“ဇဝေဇ၀ါ”
ပထွေးနဲ့ ကျနော် . . . သန်းခေါင်ကျော် တိမ်ကွယ်ညမှာ
ဖျောက်စိပ်ကြယ်စုဝေးကို မျှော်ငေးကြည့်နေဖြစ်ခဲ့တယ်
(ရာသီမိဿ စိတြကြယ်ပြာ . . . ၊ မိန်ရာသီလတပေါင်း
. . . ၊)
အဲ့လို ရာသီခွင် ကဗျာလေးတွေ သူရွတ်ပြတယ်
(မောင်ရင်ဆိုင်းထမ်းဆိုတာ ဟိုးက ကြယ်စင်တန်းပေါ့ကွ
. . . ၊)
မိုးကုတ်စက်ဝိုင်းရဲ့ တောင်ဘက်စွန်းကို
သူညွှန်ပြတယ်
အေးစက်စက် အကြမ်းခွက်ထဲ ကရားငဲ့ပြီး
ရေနွေးပူပူးတွေ သွန်လောင်းထည့်လိုက်တယ်
လဂွန်းအိမ်စီးချင်းထိုးရင်စီးတဲ့ သိန္ဓောမြင်းကြီးရဲ့
လည်ဆံမွှေးတွေက
(ဟိုးမှာ တွေ့နေရတဲ့ တိမ်စတွေ လွင့်ဝဲနေသလိုပဲ
. . . ၊)
အဲ့လို စကားအမျှင် ဆွဲထုတ်ပြီး
မွန်မြန်မာရာဇ၀င်ကို နိဒါန်းပျိုးတယ်
ဒီလိုနဲ့ ညဟာ . . . ညပီသစွာ တိတ်ဆိတ်ငြိမ်သက်လှပ
လက်ပတ်နာရီတွေ ချွတ်လိုက်ကြရင်း
မနက်ဖြန် ၊ သက်ဘက်ခါ . . . အဲ့လို
ထင်ထားတာထက်ပို မာယာများအုံးမယ့် ကာလတွေဆီ
နှစ်ယောက်စလုံး ဦးမတည်ဖြစ်ကြဘူး
ဒီဓါတ်ပြားထဲမှာ သုံးဆနဲ့ တစ်ဆ
ဘ၀ပြဋ္ဌာန်းချက် သကရာဇ်တွေ ဖျော်ထည့်ထားတာလေ
ဝေးကွာနေတဲ့ မိုင်တိုင်တွေလို
ကောက်ကျစ်တဲ့ ဟိုင်းဝေးလမ်းတွေလို
သံသယတွေ ကိုယ်စီချိတ်ဆွဲထားတဲ့ စကားဝိုင်းမျိုးမဟုတ်ဘူး
ကျနော့်ရဲ့ ခပ်ကျဲကျဲတွေးအခေါ်နဲ့
ဆောင့်ကြွားကြွားခြေရာ
နှင်းမကျပေမယ့် အဲဒီကတ္တရာမှာ အကွက်လိုက်ပေါ်နေတာ
သူမြင်တိုင်းလဲ အရယ်အပြုံးပျက်မသွားခဲ့ဘူး
ကျရှုံးတဲ့ အခါတိုင်း ပုခုံးပေါ်ကျလာတတ်တဲ့
လက်ဖ၀ါး
အောင်မြင်တဲ့အခါတိုင်း သူ့အင်္ကျီအိတ်ထဲ ဖွက်ထားတတ်တဲ့
လက်ဖ၀ါး
အမှန်တရားအတွက်ဆို
နုရမလား . . . ကြမ်းရမလား
အဲဒီ လက်ဖ၀ါး ဖြန်တန်းတောင်ခံထားတဲ့ စကားသံတစ်ခုကတော့
ကျနော့် လည်ချောင်းထဲ (ခုထက်ထိ)
တစ်ဆို့နေဆဲပါ . . . ။



Comments
Post a Comment