“စက်ဘီးအစုတ်ကလေး”
-->
မလေးရှားနိုင်ငံ၊စီလံဂေါမြို့နယ်ထဲက
ရွာငယ်လေးတစ်ရွာမှာ ကျွန်တော်ကြီးပြင်း ခဲ့ပါတယ်။ အုန်းပင်တွေဆီကရတဲ့ အရိပ်အာဝါသအောက်မှာ
သစ်သားအိမ်ကလေးတွေ တည်ရှိနေတဲ့ရွာ၊ ဖခင်တွေက လယ်ကွင်းထဲဆင်းပြီး ကောက်စိုက်ကြ၊ မိခင်တွေက
အိမ်မှာပဲ ကျန်ရစ်ခဲ့ကြပြီး၊ ကလေးတွေက ခြေထောက်ဗလာနဲ့ ရွာရိုးကိုးပေါက် လျှောက်ပြီးပြေးလွှားဆော့ကစားနေကြတဲ့
ရွာကလေးပေါ့ ။
ကျွန်တော်(၁၀)နှစ်သားမှာ
ညီမလေးအဲယုကတော့(၇)နှစ်သမီးပါ ။ အဲ့ဒီတုန်းက ကျွန်တော်တို့မိသားစုဟာ အရမ်းခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလတွေနဲ့ရင်ဆိုင်ခဲ့ ရ ဖူး ပါ တယ် ။ မီးသွေးဖိုနဲ့ ဆန်စက်မှာ ဖေဖေအလုပ်သွားလုပ်ပြီး
ရလာတဲ့ ပိုက်ဆံလေးက မိသားစု အတွက် ဘယ်လိုမှ မလောက်ငှနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ဖေဖေက
ဒီထက်ပိုပြီး ၀င်ငွေပိုကောင်းမယ့် အလုပ်တစ်ခုကို ပြောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တောနက်ထဲက
ကြိမ်ပင်တွေကို ခုတ်ယူစုဆောင်းပြီး နီးစပ်ရာ ပရိဘောဂ လုပ်ငန်းရှင်တွေဆီမှာ ပြန်ရောင်းချတဲ့
အလုပ်ပဲဖြစ်ပါတယ် ။
မေမေက
ဖေဖေ့ကို ကျားစားခံရမှာ အရမ်းပဲစိုးရိမ်ခဲ့ရှာပါတယ်။ ဒါပေမယ့် ဖေဖေကတော့ အိမ်မှာထိုင်နေပြီး
အကုန်လုံးငတ်သေမှာထက်စာရင် ဒီလို စွန့်စား ကြည့်တာက ပိုကောင်းတယ်လို့ ဆိုတယ် ။
ဒါကြောင့်မို့
ဖေဖေက မနက်ဝေလီဝေလင်းကြီးထပြီး ကြိမ်ပင်တွေရှာဖို့ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။ ဒီတဒင်္ဂမှာ
ကျွန်တော်တွေးမိတာက ကျောင်းကိုလွမ်းနေရုံ ၊ ညီမလေးနဲ့ပဲ အိမ်မှာကစားနေရုံပေါ့။ ဘာလို့လဲဆိုတော့
ကျောင်းကအိမ်နဲ့ အဝေးကြီးမှာလေ။ ကျွန်တော်ကျောင်းကို ရောက်ဖို့နည်းလမ်းမှ မရှိတော့တာ။ အိမ်ရှေ့တံခါးဝမှာ ရပ်နေကြရင်း ကျွန်တော်က ခြံနောက်ဖေး ရေအိုင်ထဲက ဖားလောင်းလေးတွေကို
ခပ်ယူ ၊ ဖန်ခရားထဲ ထည့်ထားပြီး အလှမွေးဖို့ သွားဖမ်းကြမယ်လေ လို့ အဲယုကို တိုးတိုးလေးကပ်ပြောလိုက်တယ်။
ဒီအကြံအစည်ကို ကြိုတင်ပြင်ဆင်ရင်း နှစ်ယောက်သား သွားလေးတွေဖြဲလို့ ပြုံးပျော် နေခဲ့ကြတာပေါ့
။
ဒါပေမယ့်
ဒီအပျော်ဟာ မရှည်ကြာလိုက်ပါဘူး ။ မေမေက ခါးထောက်လျက်သား ကျွန်တော်တို့ နောက်နားကနေ
ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး . .
‘ဟဲ့
. . . နင်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ ၊ နောက်ကျနေပြီလေ ၊ အ၀တ်သွားလဲတော့’ လို့ ပြောတယ်။
‘ဘာလုပ်ဖို့
အ၀တ်လဲရမှာလဲ’ လို့ ကျွန်တော်က ပြန်မေးတယ် ။ မေမေက မျက်လုံးပြူးသွားပြီး ‘ကျောင်းသွားဖို့ပေါ့’
လို့ပြန်ပြောတော့ ကျွန်တော် ပါးစပ် အဟောင်းသားဖြစ်သွားတယ်
။
‘အဲဒါဆို
ဘယ်လိုလုပ်မလဲ၊ ဖေဖေက သွားပြီပဲ၊ ကျွန်တော်တို့ လမ်းလျှောက်ပြီး တော့ ကျောင်းကို မသွားနိုင်ဘူးနော်’
မေမေက
ခေါင်းခါပြပြီး ပြန်ဖြေတယ် ။
‘မင်းတို့
လမ်းမလျှောက်ရပါဘူး ၊ အမေလိုက်ပို့ပေးမယ် ၊ ဟိုမှာ မင်းတို့ အဖေစက်ဘီးရှိသေးတာပဲ’
မြက်ခင်းပြင်ပေါ်လှမ်းကြည့်လိုက်တော့
မာလကာပင်ကို မှီပြီး ထောင်ထားတဲ့ အလွန်အမင်း အိုဟောင်းပျက်ယွင်းနေတဲ့ စက်ဘီးတစ်စီးကို
တွေ့ရတယ်။ လက်ကိုင် ပုံစံက ပိန်လိန်ကွေးညွတ်နေပြီး ညာဘက်ခြေနင်း နေရာမှာ ခြေနင်းပြားမရှိဘဲ
စတီးချောင်းပဲ ရှိတယ် ။ ဘယ်သူမှ မသုံးဘဲ ဒီစက်ဘီးကို ပစ်ထားတာ အတော်ကြာခဲ့ပြီ။ စီးလို့ရနိုင်မယ်
ဆိုရင် ကျွန်တော်အံ့သြမိမှာပဲ လို့ တွေးခဲ့မိတယ်။ ‘ဒါကြီးက အရမ်းနှေးမှာ ၊ ကျောင်းကို
ရောက်ရင် ကျွန်တော်တို့ အဘိုးကြီး ၊ အဘွားကြီး တွေတောင် ဖြစ်ရင်ဖြစ်နေလောက်ပြီ’ လို့ပြောတော့
မေမေက . .
‘နင်
ငါနဲ့ ယှဉ်ပြီး ဘာမှအပိုတွေပြောမနေနဲ့တော့
ဆက်ပြောရင် နင့်နားရွက်ကို လိမ်ဆွဲရလိမ့်မယ်’
ကျွန်တော်က
အဲယုကို စစ်ကူတောင်းတဲ့ အနေနဲ့ လှည့်ကြည့်လိုက်တော့ သူမကလဲ ဒီစက်ဘီးနဲ့သာ ကျောင်းသွားရရင်
တစ်သက်လုံးအရှက်ကွဲရတော့မှာပဲလို့ ဆန္ဒဖော်ထုတ်တယ်။ မေမေကလဲ ၀န်ကြီးချုပ်ရဲ့ သမီးကိုတောင်
မွေးစားသမီးဖြစ်နေပေမယ့် အဲ့ဒါကို ငါသတိရမနေခဲ့မိဖူးဘူး ဆိုပြီး ပြန်ပက်တယ်။ နောက်ဆုံးမှာတော့
မေမေရဲ့ . . ‘ဒါကြောင့် မင်းတို့ ဒီစက်ဘီးနဲ့ ကျောင်းသွားရမယ်’ ဆိုတဲ့ စကားတစ်ခွန်းကပဲ
ငြင်းခုန်ပွဲကို ရပ်တန့်စေခဲ့တယ် ။
အိမ်တစ်လုံးစာလောက်
လေးလံထိုင်းမှိုင်းခြင်းနဲ့ ကျောင်းတူညီဝတ်စုံတွေအပေါ် စိတ်အချဉ်ပေါက်စွာ ကြည့်မိတဲ့
အကြည့်တွေက ကျွန်တော်တို့ မျက်နှာမှာပေါ်နေခဲ့တယ်။ အဲယုက ကျွန်တော်တို့ အပေါ်ကျရောက်နေတဲ့
အမိန့်အာဏာကို ကန့်ကွက်တဲ့အနေနဲ့ နေရာအနှံ့ ခြေဖြင့် ဆောင့်လားအောင့်လား လုပ်နေခဲ့တယ်
။
မေမေက
သူမကို ဆူရမယ့်အစား ကျွန်တော့်အနားကပ်လာပြီး တိုးတိုးလေး ပြောတယ် ။
‘ဒီကလေးမ
မရပ်ရင် ဒီအိမ်ပြိုကျပြီး ငါတို့လဲ ကျန်နေသေးတဲ့ တစ်သက်တာကို ငှက်ပျောပင်တွေ အောက်မှာပဲ
သွားနေရလိမ့်မယ့်’
ကျွန်တော်သိသားပဲ
။ မေမေ ကျွန်တော့်ကို ရယ်အောင်လုပ်ဖို့ ကြိုးစားနေတာ ။ ကျွန်တော် စိတ်မကြည်လင်တာကိုပြဖို့
မျက်နှာကို ခပ်တည်တည် ထားနိုင်အောင် ကြိုးစားကြည့်ခဲ့တယ် ။ ဒါပေမယ့်လဲ မရခဲ့ပါဘူး ။
ကျွန်တော်တို့
ဖိနပ်စီးပြီးသွားတော့ မေမေက အိမ်တံခါးမကြီးရှေ့မှာ စက်ဘီးနဲ့ အသင့်စောင့်နေနှင့်ပြီ
။
‘လာ
. . တက်ကြ ၊ ပြီးရင် သေချာနေရာကျအောင် ထိုင်ကြနော်’ လို့ ပျော်ရွှင်ချိုမြစွာ ပြောဆိုတယ်
။
ကျွန်တော်တို့
ကယ်ရီယာခုံပေါ် တက်လိုက်ကြတယ် ။ နှစ်ယောက်ဆိုတော့ ကယ်ရီယာခုံက သေးနေလွန်းတယ် ။ ဒီတော့
ရလဒ်က ကျွန်တော့် တင်ပါးတစ်ဝက် လေထဲမှာ အထောက်အကန် မရှိဘဲ လွတ်ထွက်နေတော့တာပေါ့ ။
ကျွန်တော်တို့
စတင်ထွက်ခွာခဲ့ကြတယ် ။ စက်ဘီးက ဆိုးဆိုးဝါးဝါးကိုပဲ အသံတွေ တရစပ် ထွက်နေခဲ့တယ် ။ ကျော်ဖြတ်လာခဲ့တဲ့
လမ်းတစ်လျှောက်လုံးမှာလဲ ဒီအသံ ဘယ်ကများပါလိမ့်ဆိုပြီး တွေ့သမျှလူတိုင်းက လှည့်လှည့်ကြည့်ကြတယ်
။ အဲယုနဲ့ ကျွန်တော်ကတော့ ရှက်လွန်းလို့ လက်နဲ့ မျက်နှာကို အုပ်ထားခဲ့ရတယ် ။
လမ်းပေါ်က
ကျောက်ခဲတွေ ၊ ဂျိုင့်တွေနဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိခါများတော့ တာယာတွေလဲ ပါးပျော့ကုန်တော့တာပေါ့
။
‘ကျွန်တော်တို့တွေ
အီးထွက်မှာ စိုးလို့ အတင်းအောင့်ထားရတာနဲ့ပဲ ၀မ်းချုပ်သွားတော့မယ်’ လို့ ပြောလိုက်တော့
အဲယုက ‘ဟုတ်တယ် . . သမီးတို့ရဲ့ အစာချေဖျက်မှုစနစ်တွေကို ငရဲတွင်းထဲရောက်အောင်လုပ်လို့
မေမေ့ကို ရဲလာဖမ်းသင့်တယ်’ ဆိုပြီး အသံတုန်ခါစွာနဲ့ပဲ ထပ်လောင်းပြောဆိုခဲ့တယ် ။
မေမေက
တစ်ခစ်ခစ်နဲ့ ရယ်မောပြီး ‘ဒါမျိုးမကြားဖူးပါဘူး . . ပြီးတော့ ကမ္ဘာပေါ်မှာ ဖြစ်နေကြတဲ့
တခြားရောဂါတွေထက် စာရင် ၀မ်းချုပ်တာက ဘာမှမပြောပလောက်ပါဘူးကွယ်’ လို့ပြောပြန်တယ် ။
နာရီဝက်လောက်စီးနင်းလာခဲ့
အပြီးမှာတော့ ကျောင်းဂိတ်ပေါက်နားကို ရောက်ရှိခဲ့ကြပါတယ် ။ အတန်းတွေ အားလုံးစနေနှင့်ပြီ
။ စက်ဘီးပေါ်က ကသိုက်ကရိုက်ခုန်ချလိုက်ပြီး ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲနေတဲ့ ကျောနဲ့
တင်ပါးတွေကို လက်နဲ့လျှောက်ပွတ်နေခဲ့ရတယ် ။ ဒီစက်ဘီးနဲ့ ပက်သက်ရတာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ
လို့ မေမေ့ကို ကျွန်တော်တို့ အရေးဆိုလိုက်တယ် ။ နောက်ဆို ကျောင်းကို လမ်းလျှောက်ပြီးပဲ
လာတော့မယ် လို့လဲ ပြောလိုက်တယ် ။
မေမေက
ကျွန်တော်တို့ရဲ့ ကျောပြင်တွေကို အသာပွတ်သပ်ချော့မြူပေးပြီး . .
‘မင်းတို့
ဒီလို ဒုက္ခရောက်ရတာ မေမေစိတ်မကောင်းပါဘူး ၊ ဒါပေမဲ့ မင်းတို့ အတန်းတွေ လွတ်သွားမှာမျိုး
မေမေ မလိုလားဘူး ၊ ဒီမအေရဲ့ သားသမီးတွေ ဒီမအေလိုပဲ ပညာမတတ်ဘဲ ဘ၀ခရီးလမ်း အဆုံးသတ်သွားမှာမျိုး
မေမေ လုံးဝမလိုလားဘူး ။ ဒီတော့ သားတို့က အထဲကိုဝင်သွားပြီး မေမေ့အတွက် စာတွေကို လိမ်လိမ်မာမာနဲ့
သင်ယူခဲ့ကြမယ်မလား . . ’ လို့ မေးတယ် ။
မေမေက
မုန့်ပေးတဲ့အခါ မေမေ့ ညာဘက်လက်ဖမိုးလေးကို ကျွန်တော်တို့နမ်းခဲ့ကြတယ် ။ ဒါ . . . ဖေဖေ ကျောင်းလိုက်မပို့ခင် (အိမ်မှာ
ကျန်နေရစ်ခဲ့ရမယ့် မေမေ့လက်ကို နမ်းတာ) အမြဲဖော်ပြနေကျ ရိုသေလေးစားမှုသင်္ကေတလေးပေါ့ ။
ကျွန်တော့်နှုတ်ခမ်းကို
မေမေ့လက်က ခွာလိုက်တဲ့အခါ ငံကျိကျိအရသာရတယ် ။ မေမေ့ လက်ကချွေးတွေနဲ့ ရွှဲစိုနေတာကိုး
။ မေမေ့ ကို ပိုပြီး နီးနီးကပ်ကပ်ကြည့်မိတော့
မျက်နှာတစ်ခုလုံး နီမြန်းပြီး (ချွေးတွေနဲ့ ) ပြောင်လက်နေခဲ့တယ် ။ ပြီးတော့
မေမေ၀တ်ဆင်ထားတဲ့ အဖြူခံမှာ အပြာပွင့်ဖောက် ဘာဂျုကာရမ် ရိုးရာရင်ဖုံး တစ်ထည်လုံးမှာလဲ
(ရေနှစ်ထားသလို) စိုစွတ်ရွှဲနစ် နေခဲ့တယ်။ မေမေ့ နှာခေါင်းပေါက်တွေထဲက မီးတွေမှုတ်ထုတ်နေတဲ့အလား
နာကျင်လှိုက်မောစွာနဲ့ လေပူတွေထွက်လာနေရင်း ၀မ်းဗိုက်ကိုလဲ လှိုင်းထသလို ပင်မပြီး ပင်ပန်းခြင်းကြီးစွာဖြင့်
အသက်ကို မနည်းဝအောင် ရှူနေခဲ့ရရှာတယ် ။
ဒီမြင်ကွင်းက
ကျွန်တော့်ကို ထိုးနှက်ခဲ့တယ် ။ အဲယုနဲ့ ကျွန်တော်က အရင်လိုမဟုတ်ဘဲ ကွဲပြားတဲ့ ဒီလူသတ်ကောင်နဲ့
တူတဲ့ စက်ဘီးပေါ်က ထိုင်စီးလိုက်ပါလာခဲ့ရခြင်း ကိစ္စအပေါ် စောဒကတက်နေချိန်မှာပဲ မေမေဟာ
အိမ်ကိုပြန်ဖို့ စပြီးလှုပ်ရှား ရုန်းကန်နေရရှာပြန်ပြီလေ ။
ကျွန်တော့်
နှလုံးအိမ်ကို ကြိုးတစ်ချောင်းနဲ့ နှစ်ဖက်ညှပ်ပြီး ဆွဲလိမ်ကျစ်ပစ်လိုက်တဲ့ အလားခံစားခဲ့ရတယ်
။ အိမ်မှာပဲ ခြေဖ၀ါးတွေကို အနားပေးထားလို့ရနိုင်လျက်သားနဲ့ ဘာကြောင့် ဒီပင်ပန်းတဲ့
နည်းလမ်းကို မေမေ ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး ။
အဲဒီနေ့က
ကျောင်းဂိတ်ပေါက်ဝဆီကို လေးလံစွာနဲ့ လှမ်းလျှောက်လာ နေမိတုန်း မေမေ ကျွန်တော်တို့ကို ပြောနေကျ စကားလုံးတွေက
ခေါင်းထဲမှာ အထပ်ထပ်အခါခါ ပြန်ပေါ်နေခဲ့ တော့တယ် ။
အဲဒါတွေက
. .
‘ မေမေ သိပါတယ် . . သားတို့ စိတ်ရှုပ်ခံမနေနဲ့တော့
၊
မေမေက သားတို့ရဲ့ မအေပါ ၊ သားတို့ထက်ခိုင်လုံတဲ့
ဆင်ခြေ . . မေမေ သိထားတယ်၊
မေမေ့ မှာ ရှိနေတယ် . . . ’ ဆိုတဲ့ စကားလုံးတွေပါပဲ . . . ။ ။
R.D.Aug.2007၌ My Storyကဏ္ဍတွင် Norliza
Baharom ရေးသားဖော်ပြခဲ့ဖူးသော ‘The Old Bicycle’ ကို မူရင်းနှင့် အတတ်နိုင်ဆုံး ဆီလျော်အောင် ကြိုးစား၍ပြန်ဆို ထားပါသည်။
ကျော်လင်းထွန်း



Comments
Post a Comment