"ကောက်ရိုးနံပါတ်(၆)"




အဲဒီလိုနဲ့ နေလာလိုက်တာ

ကျနော်တို့ရွာမှာ သမ္မာအာဇီဝဆိုတဲ့ မဂ္ဂင်တရားက

မီးနေသည် လူးထားတဲ့ နနွင်းလို

စလယ်ဝင်ဖင်မမဲခင် ပျောက်ကွယ်ပျယ်လွင့်လုမတတ် . . .



ဓါတ်မတည့်မှုတွေ ရောင့်တက်လာပုံများ

တချို့ဆို ပြုံးရမှာ ဓါတ်မတည့်

တချို့ကျ မိရိုးဖလာနဲ့ ဓါတ်မတည့်

တချို့လည် မျက်မှောက်ကာလံဒေသံနဲ့ ဓါတ်မတည့်

ကျနော်ကတော့ သောက်မိတဲ့အခါတိုင်း

အင်ပျဉ်ထတတ်လို့ ဂရန်းတော်ဝင်နဲ့ ဓါတ်မတည့်

တချို့များကျပြန်တော့

ပဲကြားပြုတ်နဲ့ ဓါတ်မတည့်

မီးကျွမ်းပေါင်မုန့်ကို နီစို့စို့ပျစ်ချွဲချွဲယိုနဲ့သုပ်ပြီး

စားလိုက်ရမှ ဗိုက်ဝသတဲ့ . . .



အရီးသောင်းတို့ အ၀ိုင်းမှာ

ညိုတုတ်ကြီးပျောက်နေတာကြာပေါ့

အဲ . . ဟွန်ဒါဆိုလား ၊ ဘွန်ဘာဆိုလား

အဲဒီအကောင်တော့ ရောက်လာတာမကြာသေးဘူး

ဗျာ . . လန်ခရူဇာ

ဟိုဖြူဖြူတုတ်တုတ်ခပ်ဖီးဖီးအကောင်မလား

စက်ကွင်းထဲက ဦးသာချိုအ၀ိုင်းမှာ ရှိတာလေ

နေလိုက်တော့ ကိုယ့်လူရေ

အောက်(တ်)အော့(ဖ်)ဒိတ်ပဲ

ရွာထိပ်မှာ လန်ဘိုကီးနီးတစ်ကောင်

ရောက်လာပြီးကတည်းက

သိပ်ဟိတ်ဟန်မလုပ်ရဲတော့ဘူး . . .



တောင်ပိုင်းမှာတော့ အိုနာကျိုးကန်းတွေပဲ

ဖွတ်ချပ်ဖွတ်ချပ် ဘူဂွမ်တွေပဲ

လူစင်စစ်က ငါးချဉ်ဖြစ်ဖို့ မြော့မြော့ပဲ ကျန်တော့တာကို

ကိုးမြီးတစ်ဝိုင်းစာရသေးတယ်တဲ့

မင်းကြီးတော် သေမှဝိုင်းပါလားလို့ ပြောပစ်ချင်တာဗျာ

ပါးစပ်ကိုယားနေတာပဲ . . .



အဲဒီလိုနဲ့နေလာလိုက်တာ

ကျနော်တို့ရွာမှာ နာတာရှည်ပြဿဒါးက

မဟားတရားကို ဆန့်ထွားနေဆဲပါ . . . ။            ။



ကျော်လင်းထွန်း
Art Credit: Thomas Hart Benton

Comments