“ဂြီဂြီဂြမ္ဂြမ္”


မိသားစုဆိုတာ တစ်ခါတစ်လေ သိပ်သိပ်သည်းသည်း မှောင်မိုက်နေတဲ့

စင်္ကြ၀ဠာရဲ့ ဟိုးအဝေးတစ်နေရာက ကြယ်သေအစုအဝေးလိုပဲ

အာမခံချက်မဲ့တဲ့ ရှင်သန်မှုမှာ အပြန်အလှန် ယုယကြင်နာရင်း

ဒီနှင်းစက်တွေကို မနာကျည်းမိဖို့ လူမွေးလူတောင်ထက်

ပခုက္ကူယက် ဂွမ်းစောင်တစ်ထည် အိမ်သားစေ့ဖို့ လိုနေသေးတယ် ...


အရောင်မှိန်မှိန် လျှပ်စစ်မီးအိမ်ငယ်ရှေ့ထမင်းဝိုင်းက

ဖွားဖွားပြောတဲ့ ကိုယ်တွေ့ ဘ၀ပုံပြင်တွေထဲ

ဒုတိယကမ္ဘာစစ်ကြီးနဲ့ ဂျပန်ငပုတွေပါတယ်

ရောင်စုံသူပုန် (အဖွားရဲ့ အသုံးအနှုန်း) ဆိုသူတွေပါတယ်

ဗကပ၊ အလံဖြူ၊ အလံနီ ရွာထဲဝင်မွှေတဲ့ အကြောင်းတွေ ပါတယ်

လက်ဝဲသူငယ်နာပျောက်ဆေး (ကျနော့်ကို) သူ မကျွေးတတ်ပေမယ့်

အနှောင်မဲ့တွေးတတ်ဖို့ လမ်းပြပေးတယ်...


သူများဖတ်မိမှာစိုးလို့ တချို့စကားလုံးတွေ မျက်နှာမှာမပေါ်အောင်

သော့ခတ်သိမ်းဆည်းထားရတဲ့အခါ အရမ်းစိတ်ပိန်စရာကောင်းတာနော်

ကြက်ခြေခတ် အပြုံးလေးတစ်စ တိမ်တွေထဲထိ နက်နက်ရှိုင်းရှိုင်း

တိုးဝှေ့တူးဆွရှာဖွေနေမိဆဲ သတိလက်လွတ်ချန်ရစ်ခဲ့တာ

ဒီလိုပြတ်ရှရှသံယောဇဉ်နဲ့ မေတ္တာတရားတွေပါ ...


ကျနော့်အတွက် မေမေ့အိမ်ဟာ တံခါးခေါက်ဖို့ မလိုတဲ့ ကောင်းကင်ဘုံပဲ

ဒီလိုတပ်အပ်သိလိုက်ရတော့ ကန်မိတဲ့ ခြေအစုံဟာ ညွတ်ခွေပျော့ကျ

မေမေ့ ခြေဖမိုးမှာတော့ ကျနော့် မျက်ရည်စတွေ စိုမြနေလို့ပေါ့

အို . . အသင်လောက

ဘယ်လို အာဃာတတွေနဲ့များ

မေမေ (သို့မဟုတ်) လက်ရဲဇက်ရဲ ကံကြမ္မာ နင်းချေသမျှ လည်စင်းပေးနေရသူကိုမှ

စာနာမှုကင်းမဲ့နေရတာလဲ

ဒီလို အခြေအမြစ်မဲ့ ပေါက်ကွဲသံတွေ နှလုံးရင်ဝ ဆူဝေလျှံပွက်လာတိုင်း

သွေးအန်သလို စာရွက်ပေါ် အန်ထွက်လာ

သမိုင်းပေးခေါင်းမာမှုမှာ လှိုင်းဝဲဂယက်လို ဘောင်ဘင်ခတ်တဲ့

ပစ္စည်းမဲ့ဒေါသ အစိုင်အခဲတွေပါ ရောထွေးပြီး

ရာစုနှစ် နှစ်ခုစာလောက် ခေတ်နောက်ပြန်ဆွဲသွားတတ်သေးပြန်ရော ...


မေမေ့ ဈေးခြင်းတောင်းလေးထဲ ဟင်းရွက်ကန်စွန်းပဲ ပါလာတဲ့နေ့ဆို

လူ့ဆီဦးထောပတ်တွေအတွက် မုဒိတာက

စိတ်ရဲ့ချောင်ကျကျ တစ်နေရာမှာ ဖီလာတိုက်ပြီး ပုံးနေတတ်တယ်

တတိယလှိုင်းရဲ့ အကျယ်တ၀င့်အဋ္ဌကထာ ဆက်ဖတ်ဖို့ထက်

အစာအိမ်နဲ့ အူနံရံတွေပြောတဲ့ ဘာသာစကား

သိမ်ဖျင်းတဲ့ ဦးနှောက်အမှေးပါးအထိ ရိုက်ခတ်လာချိန်

သောက်ရေတစ်ခွက်ခပ် ပန်းကန်တစ်ချပ်ဆွဲ

ထမင်းချမ်းခဲ တစ်တုံးကို ခူးဖဲ့ရင်း

မှုန်မွဲပြာလဲ့ မီးရောင်အောက်က မိသားစုထမင်းဝိုင်းအလယ်

အထူးတလည် တည်ခင်းပြင်ဆင်ထားတာ ငါးပိရည်နဲ့ တို့စရာ

ဒီတိုင်းပြည်အဖို့မှာတော့ ရိုးနိုင်ခဲတဲ့ နတ်သုဒ္ဓါပေါ့ မေမေ . . . ။              ။


ကျော်လင်းထွန်း

Comments