"တိမ်ဖြူ"

အဖြူရောင်စစ်ထုတ်မှု သီအိုရီနဲ့
ငှက်ငယ်လေးတွေ အိပ်တန်းတက်နေတာ
အချိန်အခါတွေ ... လွဲချော်မှုတွေနဲ့
သိမ်ဖြူလမ်းပေါ် သက်ပြင်းတွေ ဖိတ်စင်ကျလာ ….

ဘုရားသခင်ထံပါး ဆုတောင်းစကားတွေရယ်
အာဖရိက အသုဘတမ်းချင်း
ဒီဒဗလျူမှာ နာရေးသတင်းတစ်ပုဒ် နားထောင်နေမိ
လက်နက်ကိုင် ပဋိပက္ခတွေနဲ့
လူ့အခွင့်အရေးဖက်ထုပ်ဆီချက်
ကျစ်ဆံမြီးကျစ်ထားတဲ့ မွှေးပျံ့အခိုးအငွေ့တွေရယ်
နောက်ပြီးတော့ ဘာတွေကို ပြင်ဆင်ရမှာလဲ ….

သိမ်ဖြူလမ်းအတိုင်း ဆက်လျှောက်လာခဲ့
တိမ်ဖြူတွေ ခေါင်းပေါ် အုံ့ဆိုင်းလို့ ....

နေကြာပန်းတွေရဲ့ ငိုသံတွေနဲ့
အကန့်အသတ်ရှိတဲ့ ရင်ခုန်သံတွေကြားမှာ
ဒီမိုးရေစက်တွေဟာ ပြဿဒါးရက်ရာဇာရယ်မရှိခဲ့
ဟွန်းသံရှည်တွေ ဖြည်းဖြည်းညင်းညင်း ဆွဲတီးသွားတယ်
နားလည်မှုအလွဲအမှားတွေနဲ့
အဲဒီညနေခင်းတွေက 
ကိုယ့်ဆီရောက်ရောက်လာကြတယ်။

#KLT
PM 2:05 
27 / May / 2018


Comments