိပ်လို့ခေါ်လိုက . . .
ခေါ်နိုင်တယ် ၊ ငါ့ . . . ’

အဲ့လို ငါ့ရဲ့ ပဋိသန္တာရ စကားတွေကို ခြွေလို့မှ မပြီးပြတ်နိုင်သေး . . သူမက
ကိုအရိပ် . . ကျွန်မကို ကယ်ပါရှင် . . . ဟိုး အရှေ့မှာ အင်မတန်မြင့်မားပြီး
ကျောက်နံရံတွေ ပေါများထူပြောတဲ့ ရေတံခွန်ကြီးတစ်ခုရှိတယ်တဲ့ . . .
အသူတရာနက်တဲ့ချောက်အလားပဲတဲ့ . . . ကျွန်မကို ကယ်ပါရှင် . . . ကိုအရိပ်မှ မကယ်ရင်
ကျွန်မ သေဖို့သာရှိပါတော့တယ်. . .’ လို့ မျက်ရည်စက်လက်နဲ့ သနားဖွယ်ရာ ပြောရှာတယ် ။

ဒီတော့ ငါက မေးတာပေါ့ . . ‘နင့်ကို ဘယ်သူပြောလဲဟ’ . . .

ဝါဝါပါ . . ဖိုးရွှေလိပ်ပြာ ဝါဝါပါ’ လို့ပြန်ဖြေတယ် ။

မရှိတဲ့နှုတ်ခမ်းကို ငါ တစ်ချက်တွန့်လိုက်ပြီး . . .

ငဝါ ဟုတ်စ . . . ဟင်း ၊ ဒီကောင်က အလားကားကောင်ဟ ၊ နင့်ကို စလိုက်တာ . . .

ဒါကိုနင်က အဟုတ်ကြီးမှတ်ပြီး ကြောက်နေသေးရဲ့ ၊ ငါပြောပြမယ် . . .

ဒီအတိုင်းဆက်သွားရင် လမ်းဆုံးမှာ စတုမဟာရာဇ် နတ်ပြည်က နတ်သမီးလေးတွေ
ရေလာချိုးကြတဲ့ နတ်ရေကန်ကြီး ရှိတယ် ၊ ကြာမျိုးငါးပါးနဲ့ ပြည့်စုံပြီး စိမ်းလဲ့သာယာလို့
ရောက်ဖူးသူတော်စဉ်ပင် ပြန်ဖို့ကိုမေ့ ပျော်စံမွေ့မယ့် ကန်ကြီးပါအေ . . . အဲ့မယ် နင်နဲ့
အမျိုးတူ ဗေဒါသူလေးတွေအောင် ရှိနိုင်အံ့ပ’ လို့ပြောလွှတ်လိုက်တယ် ။

ဗေဒါမလေးလဲ မြင်ကွင်းထဲက ပျောက်ရှလို့ . . .

အေးစက်သွားပြီဖြစ်တဲ့ သူမရဲ့ ဝမ်းသာခွန်းဆိုစကားသံချိုအေးတွေလဲ ငါ့နားထဲ
ကြားသည်လဲမဟုတ် ၊ မကြားသည်လဲမဟုတ် . . . ။ ရှေ့မှာ ဘာရှိတယ်ဆိုတာကို အမှန်တော့
ငါဘယ်လို သိနိုင်ပါ့အံ့နည်း ။ ငဝါဆိုသူလဲ ငါမသိ . . . မချိတင်ကဲနဲ့ ဘယ်လိုမှ
မကူညီနိုင်စွမ်းတဲ့အကြောင်း သွားပြောနေ ၊ ခမျာမှာ ဒီနေရာတွင်ပဲ ဘဝတစ်စခန်း
ဇာတ်သိမ်းညှိုးနွမ်းသွားနိုင်လေရဲ့ ၊ ဒီတော့ . . . မျှော်လင့်ချက်ဆိုတာ
အုန်းဆံချည်တစ်မျှင်လေးပဲဖြစ်ဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသင့်တာမျိုးမှလား . . . ၊

ဒီတော့ . . . ဒီတော့ . . . ။


မြင့်တက်လာတဲ့ သူရိယနေမင်းရဲ့ အလင်းဓါတ်နဲ့အတူ ငါ့သဏ္ဍာန်ကလဲ
ပုတိုတိုလုံးပြတ်ပြတ် ဖြစ်သွားခဲ့ပြီ ။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလဲ ဓါတ်ကြီးလေးသွယ်ဟာ
တွန်းဟယ်တိုက်ဟယ်နဲ့ ။ တံငါသမားတွေကလဲ လုပ်ငန်းခွင်ပြန်ဝင်ကြလေပြီ ၊
အာရုံတက်ဝေလီဝေလင်းအခါက ထောင်ထားတဲ့ ပိုက်ကွန်တွေကို ပြန်ဆယ်ယူကြတော့မယ် ။

ငါ့ ကိုယ်ပေါ်မှာ လူတွေလှေတွေနဲ့ . . . ။ ခါချလိုက်ချင်ပေမယ့် ပန်းချီကားတစ်ချပ်ရဲ့
ပုံရိပ်ပျက်ပြယ်သွားမှာစိုးတာနဲ့ အသာငြိမ်နေခဲ့ရပြန်ပေါ့ ။

မပြီးသေးဘူးလားဗျို့ . . . ပိုစ့်ပေးရတာ ညောင်းလှပြီ’

တံတားပေါ်က ကင်းဗတ်ရှေ့မှာရပ်ရင်း မြင်ကွင်းရဲ့အင်ပရက်ရှင်နာရီလက်တံ (၁၂)
ရောက်ဖို့ စောင့်စားနေတဲ့ ဒီပုဂ္ဂိုလ်ကြီးကတော့ ငါ အော်တာကြားနိုင်မယ်မထင် ၊
သူတော်တော် ခံစားသက်ဝင်နေရဲ့ ၊ ဟုတ်တယ် . . . သူ က အဲ့လိုပဲ ၊ ပန်းချီဆွဲနေရရင်
မယားမေ့ . . . သားမေ့ . . . ၊ ဆစ်ဖလစ်ရောဂါပါ မေ့နေတတ်တယ်လေ ။

စည်းသောင်ထက်မှာ ငါ့မေးရိုးကို အလျားလိုက်တင်ထားလိုက်မိတယ် ။
အားလွန်းလှတဲ့ ငါ့ အဖြစ်ဟ ဆိုပြီးလဲ ကိုယ့်ကိုယ်ကို သနလာခဲ့တာ ကြာမှကိုး ။

ရက်အထပ်ထပ် ၊ လအလီလီ . . . နှစ်တွေကို သီကုံးလိုက်ရင်လေ . . . ဂါဝန်ဖြူလေး
တလွင့်လွင့်နဲ့ ဈာန်ပျံ စံစားနေတဲ့ နတ်ဘုရားမလေးရဲ့ ပုတီးကုံးက
အလုံးအရေအတွက်လောက်ပင် ရှိရော့မယ်ထင့် ။

ငါ့ ဆန္ဒ ၊ ငါ့ ရဲ့ တောင့်တမှုလေး တစ်ခုရယ်ပါ . . . ၊ သွားလိုရာသွား . . .
နားလိုရာနားနိုင်တဲ့ ဝိညာဉ်လေး တစ်ခုပေါ့ . . . ငါ ဖြစ်ချင်မိတယ် ။

မြက်ခင်းပြင်ကြီးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ ခြေအစုံနဲ့ဦးတည်ရာမဲ့
လျှောက်သွားပစ်ချင်တယ် ၊ ပြေးလွှားကျက်စားနေတဲ့ မြင်းရိုင်းတွေ တွေ့ရင်လဲ
တက်စီးလိုက်မယ် ၊ ပင်လယ်ကမ်းပါး . . . ချောက်နံရံအစွန်း နားရောက်ရင်လဲ . . . ဟိုး
အောက်ကို တစ်ဟုန်ထိုးခုန်ဆင်း . . . ကမ်းခြေကျောက်ဆောင်တွေနားရောက်ခါနီးမှ . .
အသာအရှိန်လျှော့ချ . . ရှေ့မှာတွေနေရတဲ့ ပင်လယ်ပြင်ကြီးရဲ့ အလယ်ဗဟိုထိရောက်အောင်
ဦးမော့ပျံသန်း . . . ကမ္ဘာကုန်းမြေတိုက်ကြီးတစ်ခုကနေ တစ်ခုဆီ ဖြတ်သန်းခုတ်မောင်းနေတဲ့
သင်္ဘောကြီးတွေပေါ်က ကပွဲကြီးတွေထဲမှာ Tango ကကွက်ရိုင်းကို
လူသားအလှပဂေးမလေးတွေနဲ့ အတူတွဲကလို့ . . . ပြီးရင် သူတို့နဲ့ မိတ်သဟာရဖွဲ့ . . .
အထီးကျန်ချို့ငဲ့မှုရဲ့ ငိုရှိုက်သံတွေကို လုံး၀ တိုက်ဖျက်ချေမွပစ်လိုက်မယ် . . . အဲ့ဒီကနေ
သမုဒ္ဒရာချောက်နက်ကြီးထဲကို ငုပ်လျှိုး . . . ဟိုး . . . အောက်ဆုံးကို ရောက်ပြန်တော့
အဏ္ဏဝါမှင်စာလေးတွေနဲ့ မိတ်ဖွဲ့ . . . ပုလဲနဲ့ ကျောက်မြတ်ရတနာတွေ နိုင်သလောက်
တစ်ပွေ့တစ်ပိုက် သယ့်ယူလို့ . . ရေမျက်နှာပြင်ပေါ်ကို ပြန်တက် . . . လင်းပိုင်လေးတွေနဲ့
အတူ ရေပေါ်မှာ ဘွားခနဲ ဗွက်ခနဲ ပေါ်လာပြီး တောက်ပအလင်းတန်းတွေ
ဖြာထွက်သွားအောင် ကျောက်မျက်ရတနာတွေကို ကြဲပက်ပစ်လိုက်မယ် . . .
လောကတစ်ခွင်လုံးက သတ္တဝါအနန္တလဲ ငါ့လုပ်ရပ်ကြောင့် မျက်စိကျိန်းပြီး
ကြောက်လန့်သွားစေရမယ်ပေါ့ ။

ဒီလိုနဲ့ ပျံဝဲလာလိုက်တာ ကမ်းရိုးတန်းကြီးတွေရှိရာဆီ ပြန်ရောက်တော့ . . .
တောလမ်းလေးအတိုင်း လျှောက်သွားမယ်. . . ဆင်ကြီးတွေပေါ်တက်စီးမယ် . . .
ကျားကြီးတွေလိုက်ရင် ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးမယ် ၊
ပြေးရင်းလွှားရင်းနဲ့ ရေခဲမြစ်ကြီးတွေဆီရောက်တဲ့ အခါ ရေခဲဖုံး တောင်ကြီးတွေပေါ်
ဆက်တက်မယ် ၊ နောက်ဆုံး . . . အပြာရောင်ကောင်းကင်ရဲ့ အနားသတ်မျဉ်းထိတိုင်
ရောက်အောင်တက်သွားကြည့်မယ် . . . ‘တက်နိုင်ဖျားရောက်’ ဆောင်ပုဒ်နဲ့အတူ ၊
ကောင်းကင်ဘုံမှာ ငါ့ အတွက် အိမ်တစ်လုံး ရှိနှင့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့ . . . ။

ဟာ . . . ဒီနေ့အဖို့တော့ ပွပြီဟေ့ . . . နည်းတဲ့ ငါးရွေးကြီးလား . . . ၊

အချိန်စီးလိုက်မယ့်ဖြစ်ခြင်း ဟိတ်ကောင် သာအေး . . လုပ်လေကွာ ၊ ဘာငိုင်နေတာလဲ . . .

ကွန်ကိုဆွဲ ၊ . . . ၊ ဟာ . . . အားထည့်စမ်းပါ မင်း ယောင်္ကျားမဟုတ်တဲ့ အတိုင်း . . . ငါ

လခွီးပဲ . . .’


တံငါသမားတွေရဲ့ အော်ကြီးဟစ်ကျယ်ပြောဆိုသံတွေ . . . သူတို့ဖျက်စီးပစ်လိုက်တာနဲ့ . . .
ကိုယ်တိုင် ဖန်တီးပြီး မက်နေရတဲ့ . . အိပ်မက်လေးတောင် ကြက်ပျောက်ငှက်ပျောက် . . . ။

ဒီချိန်မှာပဲ . . ငါဟာ ဆုံးဖြစ်ချက်တစ်ခုကို ချဖြစ်ခဲ့တယ် ၊ တော်ပြီ . . . အရမ်းကို
စိတ်ကုန်သွားပြီ ၊ ငါအရိပ်လုံးဝမလုပ်တော့ဘူး . . . ငါ ရအောင်ရုန်းမယ် ၊ ငါ
မဖြစ်ဖြစ်တဲ့နည်းနဲ့ ရုန်းမယ် . . . ၊ ရအောင်ကို ရုန်းထွက်ကြည့်မယ် . . . ၊ ဒီတံတားနဲ့
အဝေးဆုံး . . . ဟောဒီချောင်းနဲ့ အဝေးဆုံးကို ငါ ထွက်ပြေးတော့မယ် လို့
ယတိပြတ်သန္ဓိဋ္ဌာန်ချမှတ်လိုက်တယ် ။

နေလုံးကြီး ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် . . ငါ ထွက်ပြေးခဲ့တယ် ။
ဘယ်သူ့ကိုမှလဲ မနှုတ်ဆက်ခဲ့ဘူး ။ အရာအားလုံးကို ကျောခိုင်းပြီး . . .
အမှောင်သာကြီးစိုးနေတဲ့ ညရဲ့ခလယ်ခေါင်မှာ ကြီးစွာသော အလျင်တစ်ခုနဲ့
ဒုန်စိုင်းပြေးလွှားနေတယ် ။ ဘယ်ကို ဦးတည်နေသလဲတော့ဖြင့် ငါ့ ကိုယ်ငါ့ သေချာမသိ . . . ။

ဆွေးရိမောဟိုက်လာတဲ့ ခံစားမှုနဲ့အတူ ဆက်လက်ရွေ့လျှားလာခဲ့ရင်း ရုတ်တစ်ရက်
တစ်စုံတစ်ရာကို တက်တိုက်ခဲ့မိတယ် ၊ ပြီးတဲ့နောက် . . . ငါ အရင်က မအိပ်စက်ခဲ့ဖူးတဲ့
အိပ်ပျော်မှုမျိုးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့တယ် . . . ထင်ပါရဲ့ ။


အား . . . ပူလိုက်တာ’ . . . ငါ ညည်းတွားပြီး ၊ နိုးထလာခဲ့တာ . . . ၊
ဝိုးတဝါးမြင်ကွင်းက ငါ့ရဲ့ မရှိတဲ့ သွေးတွေကို ပျက်ပြားသွားစေခဲ့တယ် . . ။ တံလျှပ်ထနေတဲ့
အပူတေဇောဓါတ်တွေ အပြည့်နဲ့ . . အဆုံးအစမဲ့ မြေပြင်ကြီး ၊ ဘာတွေဖြစ်ကုန်ပြီလဲ . . ၊
ငါမသိတော့ . . . ၊ ပတ်ဝန်းကျင်ရဲ့ အသွင်အပြင်ကို လေ့လာအကဲခတ် ကြည့်တဲ့အခါ . . .
သေချာပါတယ် ၊ ဒါ ကန္တာရကြီးတစ်ခုပဲ ။


ငါ ထပြီးလမ်းလျှောက်ကြည့်ဖို့ ကြိုးစားတယ် . . . ၊ ဘယ်လို့ ငါ့ စိတ်က
ရည်စူးလိုက်ပေမယ့် တကယ်ကွေ့သွားတာ ညာဘက် ၊ မြေပြင်နဲ့ ပိုနီးကပ်ဖို့
ရည်စူးလိုက်ပြန်တော့ ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ် ။ အတော်တော့
ထိန်းကြောင်းရခက်တဲ့ . . . ဖြစ်တည်မှုပဲလို့ ငါ နားလည်လိုက်တယ် ။ ငါ ပျော်၏ . . . မပျော်၏
. . စဉ်းစားဖို့အချိန်မရှိ ၊ ပူလောင်မှုနဲ့အတိပြီးတဲ့ ဒီနေရာက အမြန်ဆုံးစွန့်ခွာနိုင်အောင်ပဲ
ကြိုးစားနေမိပြန်ရဲ့ ။


ဒီလိုနဲ့ ဆက်ပြီးလမ်းလျှောက်နေမိတာပေါ့ . . အတွေးတွေနဲ့လမ်းလျှောက်တယ် ၊
မရှိတဲ့ မျက်လုံးကို မှိတ်ထားပြီး လမ်းလျှောက်တယ် . . . ။

ပုတီးကုံးလေးတွေ . . . ဘယ်နှစ်ကုံးသီဖြစ်ခဲ့ပြီလဲတောင်မသိတော့ပါ ၊ ငါ့
မိတ်ဆွေတွေဖြစ်ကြတဲ့ တံတားလေးရယ် ၊ ငှက်ကလေးတွေရယ် ၊ ချောင်းကလေးနဲ့
တံငါရွာလေးရယ် ၊ လိပ်ပြာလေးတွေရယ် ၊ ရွက်လှေတွေရယ် ၊ နေ့စဉ်နဲ့အမျှ
တံတားထက်ကနေ ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ လူသားတွေရယ် ၊ ငါ ဘယ်တော့များမှ
ပြန်မြင်တွေ့ရပါ့မလဲ ၊ အခု ငါ တစ်ယောက်တည်း . . . တကယ်ကို တစ်ယောက်တည်းပါ ၊
မင်းတို့ငါ့ကို သတိမှရကြပါလေစ . . . ။

အခု ငါ့ အဖြစ်ဟာ တစ်ရံရောအခါက တံတားလေးပေါ်
ညဘက်ကြီးဖြတ်ကျော်သွားဖူးတဲ့ ကောင်လေးတစ်ယောက်ဆိုတဲ့ သီချင်းလိုပါပဲလား . . .
အဲဒီသီချင်းလေးတစ်ပုဒ်ကို မရှိတဲ့နားနဲ့ ပြန်ကြားနားထောင်ပြီး ၊ မရှိတဲ့ နှလုံးသားနဲ့
ခံစားနေမိတော့တယ် . . . ၊


I walk alone
I walk alone
My shadow’s the only one that walks beside me
My shadow heart’s the only thing that’s beating
Sometimes I wish someone up there will find me
Till then I walk alone *

ငါ့မှာတော့ . . . သူ့လိုမျိုး အထီးကျန်လမ်းလျှောက်ရတာ အရိပ်ကလေးတောင်မှ
မရှိပါလား ။

အင်းလေ . . . မရှိဆို ငါ က ဝိညာဉ်ကိုး . . . ငါ အရမ်းဖြစ်ချင်ခဲ့တဲ့ ဝိညာဉ် . . .

အခုငါ ဖြစ်နေရပြီ . . . ပျော်စမ်းပါအုံး . . . ပျော်အုံးလေ . . . ။ ။




#KLT


(*= lyric refer from Boulevard of Broken Dreams)

 

Comments