“အချိန်တိုင်းရဲ့ရန်သူ”
လူ့ဘ၀ဆိုတာ အချိန်ကာလတွေနဲ့ ဖွဲ့စည်းထားတယ်နော်။
လူသားတိုင်းရဲ့
အမှတ်သညာတွေထဲ အချိန်ကာလတွေဟာ အစိတ်အပိုင်းလိုက် တွဲစပ်တည်ရှိနေကြတယ်။ သင်အမြဲ ထင်မှတ်စွဲလမ်းနေရတဲ့
အချိန်ကာတွေရှိသလို ကျွန်တော့်မှာလည်း ရှိပါတယ်။
တစ်ခါတစ်ရံကျပြန်တော့
ကျွန်တော်တို့အားလုံးဟာ အချိန်ကာလရဲ့ ကျေးကျွန် တွေ ဖြစ်သွားကြပြန်ပါကော။ ဆိုပါစို့
. . . ကျွန်တော်တို့ ဘယ်လိုမှ မနှစ်မြို့နိုင်တဲ့ အမိန့်အာဏာတွေအောက် မလူးသာမလွန်သာနဲ့
နေခဲ့ရတဲ့ အခါမျိုးတွေ၊ ကျွန်တော်တို့ ဘယ်လိုမှ စိတ်မပါတဲ့ လုပ်ဆောင်ချက်တစ်ရက်ကို
ပါဝင်ပက်သက်လုပ်ကိုင်နေရတဲ့ အခါမျိုးတွေမှာပေါ့။
အမှန်တော့
ဒါတွေဟာ ကျွန်တော်တို့စိတ်မှာ ဖြစ်တည်နေတဲ့ ဒေါသ၊ မောဟ တွေကြောင့်ပဲလို့ (ခြုံငုံပြီး
တစ်ထစ်ချမဆိုသာပေမဲ့) ယုံကြည်မိတယ်။ သင်ရော ၊ ကျွန်တော်ပါ တစ်စုံတစ်ရာသော အကြောင်းအချက်
၊ အဖြစ်သနစ်အပေါ်ကို ဘယ်လိုမှ လက်ခံပေးလို့မရတဲ့ အခါမျိုး ၊ ဘယ်လိုမှ မကျေနပ်နိုင်တဲ့
အခါမျိုးတွေမှာ ပူလောင်ပြင်းရှတဲ့ ဒေါသဟာ မိမိကိုယ်တွင်း စိတ်သဏ္ဍာန်ကနေ ထကြွသောင်းကျန်းပြီး
ထွက်ပေါ်လာပါတော့တယ်။
ဒီအတွက်
သင်နဲ့ကျွန်တော် အတူတကွ ပူပေါင်းပြီးအဖြေရှာကြည့်ဖို့တော့ လိုလိမ့် မယ်လို့ ထင်မြင်ယူဆပါတယ်။
သင့်မှာလဲ အကြံဉာဏ်ကောင်းတွေရှိမှာပါ။ ဒါကြောင့်မို့ သင့်ဆီက ပြန်ပေးမယ့် ရှာဖွေတွေ့ရှိချက်တွေကိုလဲ
အလေးအနက်မျှော်လင့်မိပါတယ်။
ကျွန်တော်တို့
ဖြတ်သန်းလာခဲ့တဲ့ ဘ၀ခရီးတစ်လျှောက်ကိုပဲ ယေဘုယျပြန်ပြီး သုံးသပ်ကြည့်ကြပါစို့။ ဒေါသတွေ
အစုလိုက်အပုံလိုက်နဲ့ ဖို့ထားတဲ့ ပိရမစ်ကြီးဟာ ဘ၀ရဲ့ ပြယုဂ်များလားလို့တောင်မှ မိမိကိုယ်ကို
ပြန်မေးချင်စိတ်ပေါက်လာမိမှာပါ။ေ၀၀ါးမနေပါနဲ့။ သေချာပါတယ် . . . ဒေါသထွက်ဖူးတဲ့ အကြိမ်အရေအတွက်
တစ်ခါကို ပိရမစ်တစ်ခုနဲ့ ယာယီအဘောပမာပြု တိုင်းတာမယ်ဆိုရင် ရှေးဟောင်းဖာရိုဘုရင် တွေတောင်
ကောင်းကင်ဘုံကလှမ်းကြည့်ပြီး လက်ဖျားခါသွားနိုင်လောက်ပါပေတယ်။
ဒေါသက
ကြောက်စရာဘယ်လောက်ကောင်းမှန်း ကျွန်တော်တို့အသေအချာသိ ထားပြီးပြီပဲ။ ဒါပေမယ့် ဒေါသကို
မိမိစိတ်မှာ ပေါ်မလာဖို့ ၊ နှုတ်ကနေ ဒေါသသံတွေ လျှံထွက်ယိုဖိတ်မလာဖို့ ၊ အပြုအမူမှာ ဒေါသသင့်ဟန်ပန်အမူအယာတွေ
ပါမလာစေဖို့ကို အဓိကကျတဲ့ ဖျက်ခနဲနှလုံးသွင်းမိစဉ် တဒင်္ဂမှာကတည်းက အကြောင်းအချက်တွေ
အပေါ် စိစစ်ဝေဖန်ပိုင်းခြားပြီး ချိုးနှိမ်ပယ်သတ်ထားဖို့ ကိုကျတော့ နဲနဲပိုပြီးကြောက်ရွံ့
နေတတ်ကြပါတယ်။
(၂၀)ရာစု၊
အမျိုးသမီးဓါတ်ပုံသတင်းထောက်လောကမှာ အထွတ်အထိပ်ဆရာ တစ်ဆူဖြစ်တဲ့ ဘာ့ခ်ဝှိုက်ကို သူမ
မိခင်က အောက်ပါသြ၀ါဒစကားလေး သွန်သင် ပြောကြားခဲ့ဖူးပါတယ်။
‘ကြောက်တဲ့အရာကို
စေ့စေ့ကြည့် ၊ ရဲရဲရင်ဆိုင် ၊ ဘာမှအခြေအမြစ်မရှိတဲ့ ကြောက်စိတ်မျိုးဆိုရင် ကြည့်ရုံနဲ့
လုံးဝအစပျောက်သွားလိမ့်မယ်။ တကယ်ကြောက်သင့် ကြောက်ထိုက်တဲ့ အရာတွေ့ရင်တော့ တစ်ခုခုထလုပ်ပစ်လိုက်
၊ အဲဒီလုပ်တဲ့ တစ်ခုခုက ကြောက်စိတ်တွေပျောက်ကွယ်အောင် ကယ်သွားလိမ့်မယ်။’
ဒီသြ၀ါဒလေးက
မှတ်သားထိုက်ပါပေတယ်။ လူ့ဘ၀ရဲ့ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ
တွေ့ဆုံကြုံကြိုက်နေရတဲ့ အကြောက်တရား ကို တွန်းလှန်ချေပနိုင်ဖို့ နည်းလမ်းကောင်းများစွာထဲက
တစ်ခုလို့ပဲ သုံးသပ်မိပါတယ်။
ဒေါသကို
ပယ်သတ်ဖို့ရာမှာလဲ ကြောက်နေစရာ လုံးဝမလိုပါဘူး ။ အကယ်၍ သင့်မှာ ဒေါသမရှိတော့ရင် သင့်မှာရှိမှာဘာလဲ
. . . အဒေါသပေါ့။ ဒေါသက အမျက်ထွက်မှု ၊ အဒေါသက ချစ်ခင်မှု ၊ သင့်အပေါ်မရှုမလှ ဒုက္ခရောက်အောင်
ထိုးနှက်လိုက်တဲ့ မသူတော်တစ်ယောက်ကို သင်မုန်းမိမှာပဲ။ လက်စားချေချင်မိမှာပဲ။ ဒါဘာကြောင့်လဲ
. . စက္ကန့်ပိုင်းလေးအတွင်း စိတ်ဝိညာဉ်ထဲမှာ သန္ဓေတည်သွားတဲ့ ဒေါသကြောင့်ပဲပေါ့။ ဒီတော့
တန်ပြန်တိုက်စစ်ဆင်ဖို့ ဒေါသကိုပဲ အခြေအကုပ်ယူပြီး ကလိန်ဉာဏ်တွေ ထုတ်မိတော့မယ်။ ဒီလိုနဲ့ပဲ
ဘ၀ရဲ့ အဖိုးတန်တဲ့ အချိန်တွေ လွင့်ပါးပျောက်ကွယ် သွားရပြန်တော့တယ်။ ဒီလိုအခြေအနေမျိုးထိ
ရောက်သွားရင် ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ သိနေလျက်သားနဲ့ ဒေါသကို ကြောက်ဖို့
လူတွေဘာကြောင့် ၀န်လေးနေကြတာလဲ။
ဒီမေးခွန်းရဲ့
ဖြစ်နိုင်ချေကို ဉာဏ်မီသလောက် စဉ်းစားကြည့်တဲ့အခါ မာန်မာန(မောဟ) ကြောင့်ပဲလို့ဆင်ခြင်မိပြန်ပါတယ်။
မွေးရာပါဗီဇ (သို့မဟုတ်) အတိတ် ဘ၀အလီလီရဲ့ အကျိုးဆက်အဖြစ်နဲ့ မောဟတွေက ကျွန်တော်တို့မှာ
ငြိတွယ်ပြီးပါလာခဲ့ ကြတယ်။ ဒီမှာ ဆက်စပ်ပြီး တင်ပြချင်တာလေးတစ်ခုရှိပါတယ်။ သင့်အနေနဲ့
ကျွန်တော့် လို ဗုဒ္ဓဘာသာဝင်မဟုတ်ရင်တော့ အခုပြောမယ့်စကားလုံးတွေအတွက် နားနဲ့မနာ၊ ဖ၀ါးနဲ့နာပါလို့ပဲ
ပြောချင်ပါတယ်။ ကျွန်တော် ဘာသာတရားနဲ့ဆိုင်တဲ့ အချင်းများမှုတွေကို ကိုယ်ကစပြီး တူးဖော်မိမှာမျိုး
လုံးဝမဖြစ်စေလိုသောကြောင့်ပါ။
ဘာသာခြား(အနောက်နိုင်ငံသား)
တွေအနေနဲ့ ကိုယ့်မိဘရှေ့မှာ ဒူးကိုထောက်ပြီး ၊ လက်အုပ်ချီမိုးရှိခိုး ရတာကို သူတို့စိတ်ထဲ
တစ်မျိုးကြီးပဲလို့ ထင်ရင်ထင်ကြပါလိမ့်မယ်။ ယဉ်ကျေးမှုခြင်းက ကွာခြားခဲ့ကြပြီကိုး။ ကိုယ့်မိဘပေမယ့်လဲ
အိုလာရင် ကျွေးမွေးပြုစုနိုင်ပါလျက်ကယ်နဲ့ သူအိုရုံမှာ သွားအပ်ထားတတ်ကြတဲ့ လက်လွတ်စပယ်
ယဉ်ကျေးမှုက လူမှန်းသိစ ကတည်းက ယဉ်ပါးလာခဲ့ရတာကိုး။ ဒီတော့ ကျွန်တော်တို့ မိဘတွေကို
ရှိခိုးကန်တော့နေခိုက် သူတို့မြင်ကွင်းထဲ မိဘတစ်ယောက်ရဲ့ အခွင့်အရေးဟာ ဒီနိုင်ငံမှာ
ပိုကဲနေတာပဲလို့ သုံးသပ်မိနိုင်တာမျိုးလဲ ရှိတယ်။
ဒီနေရာမှာ
ဗုဒ္ဓဘာသာဝင်များအနေနဲ့ ချိန်ကဲဆင်ခြင်ကြည့်နိုင်ဖို့က ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လိုပဲ တိုးတက်ကြွယ်ဝနေပါစေ
ကိုယ့်မိဘကို ဘုရားထံဦးတိုက်ပူဇော်သကဲ့သို့ ထိခြင်းငါးပါး (အပစာယန ကုသိုလ်ရ၏) နဲ့
ရှိခိုးဦးခိုက်ခွင့် မရပါလျှင် ဘယ်လောက်လူဖြစ်ရှုံးလိုက်မလဲ။
ချဲ့ထွင်စဉ်းစားကြည့်ပါ။
ဒါကြောင့်လဲ ဆရာတော် ၊ သမားတော်ကြီးတွေက . . .
‘မင်းတို့ ဒီလို ဗုဒ္ဓဘာသာတရား ထွန်းကားတဲ့
နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်မိခင်ရဲ့ ၀မ်းကြာတိုက်ထဲ ပဋိသန္ဓေတည်ခဲ့ရတဲ့ ကုသိုလ်အဟုန်ဟာ နည်းသလားကွဲ့
၊ ဒီလိုထူးမြတ်ပြီးရခဲလှတဲ့ ဘ၀ကို ပိုင်ဆိုင်နေရခိုက်
ကိုယ့်နောက်လိုက်မယ့် ကုသိုလ်တွေကိုပဲ ရနိုင်သ၍ တစ်ပွေ့တစ်ပိုက်ကြီးသာ ယူထားကြပေတော့’ ဆိုတဲ့ သြ၀ါဒစကားမျိုးတွေကို မိန့်မှာမြွက်ကြားနေကြတာပဲဖြစ်ပါတယ်။
အစကိုပြန်ကောက်ရရင်
ဒေါသကို ပယ်ဖျက်ပါ။ ဒီလိုပယ်ဖျက်တဲ့ နေရာမယ် ဘယ်လိုမာန်မာနကမှ အဟန့်အတားမဖြစ်ပါစေနဲ့။
ဒီလူ့ကို အောက်ကျို့လိုက်ရင် ငါ့ဂုဏ်သိက္ခာတော့ သွားပြီဆိုတဲ့ အတွေးမျိုးနဲ့ လမ်းမှားမလိုက်ပါနဲ့။
အပြစ်ရှိသူကို အပြစ်ပေးမယ့် ဥပဒေသတွေ ရှိနေပြီးသားပဲ ။ တရားစွဲသင့်လောက်တဲ့ အခြေအနေမျိုး
ဆိုရင်လဲ တရားစွဲပစ်လိုက်ပေါ့။ ကိုယ့်စိတ်ထားမှာ ဒေါသရှိမနေဖို့ကိုပဲ ပြောတာပါ။ လူတစ်ယောက်အနေနဲ့
လုပ်သင့်လုပ်ထိုက်တာကို ငါလုပ်လိုက်တာပဲ ဆိုပြီး ဒီလူ့အပေါ် ချစ်ကြည့်လို့ မရရင်တောင်မှ
မမုန်းမိအောင် ကြိုးစားပြီး ဥပက္ခာတရားကို လက်ကိုင်ထားသင့်ပါတယ်။ ဒီလိုပဲ ကိုယ်ရင်ဆိုင်နေရတဲ့
အခက်အခဲတစ်စုံတစ်ရာ အပေါ်မှာလဲ ဒေါသထွက်နေမယ့်အစား ခေါင်းအေးအေးထားပြီး ဖြေရှင်းရမှာပဲ
ဖြစ်ပါတယ်။ နောက်ဆုံး ကိုယ်အဖတ်ဆည်မရအောင် ကျရှုံးသွားတဲ့အခါမျိုးနဲ့ ရင်ဆိုင် ရရင်တောင်မှ
ယောနိသောမနသီကာရ(သင့်တင့်လျောက်ပတ်စွာနှလုံးသွင်းခြင်း) ဆိုတဲ့ ဗုဒ္ဓဟောဖော်ညွှန်ပြခဲ့တဲ့
ကျင့်စဉ်နဲ့ ဘ၀ကို ပုံမှန်နေသားတကျ ဖြစ်အောင် ပြန်ပြီး လေ့ကျင့်ပျိုးထောင်ရပါမယ် ။
ဒီလိုဆိုတော့
အစွန်းရောက်အကောင်းမြင်ဝါဒ (Extreme Optimism) ကြီးပါလို့ ထင်ချင်ထင်မယ်။ ကျွန်တော်ပြောနေတာက
ဒေါသကို ပယ်သတ်ပစ်ဖို့ကိုပဲ ဦးတည်တဲ့ နည်းလမ်းပါ။ ဟုတ်တယ်လေ . . . ဒေါသရှိနေသမျှ ကာလပတ်လုံး
သင့် ဆင်ခြင်တုံ တရားနဲ့ အကြံအဉာဏ် ၊ အတွေးအမြင်တွေက ဘယ်လိုနည်းနဲ့မှ ဟန်မကျနိုင်တာ
သင်လဲသိနေပြီးသားပဲ။
ကျွန်တော်တို့
တကယ်ဒေါသကို ပယ်သတ်နိုင်လာရင် ဘယ်တော့မှ အချိန်ကာလရဲ့ ကျေးကျွန်တွေ ဖြစ်နိုင်စရာအကြောင်း
မရှိတော့ပါဘူး။ ရရှိပိုင်ဆိုင်ထားတဲ့ အချိန်ကာလတွေကို အကျိုးရှိရှိအသုံးချ နေသူတွေပဲ
ဖြစ်လာပါလိမ့်မယ်။ နောက်ပြီးတော့ ခေတ်ကာလတွေက ကျွန်တော်တို့ကို ပုံစံမျိုးစုံ ၊ အသွင်သဏ္ဍာန်မျိုးစုံ
၊ လက်နက်မျိုးစုံနဲ့ တဖဲ့ဖဲ့တိုက်စားတယ်။ ကျွန်တော်တို့က တနဲ့နဲ့နှင့်ပဲ့ကြွေရလုကိန်းဆိုက်လာတယ်။
နဂိုရှိရင်းစွဲ အဖြူရောင် စိတ်ထားတွေကို ယုတ်လျော့အားပျော့သွားအောင် ထိုးနှက်ပစ်ကြတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ စိတ်ဓါတ်တွေရဲ့ ကြံ့ခိုင်သန်မာမှုစွမ်းရည်တွေ
ပြုတ်ကျမသွားအောင် ကျားကန်ထားကြရမယ်။
ကျွန်တော်ရေးသားခဲ့သမျှထဲမှာ
ဗုဒ္ဓအယူအဆတွေကိုပဲ ထည့်သွင်း ရေးသားထားတာကို သင်တွေ့ပါလိမ့်မယ်။ ဒါက အခြားဘာသာတရားများရဲ့
အဆုံးအမ သွန်သင်ညွှန်ပြမှုတွေကို ထဲထဲဝင်ဝင် မသိနားမလည်လို့ပါ။ အလ္လာရှင်မြတ်နဲ့ ခရစ်တော်ရဲ့
အဆိုအမိန့်တွေထဲမှာ ကျွန်တော် နှလုံးဘ၀င်ခွေ့တာတွေ အများကြီးရှိပါတယ်။ မကျွမ်းကျင်မပိုင်နိုင်သောကြောင့်
ကိုင်တွယ်ကိုးကား ဖော်ပြဖို့ရာ လက်တွန့်နေမိခြင်းသာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာသာခြားဖြစ်နေလျှင်
ကျွန်တော့်အား မညိုညင်ပါနဲ့။ ကမ္ဘာ့ဘာသာတရားကြီးတွေအားလုံးကို လေးစားမြတ်နိုး တန်ဖိုးထားပါတယ်။
ထိုဘာသာအသီးသီးတို့ရဲ့ ဒေါသပယ်သတ်နည်းတို့ကိုလည်း အခါအားလျော်စွာ လေ့လာပြီး ဖော်ပြပါအုံးမယ်။
နိဂုံးချုပ်အနေနဲ့
စကားလက်ဆောင်ပါးချင်တာကတော့ ဒေါသပယ်သတ်ပြီး ပိုမိုငြိမ်းချမ်းလှပတဲ့ နေ့ရက်တွေကို သင်ထာဝရပိုင်ဆိုင်နိုင်ပါစေ
. . . မိတ်ဆွေ ။ ။
ကျော်လင်းထွန်း


Comments
Post a Comment