"စိမ်းရင့်နီဆွေး တော်လှန်ရေးကဗျာ"
ဦးလှထွန်းရေ ... သတိသံဝေဂတွေအကြောင်း မပြောဘူး
ရောင်းတန်းဝင် ဘောင်ထဲက ကဗျာတွေ အကြောင်းလည်း မပြောဘူး ..
ပိတောက်ပန်းတွေ ပျောက်ခဲ့တယ်
လင်းယုန်တွေ ကမ်းစပ် ရောက်မလာသေးဘူး
ဦးလှထွန်း မကြားချင်တဲ့ စစ်ပွဲသံတွေလည်း
ညံစီဝေဆဲပါ ...
ကျနော်တို့က လက်မနှစ်ချောင်းနဲ့
ဖန်သားပြင်ပေါ်ပွတ်ပြီး စပ်တယ်
ဦးလှထွန်းတို့ကတော့
ဖယောင်းတိုင်မီးလေးမှုန်ပြပြ
ခွေးအူသံတွေ ဆူညီးနေတဲ့ ညနက်နက်တွေမှာ
ကလောင်တံခွန် လွှင့်ထူခဲ့တယ် ...
အကြီးကြီးတွေ လျှောက်မပြောကြေး
"ဟိုးဝေးဝေးကတောင်တန်းတွေကို မေးတင်လို့ .. .. .. .."
ကျနော်တို့ ပြန်လာခဲ့ပါ့မယ် ခင်ဗျာ
"သမဂ္ဂကို တည်ကြ ဆောက်ကြ
ညီညွတ်ကြလော့ .. "
"ဓနရှင်စနစ် အလိုမရှိသည်က အစ
မြင်းခွာပေါက်သံ တဖြောင်းဖြောင်း
ရဲရင့်နီမောင်းသော အလံတော် ..."
ဦးလှထွန်းရေ ...
သွားနှင့်ဦးပါ .. သွားနှင့်ပါ
ပါးခုံးပြောင်း ထမ်းပြီးသား ဝန်တာတွေ
ပစ်ချခဲ့ ...
စိတ်ဖြောင့်ဖြောင့်နဲ့သာ သွား
"ပျော်ရွှင်စရာ ... ကမ္ဘာအသစ်
ကမ္ဘာအသစ်
စစ်မရှိတဲ့အရပ် ဖြစ်ပါစေသတည်း .... "
-KLT-
February 2, 2017



Comments
Post a Comment