" ကျွန်တော်နှင့် တွန့်ကြေမှုများ "
အမှတ်တမဲ့ နေလာလိုက်တာ
မှတ်စုစာအုပ်လေးတွေ အထပ်ထပ်စုပုံလာ
မင်ကုန်သွားတဲ့ ဖောင်တိန်တွေ စက္ကူဗူးလေးထဲ
ပြည့်ကျပ်လာ
နာရီပေါ်က ရောင်ပြန်ဟပ်အလင်းတန်း
မျက်နှာကျက်ပေါ်ပက်ဖြန်းထားတဲ့
အချိန်ကာလ မျဉ်းကြောင်းများ . . .
ဒီလိုနေပူစပ်ခါးထဲ လုပ်ဇာတ်ခင်းထားတဲ့
ပြန့်ပြူးမှုတွေနဲ့ ခပ်ဝေးဝေးမှာ
ဘယ်ပုထုဇဉ်အတွက် တီးတဲ့ လက်ခုတ်သံက
ချိုလွင်သောင်းဖြလဲ
ဘယ်ပုထုဇဉ်အတွက် ထိုးနှက်တဲ့ကြေးစည်သံက
မြေဘ၀ဂ် တုန်ခါမြည်ဟီးစေသလဲ
နားစွင့်လို့ . . .
လူ့အဖွဲ့အစည်းက တန်ဖိုးထားတဲ့
သတ်မှတ်စံနှုန်းတွေနဲ့ အကျင့်စရိုက်
ရင်တွင်းနှလုံးသားထဲထိ ရှိုက်ထည့်ထားပြီး
ကျွဲကူးရေပါ အသေးအဖွဲတွန့်ကြေမှုလေးတွေမှာ
နေသားကျလို့
ကိုယ့်အဖို့မှာကား အလှတရား
အနုပညာမှတစ်ပါး အခြားရှိနိုင်တော့မည်မထင်ပါ . . . ။ ။
ကျော်လင်းထွန်း


Comments
Post a Comment