" ခန်းမထဲမှာ အယ်လ်နီညိုကို တွေ့လိုက်တယ် "

အဲဒီနေ့က အခမ်းအနားကို

ဘင်္ဂလားပင်လယ်အော်ရဲ့ လေဖိအားနည်းရပ်ဝန်းနဲ့အတူ

သူဝင်လာခဲ့တယ်

ကလေးတစ်ယောက်လိုပါပဲ . . သူ့အမူအရာတွေက

ဘယ်မှာထိုင်ရကောင်းမလဲ နေရာရွေးနေတယ်

ပြီးတော့ ပွဲခင်းရှေ့ဆုံးတန်းမှာ ထိုင်ချလိုက်တယ်

နေ့အပူချိန်တွေ လျော့ကျသွားသလို

ကပ္ပလီပင်လယ်ပြင်မှာ အများအားဖြင့် သာယာနေသလို

အရာရာငြိမ်သက်အေးချမ်း . . .


ငယ်ငယ်ကဆို သူ့မြင်ရင် ဟာ .. လာပြီဆိုပြီး

အောက်စက် ရီမုဒ်နဲ့ Next ခလုတ်နှိပ်ကြည့်တယ်

သူကတော့ အော်မြဲပဲ

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ မုန်တိုင်းဆင်နေတယ်

ပေါင်ချိန်လာတော့မယ်

ဟိုဘက်က ဟွမ်ဖေးဟုန်လည်း လာတော့မယ်

အယ်လ်နီညိုကြီးကတော့ မသွားသေးဘူး (ဒီလိုသာတွေးမိခဲ့)

တစ်လောက သူ့အကြောင်း ဆရာက ပြောပြတယ်

ပြောတာတွေ များတော့ မမှတ်မိတာတွေလည်းများတယ်

CHIVAS ကြိုက်တာရယ်

ဝမ်းဗိုက်ကချုပ်ရိုးအနာ မကျက်သေးဘဲ

သွေးစက်လက်နဲ့ ရုံးတက်တဲ့အကြောင်းရယ်

ခေါင်းထဲမှာ . . ရင်ထဲမှာ စွဲထင်ကျန်ရစ်နေတယ် . . .


ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိချိန်

သတင်းစာသစ် တစ်စောင်ရဲ့ မိတ်ဆက်ပွဲ

စကားတွေ ဖောင်ဖွဲ့တာ စဲသွားပြီ

လက်ခုပ်လက်ဝါးတွေ တဖြောင်းဖြောင်းမြည်အောင်တီးကြ

(သူအပါအ၀င်) အားလုံး

နေရာကိုယ်စီက ထလိုက်ကြတယ်

အပြင်မှာ ခရမ်းလွန်ရောင်ခြည်ထပ်ညွှန်းကိန်း

မြင့်တက်နေပေမပေါ့

သူ့မျက်ဝန်းတွေကတော့

လူတိုင်းကို မေးခွန်းတစ်ခုမေးနေရဲ့

အဲဒါက

ကျန်းမာတော် မူကြပါစခင်ဗျာတဲ့ . . . ။               ။  




-ကျော်လင်းထွန်း-




Comments