“သူတို့ရှိတယ်”
ငါ့အဇ္ဈတ္တမှာ အမှိုက်သရိုက်တွေပေလူး
မထူးဆန်းတဲ့ အတ္တဘ၀ပုံစံခွက်ထဲကနေ
အပြင်ကို ရုန်းထွက်ဖို့လည်း ရည်စူးထားရဲ့
သမ္မာသတိသမ္ပဇဉ်နဲ့ အာဇာနည်ဝိညာဉ်က
ဝင်ပူးနေမှကိုး . . .
အောင်မြင်မှုအတွက် ကောက်ကျစ်သူ
တစ်ကိုယ်ရေ ကြောက်ရွံ့မှု
လွတ်မြောက်မှု ၊ တယူသန်မှုတို့နဲ့
ရိုင်းစိုင်းသူ
သူပေါင်းများစွာကို ငါအရိုးသားဆုံး
ဥပက္ခာတရားနဲ့ ရှုမှတ်တယ် . . .
ပညတ်ချက်တွေရဲ့ အကြား
ဒို့တတွေ ဘ၀ကို တူးတူးခါးခါး
ဖြတ်သန်းခဲ့ဖူးကြ
ဖြတ်သန်းနေကြရ
ရှေဆက်လည်း ဖြတ်သန်းရလိမ့်ဦးမယ် . . .
ဗုဒ္ဓစေတီတော် အဆူဆူရဲ့ ရင်ပြင်တော်တိုင်းဟာ
တို့အတွက်တံခါးဖွင့် ကြိုဆိုနေတုန်းပါပဲ
အဖျားတက်နေတဲ့ တိမ်တိုက်တွေကြားက
လျှပ်စီးမိုးကြိုးသွားလို
သစ္စာတရားနဲ့ ယုံကြည်ချက်ကို ချိန်သားကိုက်ထားရင်း
မှောင်မိုက်ခြင်းကို ဖြိုဖျက်ပိုင်းခြား
အဖြူရောင်နှလုံးသားတိုင်းဟာလည်း
ငါတို့ရဲ့ ငိုရှိုက်သံတွေကို မျှဝေခံစားပေးဖို့
လက်ကိုဆန့်တန်း ကမ်းလင့်ကြိုဆိုနေကြပါတယ်
. . . ။ ။
ကျော်လင်းထွန်း


Comments
Post a Comment