"မျက်နှာကျက်နှင့်စကားပြောသူ"


လူတော့လူပဲ

ကျွန်မစိတ်ထဲ ဘယ်လိုစွဲမြဲ ထင်မှတ်နေမိလဲဆို

ရှင်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက မီးသင်္ဘောတစ်စင်းလိုလူ

သက်ပြင်းတွေ ရင့်ရင့်သီးသီး မှုတ်ထုတ်

လေမုတ်သုံ အဟုန်လူးတိုင်း လှုပ်ခတ်တဲ့ လှိုင်းကြပ်ခွပ်တွေပေါ်

ပျော်ပျော်ကြီး ခုတ်မောင်းနေသူ . . .



ရှင် မှိန်းစက်တဲ့အခါ

စကားစုတွေ ရှင့်အိပ်မက်ထဲ

သမာဓိဖွဲ့ ပျံဝဲနေမှာ ကျွန်မသိတယ်

ရင်ခုန်နှုန်းညှိ ကလိတိတိအကြည့်တွေကို

မျက်နှာလွှဲရဲတဲ့ ဗီတိုအာဏာ ရှင့်မှာမရှိပေမဲ့

ချက်ချင်းကုတ်ဖဲ့ခွဲခြမ်းပြီး

ဒါဝိတက်ကြောင့် တေဇောဓါတ်နှစ်ခုတိုက်မိတာလို့

ရှင့်ကိုယ်ရှင် သတိပေးတတ်တာ

ကျွန်မသိတယ် . . .



ရှင့် ပါးစပ်ကပြောတော့ သူမကို သိပ်မုန်းတယ်တဲ့

ပြီးတော့လဲ ရှင် . . .

လူမှုလျှပ်စီးကွန်ယက်ထဲ ပြေးပြေးပြီး

ပရိုဖိုင်ပုံလေးကို တိတ်တခိုးကြည့်နေတာ

နှလုံးသားရဲ့ ပုံရိပ်ဟာ ပါးစပ်ဖျားမှာ အရာမထင်နိုင်ပါဘူး

ကိုယ့်ကိုယ်ကို ညာနေရတာ ရှင် မပင်ပန်းဘူးလား . . .



ကင်မရာပေါက်ကနေ အရိပ်နဲ့အရောင်တွေ ချောင်းကြည့်သလို

သူမ နှလုံးသားကို ချောင်းကြည့်လို့ ရနိုင်ရင်ဆိုတဲ့ အတွေးမျိုးနဲ့

ယောက်ယက်ခတ်နေတာမြင်တိုင်း

ရယ်ချင်တဲ့ စိတ်ကို တုံ့ဆိုင်းမထားနိုင်ခဲ့ဘူး

ရှင့် ရောဂါအိုကိုင်းမသွားခင် ဆေးမြီးတိုလေးပဲ ဖြစ်ရဖြစ်ရ

လရောင်မွဲပြာကျနေတဲ့

စိတ္တဇကင်းဗတ်ပေါ်

အ၀ါရောင်ကဗျာတွေ ခြယ်သပေးချင်မိတယ် . . . ရှင်ရယ် . . . ။           ။

- -သွဲ့ဧပရယ်ကို- -

မှတ်ချက် ။      ။ လူဝတ်ကြောင်ဘ၀က ကျွန်တော်နှင့် သေအတူရှင်မကွာ ခင်မင်ရင်နှီးခဲ့သည့် သူငယ်ချင်း ကိုသက်ထွန်း ( လှိုင်မဟာစည် ရာသက်ပန်ယောဂီ ) စွန့်ကြဲခဲ့သော စာအုပ်ထဲမှ ကူးယူဖော်ပြအပ်ပါသည် ။

ကျော်လင်းထွန်း

Comments