“ရှားလော့ခ်ဟုမ်း၏ နောက်ဆုံး ပုံပြင်”





စာရေးသူအကြောင်း
= = = = = = =

မိုက်ကယ် ဒစ်ဘ်ဒင်ကို အင်္ဂလန်နိုင်ငံ၌ ၁၉၄၇ ခုနှစ်တွင် မွေးဖွားသည်။ အိုင်ယာလန် မြောက်ပိုင်းတွင် ကျောင်းတက်ခဲ့ပြီး အင်္ဂလန်နှင့် ကနေဒါနိုင်ငံတို့ရှိ တက္ကသိုလ်များတွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။
၎င်းရေးသားသည့် ပထမဆုံး ၀တ္ထုဖြစ်သော “ရှားလော့ခ်ဟုမ်း၏ နောက်ဆုံး ပုံပြင်” ကို ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေသည်။  ၁၉ ရာစုနှောင်းပိုင်းက လန်ဒန်မြို့တွင် အမှန်တကယ် ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော သွေးထွက်သံယို လူသတ်မှုများအကြောင်းကို ထိုဝတ္ထုတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ သတင်းစာများက ထိုလူသတ်သမားကို ဓားရာဇာဂျက် (Jack the Ripper) ဟု ကင်ပွန်းတပ်ကြပြီး ၎င်းကို မည်သည့်အခါကမှ မဖမ်းဆီးနိုင်ခဲ့ပေ။ ဤ၀တ္ထုသည်လည်း တမူထူးခြားလှသည့် စုံထောက်ဝတ္ထုပင် ဖြစ်သည်။  ထင်ပေါ်ကျော်ကြားသည့် စုံထောက်ကြီး ရှားလော့ခ်ဟုမ်းနှင့် ၎င်းကို ကလောင်ဖြင့် ဖန်တီး အသက်သွင်းခဲ့သူ စာရေးဆရာကြီး ဆာအာသာကွန်နန်ဒွိုင်ရယ်လ်တို့ နှစ်ဦးစလုံးကို ဤ၀တ္ထုတွင် မြင်တွေ့ရမည် ဖြစ်သည်။ ဒစ်ဘ်ဒင်၏ ၀တ္ထုသည် လွန်လေပြီးသော နှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ရပ်များနှင့် လူများအကြောင်း သီကုံးရေးဖွဲ့ထားခြင်း ဖြစ်သော်ငြား အကောင်းနှင့် အဆိုးတို့ကို ခေတ်သစ် အယူအဆများဖြင့် ချဉ်းကပ်ထားကာ ရှားလော့ခ်ဟုမ်းအား တစ်ချိန်တည်းတွင် ခြားနားသည့် လူနှစ်ဦး အသွင် တင်ဆက်ထားသည်။
“ရှားလော့ခ်ဟုမ်း၏ နောက်ဆုံး ပုံပြင်” ကို ရေးပြီးနောက် မိုက်ကယ် ဒစ်ဘ်ဒင်သည် အီတလီ နိုင်ငံ၊ ပီရူးဂျီယာ တက္ကသိုလ်၌ အင်္ဂလိပ်စာ သင်ယူလျက် ၄ နှစ်ခန့် အချိန်ကုန်လွန်စေခဲ့သည်။ ၎င်း၏ ဒုတိယမြောက် သဲထိတ်ရင်ဖိုဝတ္ထု ဖြစ်သော “သူကြွယ်တစ်ဦး၏ မရဏ”  သည် ၁၉၈၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး ယင်း၏ နောက်ဆက်တွဲ အဖြစ် “ကြွက်မင်း” ၀တ္ထုကို ၁၉၈၈ ခုနှစ်၌ ထုတ်ဝေခဲ့ကာ အီတာလျံ စုံထောက် အင်စပတ်တာ အော်ရယ်လီယိုဇန်ကို စတင်မိတ်ဆက်လိုက်သည်။ နောက်ပိုင်းတွင် ဇာတ်ကောင် အင်စပတ်တာဇန်၏ ၀တ္ထုပေါင်းများစွာနှင့် အခြား မှုခင်းဝတ္ထုရှည်များကိုလည်း ရေးသားခဲ့သည်။
ဒစ်ဘ်ဒင်သည် ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး အစဉ်သဖြင့် အံ့အားသင့်ရသလို ရံခါတွင် အရွှန်းဖောက်တတ်သည့် မြန်မြန်သွက်သွက်နှင့် ထက်ထက်မြက်မြက် ဖွဲ့သီအပ်သော မှုခင်းဝတ္ထုရှည်များအား ဆက်လက် ရေးသားနေသည်။





အမှာစာ
ဆာအာသာကွန်နန်ဒွိုင်ရယ်လ်၏ စုံထောက်ကြီး ရှားလော့ခ်ဟုမ်းနှင့် ဒေါက်တာဝပ်ဆန် အခန်းဆက် ၀တ္ထုများကို ပရိသတ်များစွာ အားပေးနှစ်သက်ခဲ့ကြသည်။ သို့ရာတွင် ဟုမ်းနှင့် ၀ပ်ဆန်တို့သည် ၀တ္ထုထဲက ဇာတ်ကောင်မျှသာ မဟုတ်ဘဲ အမှန်ပင် အပြင်လောကတွင် ရှိသည်ကို မည်သူ သတိရပါသေးသနည်း။ ကွန်နန်ဒွိုင်ရယ်လ်က စာအုပ်ထဲမှ ဇာတ်ကောင်များအဖြစ် မဖန်တီးခင်ကတည်းက ၎င်းတို့ သက်ရှိထင်ရှား ရှိခဲ့ကြသည်ကို လူတိုင်း မေ့နေသည်။
ဒေါက်တာ ၀ပ်ဆန်သည် ၁၉၂၆ ခုနှစ်၊ အသက် ၇၃ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းကွယ်လွန်ချိန်တွင် သော့ခတ်ထားသည့် သေတ္တာတစ်လုံး ထားရှိခဲ့ကာ ထိုသေတ္တာအား နောင်အနှစ် ၅၀ မပြည့်မချင်း လုံးဝမဖွင့်ရန် မှာခဲ့သည်။
အနှစ် ၅၀ လုံးလုံး ထိုသေတ္တာသည် ဘဏ်တစ်ခု၏ မြေအောက်ရှိ မှောင်မိုက်သည့် အခန်းတွင်းဝယ် သိမ်းဆည်း သိုဝှက်ခံထားရသည်။ နှစ်ကာလများ ကုန်လွန်ခဲ့ပြီးနောက် ကမ္ဘာကြီးသည်လည်း များစွာ ပြောင်းလဲသွားသည်။
၁၉၇၆ ခုနှစ်တွင် ထိုသေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာတွင်း၌ စာထုပ်တစ်ထုပ် ရှိပြီး ယင်းစာရွက်များက ဆိုးရွားရက်စက်သော ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည်။ အချို့ကမူ ယင်းပုံပြင်မှာ ဖြစ်ရပ်မှန်မဟုတ်နိုင်ဟု ဆိုကြသည်။ ၎င်းတို့က ၀ပ်ဆန် လိမ်ညာနေခြင်း သို့မဟုတ် ဤစာများကို ရေးသားစဉ်တွင် ၀ပ်ဆန်မှာ မမာမကျန်း၍သာ ဖြစ်မည်ဟု ဆိုကြသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ကျွန်ုပ်တို့ အနေဖြင့် တပ်အပ်မပြောနိုင်ပေ။ ထို့ကြောင့် တတ်နိုင်သမျှ အချက်အလက်များကို စစ်ဆေးခဲ့ရာ ဤပုံပြင်မှာ မှန်ကန်နိုင်ကြောင်း သိလာရသည်။ ဖြစ်နိုင်ခြေရှိသည့် အကြောင်းချင်းရာ ဖြစ်ကာ ယုတ္တိတန်လှသည်။ ယခု သင်ကိုယ်တိုင် ဖတ်ရှု၍ ဆုံးဖြတ်ကြည့်ပါ။
အယ်ဒီတာအဖွဲ့

နိဒါန်း
ကျွန်တော့် မိတ်ဆွေ စာရေးဆရာ ကွန်နန်ဒွိုင်ရယ်သာ ဤ၀တ္ထုကို တင်ဆက်လျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း။ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ကောင်းအောင် သူ ရေးပေလိမ့်မည်။ ကျွန်တော်ကမူ ထိုသို့ မရေးသားနိုင်။ ကျွန်တော်သည် စာရေးဆရာတယောက် မဟုတ်ပါ။ ဆရာဝန်တယောက်၊ စစ်သားတယောက်မျှသာ ဖြစ်သည်။ အစီရင်ခံစာ တစောင်အဖြစ်ထက်ပို၍ မရေးချွတ်နိုင်ပေ။
ကျွန်တော်ရေးသည့် စာကိုရော မည်သူက ဖတ်မည်နည်း။ ၁၉၇၆ ခုနှစ်တွင် ကမ္ဘာကြီးသည် မည်သို့မည်ဖုံ ဖြစ်နေနိုင်ပါအံ့။ ဖြစ်နိုင်ချေရှိသည်က ထိုအချိန်တွင် ရှားလော့ခ်ဟုမ်းနှင့် ဓားရာဇာဂျက်ဟူသော အမည်နာမများကိုပင် လူတို့ သိချင်မှ သိတော့မည်။ ကွန်နန်ဒွိုင်ရယ်၏ အံ့မခန်း ၀တ္ထုကြီးများကိုလည်း မေ့နေလောက်ပြီ။ ရှင်းပြစရာများကတော့ တပုံတပင်။ စာဖတ်သူ စိတ်ရှည်သည်းခံပေးရန်သာ ကျွန်တော် တောင်းပန်ရမည်။
ACD ဟု အမြဲခေါ်သည့် စာရေးဆရာ ကွန်နန်ဒွိုင်ရယ်ကို ပထမဆုံး ဆုံမိချိန်က ကျွန်တော်နှင့် ရှားလော့ခ်ဟုမ်း လက်တွဲလာခဲ့သည်မှာ လေးနှစ်ခန့်ရှိနှင့်နေပြီ။ ကျွန်တော့်လိုပင် ကွန်နန်သည်လည်း ဆရာဝန်တယောက် ဖြစ်၏။ နောက်ပိုင်း ကျွန်တော်တို့ အလွန်ခင်မင်သော မိတ်ဆွေများ ဖြစ်လာသည်။ သူတွေ့ကြုံရသော ဆေးရုံဘ၀ပုံပြင်များအား စိမ်ပြေနပြေ ပြောလေရာ ကျွန်တော်ကလည်း အာဖဂန်နစ္စတန်၌ စစ်ဆရာဝန်တယောက်အဖြစ် တာဝန်ထမ်းရွက်ခဲ့ပုံများကို ပြန်ပြောပြဖြစ်ခဲ့သည်။
ရှားလော့ခ်ဟုမ်းအကြောင်းကိုလည်း မကြာခဏ ပြောဖြစ်နေသည်။ ထိုစဉ်က ဟုမ်းကို လူသိအလွန်နည်းသေးသည်။ ရဲတပ်ဖွဲ့နှင့် ရာဇ၀တ်သားတချို့သာ သူ့ကို အလွန်တော်သော စုံထောက်ကြီးအဖြစ် သိနေခဲ့ကြခြင်းဖြစ်သည်။ ကွန်နန်က ကျွန်တော်ပြောသော ပုံပြင်များကို သဘောကျပုံရ၏။ ဟုမ်း လိုက်သော အမှုများအကြောင်း နားထောင်ချိန်တိုင်း မည်သည့်အခါမျှ ပင်ပန်းနွမ်းရိသည်ဟူ၍ မရှိပေ။
ဟုမ်းအပေါ်မှာ ကွန်နန် အထူးတလည် စိတ်ဝင်စားမှုရှိကြောင်း မသိမြင်ခင်အထိ ကျွန်တော်တို့ချင်း အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ကြပြီး ကောင်းမွန်သော ညစာစားပွဲများစွာကိုလည်း သုံးဆောင်ခဲ့ကြသည်။ သူက စာရေးဆရာတယောက် ဖြစ်ချင်နေသည်။ အထိုက်အလျောက် အောင်မြင်မှုလေးလည်း ရထားသည်။ ယခု သူက ဖြစ်ရပ်မှန်မှုခင်း အကြောင်းအချက်များ သုံး၍ ဟုမ်းအကြောင်း ရေးချင်နေပါကော။ သို့သော် သူ့ကိုယ်ပိုင် အတွေးစိတ်ကူးများလည်း ထည့်ရေးပေမည်။ ထူးကဲသော အကြံဉာဏ်တခု ဖြစ်သည်ကို မြင်မိရာ မိတ်ဆွေတဦး ကျော်ကြားလာတော့မည်ဟူသော အတွေးနှင့် ပျော်နေမိသည်။
ဟုမ်းကို ထိုအကြောင်း ရှင်းပြသည့်အခါ သူက ဆေးတံကြီး ကိုင်ပြီး တိတ်တဆိတ် နားထောင်နေခဲ့၏။ ထို့နောက် “ခင်ဗျား မိတ်ဆွေက ရေးနိုင်ပါ့မလား၊ ဖြစ်ရပ်မှန် ၀တ္ထုတခုကို ပြောပြနိုင်ပါ့မလား၊ မုသားတွေနဲ့ ဖြစ်ရပ်မှန်အကြောင်းအချက်တွေကြားက ကွဲပြားမှုကို သူ နားလည်ပါ့မလား” ဟု မေးသည်။
“လုပ်နိုင်မှာပါ။ အခုမှ စရေးတာဆိုပေမယ့် သူက ခေတ်ဆန်နေပါပြီ”
“ခေတ်ဆန်တယ်။ သူခေတ်ဆန်တာကို ကျုပ်က ဘယ်လို စိတ်ဝင်စားနိုင်မလဲ။ ခေတ်ဆန်တဲ့ စာရေးဆရာ တယောက်က ကျုပ်လိုက်တဲ့ မှုခင်းရဲ့ ဖြစ်ရပ်မှန် အကြောင်းအချက်တွေကို တည်ကြည်လေးနက်တဲ့ စိတ်ဝင်စားမှုရှိနိုင်ပါ့မလား”
ကျွန်တော် ပြန်မဖြေနိုင်ပါ။ ဟုမ်းက တိတ်တဆိတ်ထိုင်လျက် မီးလင်းဖိုကို ကြည့်နေ၏။ နောက်ဆုံးတွင် သူက “ကောင်းပြီလေ၊ သူကြိုးစားမှာပေါ့။ သူလုပ်နိုင်တာ ပေးလုပ်လိုက်ပါ။ “မျှော်လင့်ချက်” ဆိုတဲ့ အမှုကို ခင်ဗျား မှတ်တမ်းရေးထားတာတွေ သူ့ကို ပို့ပေးလိုက်ပါ ၀ပ်ဆန်” ဟု ဆိုသည်။
နောက်တနေ့တွင် ကွန်နန်ဆီသို့ ကျွန်တော် စာပို့လိုက်သည်။ ၀တ္ထုကို သူ စတင် ရေးသားခဲ့သည်။ ထိုဝတ္ထုအား သူက “ကြက်သွေးရောင်တွင်း လေ့လာချက်” ဟု နာမည်ပေးခဲ့သည်။ စာအုပ်ဆိုင်များပေါ် ရောက်ရောက်ချင်း အမြန်ပြေးဝယ်ပြီး ပန်းခြံတခု၌ နာရီအတန်ကြာအောင် ထိုင်ဖတ်နေခဲ့သည်။ ၀တ္ထုက အလွန်ကောင်းသည်။ မြန်မြန်သွက်သွက်၊ စိတ်လှုပ်ရှားဖွယ်ဖြင့် လက်ရာ ပြောင်မြောက်လှသည်။ ထို့နောက် မုန့်ဖုတ်သမားလမ်းကို အပြေးလာခဲ့မိ၏။ ဟုမ်းအား ဤစာအုပ် ပေးဖတ်ချင်လှပြီ။
အခန်းထဲသို့ ကျွန်တော် ၀င်လာရာ သူက ချက်ချင်း လှမ်းကြည့်လိုက်၏။
“ခင်ဗျားနောက်ကျတယ် ၀ပ်ဆန်၊ ဒီစာအုပ်ကို ယူလာပြရမှာ ရှက်နေလို့လား”
“ရှက်ရမယ် ဟုတ်လား ဟုမ်း၊ ဘာမှ ရှက်စရာမရှိဘူး၊ ကွန်နန်ရေးထားတာ သိပ်ကောင်းတယ်။ ခင်ဗျားလည်း ဖတ်ပြီးလောက်ရောပေါ့။ ဘာလို့မကြိုက်ရတာလဲ”
ထိုသို့ ပြောမိ၍ မကြာမီပင် စိတ်မကောင်း ဖြစ်ခဲ့ရသည်။
“ဒီစာအုပ်ကို ကြိုက်ရမယ် ဟုတ်လား၊ အလကား ၊ အရိုင်းအစိုင်း မဟုတ်တမ်းတရမ်းတွေ၊ ဖြစ်ရပ်မှန် အကြောင်းအချက်တွေကို ဂရုမထားဘူး၊ မလိုတဲ့ မုသားပေါင်းစုံ ထည့်ပြီး သိမ်ဖျင်းတဲ့ အမှားအယွင်းတွေလည်း အများကြီး လုပ်ထားတယ်”
“ဒါပေမဲ့ ဟုမ်း . . . “
“သူဘယ်လို ဆရာဝန်မျိးလဲ ကျုပ်အံ့သြမိတယ်။ သူ့ရဲ့ လူမမာတွေအတွက်တော့ ကျုပ်စိတ်မကောင်းဘူးဗျာ။ လူမမာတယောက် ဗိုက်အောင့်နေလို့ ခြေထောက်ကို သူဖြတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းမျိုးကြားရရင် ကျုပ် အံ့အားသင့်မိမှာ မဟုတ်ဘူး။ ဒီလူက အမှန်တရားတွေအပေါ် စိတ်မ၀င်စားတာ အရှင်းသားပဲဟာ”
ကျွန်တော် တတ်နိုင်သမျှ စိတ်ကို ငြိမ်အောင်ထားပြီး “ဟုမ်း ၊ စာရေးဆရာဆိုတာကတော့ အစီရင်ခံစာ တစ်ဆောင်ရေးသလို အချက်အလက်တွေပဲ ရေးမှာ မဟုတ်ဘူးလေ။ ဖတ်ချင့်စဖွယ်ဖြစ်အောင် သူရေးမှာပဲ၊ ခင်ဗျား ဒါကို နားလည်မှာပါ။” ဟု ဆိုရာ ဟုမ်းက ချိုသာစွာ ပြုံရယ်လိုက်သည်။
“ကိုယ့်လူရာ၊ ခင်ဗျားက ကောင်းမွန်ပြေပြစ်တဲ့ အရေးအသားတွေအကြောင်းသိတာ ကျုပ်မေ့သွားတယ်။ အမှုမဲ့အမှတ်မဲ့ အမှားအယွင်းလေးတွေအတွက် ကျုပ်စိုးရိမ်နေတာ ဘယ်လောက်တောင် ညံ့လိုက်လဲ၊ ဒါပေမဲ့လေ . . . ခင်ဗျား မိတ်ဆွေ မစ္စတာ ဒွိုင်ရယ်က ကျုပ်ရဲ့ အလုပ်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို မသိတာတော့ ပေါ်လွင်နေသဗျို့။ ကျုပ် ရင်ဆိုင် တိုက်ခိုက်ခဲ့ရတဲ့ ရာဇ၀တ်ကောင်တွေဟာ သိမ်ဖျင်းတယ်လို့ သူက ထင်တယ်။ အဲဒီလို မဟုတ်ဘူး။ ကျုပ်ဟာ သိပ်ကြောက်မက်ဖွယ် ကောင်းတဲ့ ရာဇ၀တ်ကောင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာပါ။ ဒါကို သူနားမလည်ဘူး။ ဒီစာအုပ်က အလကားပဲ၊ ဒီစာအုပ်ရယ်၊ ခင်ဗျား မိတ်ဆွေ စာရေးဆရာဆိုတဲ့ လူရယ်နဲ့ ဝေးဝေးသာနေပေတော့”
ကွန်နန်ကို မည်သို့ပြောရပါအံ့ဟု တွေဝေနေမိသည်။ သို့သော်လည်း စိုးရိမ်ရန်မလိုပါ။ “ကြက်သွေးနီရောင်တွင်း လေ့လာချက်” က မအောင်မြင်ခဲ့ပေ။ သူလည်း တခြားအကြောင်းတခု ရေးရန် အစပျိုးခဲ့သည်။ နှစ်အတန်ကြာမှာတော့ ဟုမ်းအကြောင်း ပြန်ရေးရန် သူ ဆုံးဖြတ်လိုက်ပြန်သည်။ သို့ရာတွင် ထိုအချိန်၌ ကျွန်တော့်အနေနှင့် အခြား အတွေးနယ်ချဲ့စရာများက ရှိလာသည်။ မစ်မယ်ရီမော်စတန်နှင့် ကျွန်တော် ချစ်ကျွမ်းဝင်နေပြီ ဖြစ်သည်။ ကျွန်တော့်ကို လက်ထပ်ရန် သူမ သဘောတူလိုက်ချိန်တွင် ပျော်ရွှင်ခြင်း အပြည့်နှင့် မိတ်ဆွေကြီး ဟုမ်းကို ပြောရန် အပြေးအလွှား သွားခဲ့သည်။
“ဒီအကြောင်း ကြားရတာ ပျော်တယ်ဆိုပြီး ကျုပ် ဟန်မဆောင်တတ်ဘူးဗျာ” ဟူသော အေးတိအေးစက်နှင့် အံ့အားသင့်ဖွယ် လေသံကို ယခုထက်တိုင် ကြားယောင်နေတုန်းပင်။
ကျွန်တော် အတော်လေး စိတ်ထိခိုက်ခဲ့သော်လည်း ကြိုးစား၍ ပြုံးပြခဲ့သည်။
“ကောင်းပါပြီ ဟုမ်း၊ ကျုပ် ဇနီးဆီ ပြန်တဲ့အခါ ခင်ဗျား သိပ်ပြီး အထီးကျန်မနေဖို့ မျှော်လင့်ပါတယ်”
သူ၏ မျက်နှာထက် အရိပ်တခု ဖြတ်ကျော်သွားသည်။
“အို . . မဟုတ်တာ၊ ကျုပ်မှာ ကိုကင်းဆေးအိုးလေး ရှိတယ်”
ဤအပြောသည် ကျွန်တော့်ထံမှ အကူအညီကို တောင်းခံခြင်းလော။ သူ့အား ကယ်တင်နိုင်ပါတော့မလား။ ကျွန်တော့်ကို လိုအပ်မည်ဟုသာ ထင်မိခဲ့ခြင်းက သူ့အား ကျွန်တော် ရှုံးနိမ့်သွားစေခဲ့သည့် အချက် ဖြစ်သည်။

အခန်း (၁)
ပထမဆုံး လူသတ်မှု
ကျွန်တော်နှင့် မဆုံတွေ့မီ ၄ နှစ်အလို ၁၈၇၇ ခုနှစ်တွင် ရှားလော့ခ်ဟုမ်းသည် စုံထောက်တယောက် ဖြစ်လာခဲ့၏။ အစပိုင်းတွင် မှုခင်းတိုင်းကို နှစ်ခြိုက်မှုရှိသော်လည်း မကြာမီပင် ယင်းအမှုများမှာ လွယ်ကူလှကြောင်း သူ စတင်တွေ့ရှိခဲ့သည်။ လုပ်သက် ၁၀ နှစ်ကြာပြီးနောက် သူကျော်ကြားလာသော်ငြား အလုပ်အပေါ် မပျော်ရွှင်ဘဲ ပျင်းရိလာခဲ့သည်။
“ခုခေတ် ရာဇ၀တ်ကောင်တွေက သိပ်ကို နှေးကွေးပြီး ဖျင်းလာတယ်” ဟု သူက မကြာခဏ ပြောသည်။
“ကျုပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အမှုတခုခု လိုက်ချင်တယ် ၀ပ်ဆန်၊ ကျုပ်ကို တွေးစရာလေးတွေ ပေးမယ့် အမှုမျိုးပေါ့ဗျာ၊ ဒီခေတ် ကမ္ဘာပေါ်မှာ သိပ်တော်တဲ့ သူခိုး ဒါမှမဟုတ် လူသတ်သမားတွေ မရှိကြတော့ဘူးလား”
ဟုမ်းကဲ့သို့ လူရည်ချွန်တဦး ပျင်းတွဲ့လာခြင်းက အန္တရာယ်ရှိလှသည်။ တချို့နေ့များတွင် သူ ရုန်းရင်ဆန်ခတ် ထဖြစ်လာတတ်သည်။ တခါကဆိုလျှင် သူ့အခန်းထဲက နံရံများကို သေနတ်နှင့် အချက်များစွာ လျှောက်ပစ်နေခဲ့ဖူးသည်။ ကိုကင်းကိုလည်း စတင် သုံးစွဲလာတော့သည်။
စာဖတ်သူ အနေဖြင့် ကိုကင်းကို သိမည်ဆိုပါက ကျွန်တော် အံ့အားသင့်မိပါမည်။ ၁၉၇၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ ကိုကင်းအား အသုံးပြုကြတော့မည် မဟုတ်တန်ရာ။ ယင်းမှာ အသုံးဝင်လှသော ဆေးဝါးတခု ဖြစ်ပြီး ထိခိုက်နာကျင်နေသော လူနာများအတွက် ဆရာဝန်တို့ နည်းမှန်လမ်းကျ ပေးရသည့် ဆေးဖြစ်သည်။ သို့သော် ဟုမ်း၏ ခန္ဓာတွင် ဒဏ်ရာရောဂါတစုံတခုမျှ မရှိ။ သူက ကိုကင်းကို နှစ်သက်၍ မူးယစ်ဆေးအဖြစ် သုံးစွဲနေခြင်း ဖြစ်သည်။ ရှည်လျားလှသည့် နေရက်များကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ယင်းက ဖန်တီးပေးသည်။ သုံးပြီး မကြာမီပင် နေ့စဉ်သုံးချင်လာတော့သည်။ ဟုမ်းသည် ကိုကင်းမရှိဘဲ မနေနိုင်သည့် အခြေသို့ ရောက်လာခဲ့သည်။
ဖြတ်ရန် ကျွန်တော် ပြောသော်လည်း သူက ရယ်မောနေခဲ့သည်။
“ကိုယ့်လူရာ၊ ကျုပ်လည်း ဖြတ်ချင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အမှုတခုပဲ ကျုပ်ဆီ ယူလာခဲ့။ ခက်ခက်ခဲခဲ လိုက်ရမယ့် အမှုကြီးသာဆို ကိုကင်းကို ကျုပ် မေးထားလို့ရပါတယ်”
၁၈၈၈ ခုနှစ်၏ နေ့တနေ့တွင် လန်ဒန်ရဲဌာန၊ မှုခင်းစုံစမ်းရေးဌာနချုပ် (စကော့တလန်ယာ့ဒ်) မှ အကြောင်းကြားစာတစောင် ရောက်လာသည်။ ဖွင့်ဖောက်ဖတ်ရှုပြီးနောက် ဟုမ်းက ခြေကို ဆောင့်လျက် ရယ်မောလိုက်သည်။
“ရဲအုပ် လပ်စ်ထရိတ်က ကျုပ်ကို တွေ့ချင်သတဲ့၊ ရဲတပ်ဖွဲ့ကတော့ ကျုပ်အကူအညီ လိုနေပြီ ၀ပ်ဆန်၊ လန်ဒန်အရှေ့ပိုင်းခရိုင် ၀ှိုက်ချပ်ပယ်လ်မှာ အမျိုးသမီးတွေ အသတ်ခံနေရတာ ခင်ဗျား သိတယ်မလား”
“သိတာပေါ့၊ သတင်းစာတွေမှာလည်း ဒီအကြောင်းရေးထားတာ အပြည့်ပဲ၊ အမျိုးသမီး သုံးယောက်သေသွားပြီ။ ရဲတပ်ဖွဲ့က လူသတ်သမားကို ရှာနိုင်မယ့်ပုံ မပေါ်ဘူး။ ဒီအကြောင်း လူတိုင်းသိတယ်။ ၀ှိုက်ချပ်ပယ်လ် လမ်းတွေပေါ်က အဲဒီလိုအမျိုးသမီးတွေရဲ့ အသက်က တန်ဖိုးမရှိပါဘူး။ ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့ သေမှုသေခင်းတွေရဲ့ ဘယ်အချက်က ခင်ဗျားကို စိတ်ဝင်စားစေတာလဲ”
“ဒါဟာ ထူးခြားတဲ့ အမှုပဲ ၀ပ်ဆန်၊ ဒီအမှုကို လေ့လာပြီးပြီ။ ရဲတပ်ဖွဲ့က ကျုပ်အကူအညီ လိုလာမယ်ဆိုတာလည်း သိထားတယ်။ အဖြစ်မှန်တွေကို ခင်ဗျား နားထောင်ကြည့်မလား”
“ကျေးဇူးပြုပြီး ပြောလှည့်ပါ” ဟု ကျွန်တော်က ပြောလိုက်သည်။ ဤအမှုက ဟုမ်း၏ ကြီးကျယ်ခမ်းနားသော အမှုများအနက်မှ တခုဖြစ်လာပေမည်လား။ နောက်ဆုံးမှာတော့ သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်သည့် အရာတခု သူတွေ့ရှိသွားပြီဟု မျှော်လင့်ခဲ့သည်။
“အသတ်ခံရတဲ့ အမျိုးသမီးတွေက ဆင်းရဲတယ်၊ ငယ်လည်းမငယ် ချောလည်းမချောဆိုတော့ ငွေအတွက်၊ လိင်ရမ္မက်အတွက် သတ်ဖြတ်ခဲ့တာမဟုတ်ဘူး။ ဒါဆိုရင် ဘာကြောင့်သတ်ရလဲ။ ဒီအချက်က ပဟေဠိတခု ဖြစ်နေတယ်။ နောက်ပြီး အမျိုးသမီးတိုင်းကို ဓားတလက်တည်း သုံးပြီး သတ်ထားတာ၊ သတ်တယ်ဆိုတဲ့ နေရာမှလည်း ရုန်းရင်းဆန်ခတ် ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာမျိုးမဟုတ်ဘူး။ အမဲဖြတ်သလို လှီးဖြတ်ခံထားရတာ။ တယောက်ဆို ဗိုက်က ပွင့်ထွက်နေတယ်။ နောက်တယောက်ကျတော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲနေတယ်။ ဒါပေမဲ့ အဆိုးဆုံးအနေအထားတော့ မဟုတ်သေးဘူး။ သတင်းစာတွေမှာ မဖော်ပြနိုင်တဲ့ သတ်ဖြတ်မှုမျိုးတွေ ရှိခဲ့လိမ့်မယ်”
အလောင်းတလောင်း၏ ဆေးစစ်ချက် အစီရင်ခံစာကို သူက ထုတ်ပြသည်။ ဖတ်ကြည့်လိုက်သည့်အခါ သွေးပျက်သွားမိသည်။
“ဘယ်လိုလူမျိုးကများ ဒါမျိုး လုပ်နိုင်ရတာလဲ၊ မိန်းမတယောက်ကို ဒီလိုလုပ်ဖို့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်က ဘာများလဲ။ ဘာကြောင့်ပါလိမ့် ဟုမ်းရေ၊ ဘာကြောင့်လဲ”
သူက အေးစက်စွာ ပြုံးပြသည်။
“ဘာကြောင့်လဲ ဟုတ်လား။ အဲဒါက တကယ့် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပဲ။ ပုံမှန်အတိုင်း အသတ်ခံရတယ်ဆိုရင် ဒီလူသတ်မှုတွေက ဒီလောက်အရေးမကြီးဘူး။ အပတ်တိုင်း အဲဒီလို အမျိုးသမီးတွေ အသတ်ခံနေရတာပဲ။ ဒါပေမဲ့ လူသတ်သမားဟာ ဘာကြောင့် သတ်ပြီးတာတောင် အစိတ်စိတ်ခုတ်ထစ်ပိုင်းဖြတ်ထားရသလဲ။ ဒီမေးခွန်းက အမှုကို သိပ်ပြီး စိတ်လှုပ်ရှားစေတယ်”
ဤစက်ဆုပ်ဖွယ် လူသတ်မှုများကို ရပ်တန့်ပေးနိုင်မည့်သူမှာ ဟုမ်းသာ ဖြစ်သည်။ ထိုအမှုသည် ဟုမ်း၏ ကြီးမားသော အောင်မြင်မှုများအနက်မှ တခု ဖြစ်လာမည်။
ထိုအချိန်တွင် တစုံတယောက် တံခါးလာခေါက်သည်။
“ဟာ . . . အင်စပက်တာ၊ ကြွပါ။ ၀ှိုက်ချပ်ပယ်လ်က လူသတ်သမားကို ဖမ်းဖို့ ခင်ဗျား နောက်ဆုံးပိတ် ကျုပ်ဆီပဲ အကူအညီလာတောင်းဖို့ ဆုံးဖြတ်မယ်ဆိုတာ သိပါတယ်” ဟု ဟုမ်းက ဆိုလိုက်သည်။
ရဲအုပ်လပ်စ်ထရိတ်က ကျေနပ်ပုံမပေါ်။ “ဒီလိုလုံးဝမဟုတ်ဘူး မစ္စတာ ဟုမ်း၊ ကျုပ် မုန့်ဖုတ်သမားလမ်းကို ဖြတ်သွားရင်း ၀င်လာတာ၊ ပြီးတော့ ခင်ဗျား ဒီအမှုတွေကို စိတ်ဝင်စားနေတာလည်း ကျုပ်သိထားတယ်”
“အို ဘယ်လိုမျိုးလဲ၊ ခင်ဗျားတို့ သူ့ကို ဘယ်တုန်းက ဖမ်းမိသွားသလဲ ပြောလှည့်ပါ။ ကျုပ်မပါဘဲ ဖမ်းမိခဲ့တယ်ဆိုရင်တော့ နည်းနည်း စိတ်မကောင်းဖြစ်မိတယ်ဗျာ”
“ကျုပ်တို့ ဘယ်သူ့ကိုမှ မဖမ်းရသေးပါဘူး။ ဒါပေမဲ့ ဖမ်းနိုင်ဖို့ကို သိပ်မျှော်လင့်ထားတယ်။ လူသတ်သမားဆီက စာတစောင့် ကျုပ်ဆီမှာရှိတယ်” ဟု လပ်စ်ထရိတ်က ပြောရာ ဟုမ်း၏ မျက်နှာတွင် ပြုံးရိပ်သန်းသွားပြီး ချက်ချင်းဆိုသလိုပင် မျက်နှာထားကို တည်လိုက်သည်။
“အဲဒီစာကို ကျုပ်ကြည့်လို့ရမလား” ဟု သူက မေးသည်။
ထိုစာကို မင်နီဖြင့် ရေးထားပြီး အောက်ခြေတွင် ဓားရာဇာဂျက်ဟု နာမည်ထိုးထားသည်။
“ကျုပ်လုပ်နေတဲ့ လုပ်ရပ်ကို ကျုပ်နှစ်သက်တယ်။ ကျုပ်ဓားကလည်း သိပ်ကောင်းတာ၊ နောက်တပွဲနွှဲဖို့ အသင့်ပဲ။ နောက်ထပ် ခုတ်ထစ်ပိုင်းဖြတ်ဖို့ စောင့်ဆိုင်း မနေနိုင်တော့ဘူး” ဟု ရေးထားသည်။
ဟုမ်းက လပ်စ်ထရိတ်ဘက်ကို လှည့်ကြည့်ပြီး “ဒီလူသတ်ကောင်ကို ဟန့်တားနိုင်ဖို့ ခင်ဗျားဘာတွေ လုပ်နေလဲ။ ဒီစာအရဆို နောက်တယောက်ကို မကြာခင် သူ သတ်တော့မှာ” ဟု ပြောလိုက်သည်။
“ညပိုင်းဆို ၀ှိုက်ချပ်ပယ်လ်မှာ ရဲတွေ ပိုချထားမယ်။ ပြီးတော့ ဓားရာဇာဂျက် နည်းနည်း အံ့အားသင့်သွားအောင်လည်း လုပ်ဖို့ရှိတယ်” ဟု အင်စပတ်တာ လပ်စ်ထရိတ်က ဆိုကာ အလွန်အရေးကြီးသည်ဟူသော သဘောဖြင့် ကျွန်တော်တို့ကို ကြည့်နေခဲ့ပြီးနောက် “ရဲစွမ်းသတ္တိ အရှိဆုံး တပ်ဖွဲ့ဝင်တချို့ကို အမျိုးသမီးလို ၀တ်ပေးပြီး ဒီကောင် နောက်ထပ် ဘယ်သူ့ကိုမှ မသတ်နိုင်အောင် ဟန့်တားရမယ်” ဟု ပြောပြသည်။
တခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဟုမ်းနှင့် ကျွန်တော် တယောက်ကိုတယောက် ကြည့်ရင်း ရယ်လိုက်ကြသည်။ အရှိန်ပင် မသတ်နိုင်ခဲ့ပေ။
လပ်စ်ထရိတ် အလွန်ဒေါပွသွားလေသည်။
“ခင်ဗျားတို့က လူသတ်မှုကို ရယ်စရာလို့ မြင်နေတယ်ပေါ့။ ကျုပ်တို့နဲ့ လက်မတွဲချင်ဘူးဆိုတော့လဲ သွားရတော့မှာပေါ့။ ဂွတ်ဒ်ဘိုင် ဟုမ်း၊ ဂွတ်ဒ်ဘိုင် ဒေါက်တာ”
ဟုမ်းက ရယ်မောခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ကာ “အင်စပက်တာ၊ ကျုပ် ခင်ဗျားတို့နဲ့ သိပ်ကို တွဲပြီး လုပ်ချင်ပါတယ်။ နေ့လည်ကျရင် ကျုပ်တို့ရဲ့ အစီအစဉ်တွေ သေချာဆွေးနွေးဖို့ ဆုံမယ်လေ” ဟု ပြောသည်။
လပ်စ်ထရိတ် ရွှင်ပျသွားသည်။
သူထွက်ခွာသွားသည့်အခါ ကျွန်တော်က ဟုမ်းကို “ခင်ဗျားက ရဲတွေကို လှောင်ပြီး ဟားတိုက်တယ်၊ ဒါပေမဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ခင်ဗျားမှာ ဘာအကြံဉာဏ်တွေ ရှိလဲ၊ ဘယ်သူသတ်တယ်လို့ ခင်ဗျား ထင်လဲ” ဟု မေးလိုက်သည်။
“တရားခံဘယ်သူလဲတော့ ကျုပ်မသိဘူး ၀ပ်ဆန်၊ ဒါပေမဲ့ သူ ဘယ်လိုလူစားမျိုးဖြစ်မယ် ဆိုတာတော့ သိတယ်။ သူဟာ သိပ်ကို ထူးချွန်သူဖြစ်တယ်။ လပ်စ်ထရိတ်နဲ့ မိန်းမလို ၀တ်စားပြီးဖမ်းမယ့် သူ့ရဲတွေအတွက်တော့ အလွန်ထူးကဲတဲ့ လူသတ်ကောင်တယောက် ဖြစ်နေမှာပါ။ မဟုတ်သေးပါဘူး၊ သူက ကျွန်တော့်အတွက်ပဲ ဖြစ်ရမှာပေါ့။ ကျွန်တော် စောင့်စားခဲ့ရတဲ့ ရာဇ၀တ်ကောင်ဟာ သူပဲ။ သူ့ကို နှိမ်နင်းဖို့က ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံး အောင်မြင်မှုလည်း ဖြစ်တယ်။ ဒီအောင်မြင်မှုကို မျှော်လင့်နေတာ ၀ပ်ဆန်။ ကျုပ်သူ့ကို နှိမ်နင်းရမယ်။ ကျုပ်ရှုံးလို့ မဖြစ်ဘူး”
စိတ်လှုပ်ရှားသဖြင့် သူ၏ ခန္ဓာပင် ခါယမ်းလာသည်။ သူအခုလို ဖြစ်နေပုံမျိုးကို ယခင်က တကြိမ်တခါမှ မတွေ့ခဲ့ရဖူးပေ။
ထိုနေ့ မွန်းတည့်ချိန်တွင် စကော့တလန်ယာ့ဒ်သို့ သူသွားသည်။ အိမ်သို့ ပြန်ရောက်သည့်အခါ အလွန်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ နောက်တနေ့တွင် အိုမင်း ညစ်ပေ နွမ်းရိနေသည့် အ၀တ်အစားများဖြင့် တွေ့ရပြန်သည်။
“၀ှိုက်ချပ်ပယ်လ်ကို ကျုပ်သွားမလို့၊ သိတဲ့အတိုင်းပဲ၊ လန်ဒန်မြို့ရဲ့ နေရာအနှံ့မှာ ကျုပ်ပိုင်တဲ့ အခန်းတွေ အများကြီးရှိတယ်လေ။ နောက် သုံးရက်လောက်အထိ ၀ှိုက်ချပ်ပယ်လ်က ဆင်းရဲသားတွေကြားထဲမှာ ကျုပ်နေအုံးမယ်။ ဘယ်သူမှလည်း ကျုပ်ကို သိကြမှာ မဟုတ်ဘူး၊ သူတို့နဲ့ ပြောဆိုပြီး သူတို့ဆီက စကားတွေလည်း ကြားရမှာ”
“ကျုပ်လည်း ခင်ဗျားနဲ့ လိုက်ခဲ့လို့ရမလား” ဟု ကျွန်တော်က မေးရာ “မရဘူး ၀ပ်ဆန်၊ ဟိုမှာ လူသတ်မှုတခုခု ဖြစ်တယ်ဆို ခင်ဗျားကို ကျုပ် လှမ်းအကြောင်းကြားမယ်၊ အဲဒီလို ဖြစ်လာရင် ခင်ဗျားအကူအညီကို လိုမှာ၊ ပြီးတော့ အခုလို သွားနေဖို့လည်း ကျုပ်မကြောက်ပါဘူးဗျာ”
မုန့်ဖုတ်သမားလမ်းအတွင်း အထီးကျန်ညချမ်းတခုကို ကုန်လွန်ခဲ့သည်။ မြင်းလှည်းတစီး လာခေါ်၍ ကျွန်တော် နိုးထလာချိန်တွင် နံနက် ၂ နာရီခွဲရှိပြီ။ အမျိုးသမီးတဦး ၀ှိုက်ချပ်ပယ်လ်၌ သတ်ဖြတ်ခံရပြန်၍ အခေါ်လွှတ်လိုက်ခြင်း ဖြစ်သည်။
မှောင်မိုက်ပြီး လူခြေတိတ်နေသည့် လမ်းများကြောင့် လန်ဒန်မှာ အံ့ဖွယ်ကောင်းပြီး တစ္ဆေတို့ ကျက်စားရာ နယ်မြေပမာ ဖြစ်နေတော့သည်။ လူတယောက်၏ ရုပ်ကလာပ်က လဲလျောင်းနေသည်။ အိပ်စက်နေခြင်း မဟုတ်၊ ဇီဝိန်ကြွေနေခြင်းပင် ဖြစ်သည်။
မြင်းလှည်းသမားက ကျွန်တော့်အား မြို့၏ အဆင်းရဲဆုံး အပိုင်းဖြစ်သော အရှေ့ဘက်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကာ လိဒ်ဒန်ခန်းမလမ်း၏ ကျဉ်းမြောင်းသည့် လမ်းသွယ်တခုသို့ ရောက်ရှိစဉ်တွင် ရပ်တန့်လိုက်သည်။ ရဲတပ်ဖွဲ့တဖွဲ့ မီးရောင်အောက်တွင် ရပ်နေရာ ထိုနေရာသို့ ကျွန်တော် လာခဲ့သည်။ ဟုမ်း ရှိမနေ၊ သို့သော် ရဲတပ်ဖွဲ့မှ ဆရာဝန်ကြီးကို နှုတ်ဆက်လိုက်ပြီး ၎င်းက ကျွန်တော့်ကို အလောင်းကြည့်ခွင့် ပေးလိုက်သည်။
“ခင်ဗျားဆရာဝန်တယောက်ဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမယ့် သတိတော့ပေးရမှာပဲ၊ ဒါမျိုးကို အရင်က တကြိမ်မှ မြင်ခဲ့ဖူးမှာ မဟုတ်လို့ပါ”
၎င်းက မှောင်ပိန်းနေသည့် လမ်းထောင့်ချိုးတနေရာသို့ ခေါ်ဆောင်သွားပြီး မြေပြင်ရှိ တစုံတခုအား ဖုံးထားသော အကာကို လှစ်ဟ၍ မီးထိုးပြလိုက်သည်။
ကျွန်တော် မြင်လိုက်ရသည့် သွေးပျက်ဖွယ်ကောင်းသော အရာအား ဖော်ညွှန်းစရာ စကားပင် မရှိတော့။ ခေတ္တမျှ ခေါင်းနပန်းကြီးသွားပြီး ကျွန်တော့်၏ ခန္ဓာကိုယ် တုန်ခါသွားကာ လဲကျမတတ်ပင် ဖြစ်ရသည်။ မြေပြင်ပေါ်တွင် ရှိနေသည်မှာ အမျိုးသမီးတယောက် ဆိုသော်ငြား ယခုအခါ အမျိုးသမီးတယောက် မဟုတ်တော့။ သွေးဗရပွနှင့် အစိတ်စိတ်အပိုင်း ခုတ်ထစ်ပိုင်းဖြတ်ခံထားရသော အသားစိုင်များသာ ရှိတော့သည်။ သဘာဝမကျလှသည့် သတ်ဖြတ်မှုကြီးလည်း ဖြစ်သည်။ ဓားရာဇာဂျက်ဟု အဘယ်ကြောင့် လူသတ်သမားက သူကိုယ်သူ ကင်ပွန်းတပ်ရသည်ကို ယခု ကျွန်တော် သိခဲ့ရလေပြီ။
ဆရာဝန်က အလောင်းကို ပြန်ဖုံးလိုက်သည့်အခါ ရဲတပ်ဖွဲ့ဝင်များ စုဝေးရာသို့ ပြန်လျှောက်လာခဲ့သည်။
ရဲတပ်ဖွဲ့ဝင်တဦးအား “မစ္စတာ ဟုမ်းကို တွေ့မိလား” ဟု မေးလိုက်ရာ ၎င်းက “ဟုတ်ကဲ့ ဆရာ၊ အင်စပက်တာ လပ်စ်ထရိတ်နဲ့အတူ တခြားလူသတ်မှုတခုကို သွားကြည့်ပြီး ပြန်လာနေပါပြီ” ဟု ဆိုသည်။
“တခြား လူသတ်မှု တခု ဟုတ်လား၊ ဒီတညတည်းမှာတင် နောက်ထပ်လူသတ်မှုတခု ရှိနေတာလား”
“ဘာလို့လဲ ဆရာ၊ ဆရာမသိဘူးလား”
ထိုအခိုက် လမ်းသွယ်တွင်းသို့ ၀င်ရောက်လာသည့် မြင်းခြေသံကို ကြားရပြီး မြင်းလှည်းတစင်း ထွက်ပေါ်လာသည်။
“တက်ဟေ့ ၀ပ်ဆန်”
မြင်းလှည်းထက်မှ ဟုမ်းက ကျွန်တော့်ကို ဟစ်အော်ခေါ်လိုက်ပြီး လှည်းပေါ်သို့ ဆွဲ၍ တင်ပေးသည်။
“လွတ်သွားတယ်ဗျာ၊ ကျုပ်တို့ လိုက်တာပဲ၊ ဒါပေမဲ့ မမိလိုက်ဘူး”
သူ၏ မျက်နှာက စိတ်ပျက်နွမ်းနယ်နေပုံ။
“ခင်ဗျားကို စိတ်ဝင်စားစရာတခု ပြမယ်။ ပြီးရင်တော့ ကျုပ်တို့ အိမ်ပြန်လို့ရပြီ”
ညစ်ပတ်ပေရေပြီး အလင်းရောင်မရှိသော ခြံဝင်းကြီးတခုဆီကို မြင်းလှည်းက မောင်းနှင်လာသည်။
“ပထမ မိန်းမတယောက်ကို ဒီနေရာမှာ သတ်ခဲ့တာ” ဟု သူက ဆိုသည်။
ခြံဝင်းအတွင်း ရဲတယောက် စောင့်နေသည်။ ဟုမ်းက ၎င်းထံမှ မီးတုတ်ကို ယူလိုက်ပြီး  အုတ်တံတိုင်းဘက်လှည့်၍ မီးရောင်ဖြင့် ထိုးပြလိုက်သည်။
“ဒါကို ကြည့် ၀ပ်ဆန်”
အုတ်နံရံတွင် ရေးထားသည့် စာမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။
“လှီးဖြတ်ဖို့ အချိန်မရှိဘူး”
“ဒါလူသတ်သမား ရေးခဲ့တာပဲ၊ လပ်စ်ထရိတ်တို့ကို ပို့ထားစာမှာ ပါတဲ့ စာသားအတိုင်းပဲ”
“အဲဒီတော့ ဘာဖြစ်လဲ၊ ကျုပ်တော့ လူသတ်သမား ဘာကို လိုချင်တယ်ဆိုတာ နားမလည်နိုင်ဘူး”
“လူတိုင်းက သူ့အပေါ် ကြောက်ရွံ့တာကို လိုချင်တာလေ၊ ကမ္ဘာ့အကြမ်းကြုတ်ဆုံး လူသတ်သမား ဖြစ်ချင်တာ၊ ဒီည မိန်းမနှစ်ယောက်သတ်ခဲ့ပေမယ့် ပထမ သတ်ခဲ့တဲ့ အမျိုးသမီးကို အစိတ်စိတ် အပိုင်းပိုင်း လှီးချွတ် ခုတ်ဖြတ်ဖို့ အချိန်မရှိခဲ့ဘူးလေ၊ လူလာတာ သူကြားလို့ ဖြစ်မယ်၊ ဒါကြောင့် အလောင်းကို ဒီတိုင်း ထားပြီး ထွက်ပြေးသွားတာ၊ နောက်တယောက်ကိုတော့ ခင်ဗျားမြင်ခဲ့တဲ့အတိုင်း လှီးဖြတ်ခဲ့တာလေ”
မြင်းလှည်းသည် လန်ဒန်မြို့အရှေ့ပိုင်းရှိ ညစ်ပတ် ကျဉ်းမြောင်းသော လမ်းများမှ မုန့်ဖုတ်သမားလမ်းဆီသို့ ပြန်လည်မောင်းနှင်လာစဉ် ကျွန်တော်တို့ နှစ်ယောက်စလုံး တိတ်တဆိတ်နေခဲ့ကြသည်။
ထိုညက မအိပ်နိုင်ခဲ့ပေ။ မျက်လုံးအစုံကို မှိတ်လိုက်တိုင်း လမ်းထောင့်ချိုး အမှောင်ထုထဲ၌ လျောင်းစက်နေသည့် သွေးဗရပွနှင့် အမျိုးသမီး၏ အလောင်းကို ပြေးမြင်ယောင်နေမိ၍ ဖြစ်သည်။

အခန်း (၂)
ပါမောက္ခ မော်ရီယာတီ
နောက်ပိုင်း ရက်သတ္တ ၃ ပတ်ခန့်အထိ ဟုမ်းသည် အခြားမှုခင်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ၀ှိုက်ချပ်ပယ်လ်တွင် လူသတ်မှုများ ထပ်မံ ဖြစ်ပွားမှု မရှိသော်လည်း ပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး လူသတ်သမားအား ဖမ်းဆီးနိုင်မည့် အလားအလာ ပိုမိုနီးစပ်မလာ၍လည်း ရဲတပ်ဖွဲ့အပေါ် ဒေါသထွက်နေကြသည်။
ကျွန်တော့် ကိုယ်ပိုင် ဘ၀လေးမှာမူ ပျော်ရွှင်ဖွယ်ရာ အတိ ဖြစ်နေသည်။ မယ်ရီမော်စတန်ထံ အလည်အပတ်သွားရောက်ခဲ့ကာ ထိုသို့ သွားရောက်ခဲ့ခြင်းကိုလည်း ဟုမ်းကို မပြောဘဲ လျှို့ဝှက်ထားလိုက်သည်။
တနေ့တွင် ဟုမ်းနှင့် အတူ နံနက်စာ စားခဲ့သည်။ ဟုမ်းက စားသောက်ပြီးနောက် ပြတင်းဝတွင် ရပ်တန့်နေခဲ့သည်။ ရုတ်တရက် သူက ထအော်လိုက်သည်။
“ဘာဖြစ်လို့လဲ ဟုမ်း၊ ဘာဖြစ်တာလဲ”
သူက ကျွန်တော့်ဘက်သို့ လှည့်လိုက်သည်။ သူ၏ မျက်နှာမှာ ဖြူလျော်နေပြီး မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းနေသည်။
“ခင်ဗျားအချိန်ကို ၁ နာရီလောက်တော့ ကျုပ် ဖဲ့ယူရတော့မယ် ၀ပ်ဆန်” ဟု တိုးညှင်းစွာ တောင်းဆိုသည်။
“ဟုတ်ပါပြီ ဒါပေမဲ့ . . .”
“ခင်ဗျား ဦးထုပ်နဲ့ ကုတ်အင်္ကျီကို ယူလိုက်ပါ”
သူ အိမ်တွင်းက ပြေးထွက်သွားရာ လန်ဒန်တမြို့လုံးအနှံ ၂ နာရီကျော်ကြာ လှည့်ပတ်သွားလာပြီး ချိန်အထိ ကျွန်တော် နောက်မှ အမောတကော အမြန်လိုက်ခဲ့ရသည်။ မြင်းလှည်းတစင်းပေါ် ပြေးတက်၊ ထို့နောက် ရထားပေါ် တက်၊ ထိုမှတဖန် လမ်းကျဉ်းလေးများအတိုင်း အသော့နှင်ပြီး ဟိုတယ်ကြီး တခုအတွင်း တနေရာဝင် တနေရာထွက် လှည့်ပတ်သွားလာခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးမှ ပန်းခြံတခုအတွင်း ၀င်ရောက်၍ အမောဖြေခွင့် ရတော့သည်။
“ခင်ဗျားကတော့ တကယ့်မိတ်ဆွေ အစစ်အမှန်ပါပဲ ၀ပ်ဆန်၊ ဘာတခွန်းမှမမေးဘဲ ကျုပ်ခေါ်တဲ့နောက်ကို လိုက်လာတယ်။ ကျွန်တော်တို့ နောက်ကို တယောက်ယောက် လိုက်နေတာ ခင်ဗျား သတိထားမိလား”
“သတိထားမိတယ်၊ ဒါပေမဲ့ ဘယ်သူလဲ”
“ခင်ဗျား ခန့်မှန်းလို့ ရလား”
“မရဘူး”
“သူက သူ့ကိုယ်သူ ဓားရာဇာဂျက်လို့ ခေါ်တယ်”
“ဟုမ်း . .”
ခေတ္တမျှ ဘာမှကို မပြောနိုင်ဘဲ ဖြစ်သွားပြီးနောက် ကျွန်တော်က “ပြတင်းပေါက်ကနေ ခင်ဗျား သူ့ကို တွေ့လိုက်တာလဲ၊ သူက ဘယ်မှာ ရှိနေတာလဲ” ဟု မေးလိုက်သည်။
“ကျုပ်တို့ အခန်းနဲ့ တန်းတန်းက လူမနေတဲ့ အိမ်တလုံးထဲမှာ သူရှိနေတာ၊ သူက အခန်းတွေကို လိုက်ကြည့်နေခဲ့တာ ၀ပ်ဆန်၊ ကျုပ်သူ့ကို လိုက်ရှာနေတယ်ဆိုတာကိုလည်း သူသိတယ်၊ ကျုပ်တို့ ဂရုတစိုက်နေရမယ်။ သူဟာ ဥရောပမှာ အန္တရာယ်အရှိဆုံး ရာဇ၀တ်သား ဖြစ်နေပြီ”
“ဒါပေမဲ့ သူက ဘယ်သူလဲ”
“ပါမောက္ခ မော်ရီယာတီ ဆိုတာ ကြားဖူးလား”
“တခါမှ မကြားဖူးဘူး”
“သိပ်ကို ထူးဆန်းတဲ့လူ တယောက်ပဲ၊ ကြောက်ဖို့လည်း သိပ်ကောင်းတယ်” ဟု ဆိုရင်း ဟုမ်းက စိတ်ဆိုးမာန်ဆိုး ရယ်မောလိုက်သည်။
“သူက နေရာတိုင်းမှာရှိတယ်၊ ဒါပေမဲ့ သူကို ဘယ်သူမှ မသိကြဘူး၊ သူ့ရဲ့ ရာဇ၀တ်မှုတွေလိုပဲ သူဟာလည်း ဆန်းကြယ်တယ်”
မော်ရီယာတီ အကြောင်းကို ဟုမ်းက ပြောပြနေရာ ကျွန်တော်လည်း ခပ်ဆိတ်ဆိတ်သာ နားထောင်နေလိုက်သည်။
“သူဟာ သိပ်တော်တဲ့ အမျိုးသားတယောက်ပါ။ အသက် ၂၁ နှစ်တည်းက သင်္ချာဘာသာရပ်နဲ့ ပါမောက္ခဘွဲ့ရခဲ့တယ်။ သင်္ချာလောကမှာ နှစ်ပေါင်းအတန်ကြာအောင် အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း တက္ကသိုလ်ကနေ ပျောက်သွားတယ်။ သိပ်မကြာခင်မှာပဲ လန်ဒန်မြို့ကြီးရဲ့ ရာဇ၀တ်မှုပုံစံတွေကလည်း ပြောင်းလဲလာတယ်။ ပုံမှန်အားဖြင့် ထုံထုံထိုင်းထိုင်းနဲ့ ဘာမှ စိတ်ဝင်စားစရာမကောင်းတဲ့ ဒုစရိုက်သမားတွေကို တစုံတယောက်က ဘယ်လိုလုပ်ရကိုင်ရမယ် ဆိုတာတွေ ပြောပြနေခဲ့တာပဲ၊ အဲဒီ ကြိုးကိုင်သူကြီးရဲ့ အမိန့်တွေအတိုင်း ဒုစရိုက်သားတွေကလည်း နာခံကြတယ်။ သူက တခြားသူမဟုတ်ဘူး၊ မော်ရီယာတီ။ ဒါပေမဲ့ သူ့ကိုတော့ တကြိမ်တခါမှ ကျုပ်မဖမ်းဆီးနိုင်သေးဘူး။ သူ့ရဲ့ ဒုစရိုက်မှုတွေကို မုန်းတီးပေမဲ့ ထက်မြက်မှုကိုတော့ ကျုပ်အသိအမှတ်ပြုတယ်။ ကျုပ်ကို စိတ်ဝင်စားအောင် လုပ်နိုင်တဲ့ တဦးတည်းသော ရာဇ၀တ်ကောင်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကျုပ်လို ထူးချွန်ထက်မြက်တဲ့သူ ဖြစ်နေလို့ပါ
“အဲ . . . ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ အရာအားလုံး ပြောင်းလဲသွားတယ်။ ဒုစရိုက်သားတွေဟာ ပြန်ပြီး ညံ့ဖျင်းလာနေကြတယ်။ မော်ရီယာတီဟာလည်း အေးချမ်းအောင်မြင်နေတဲ့ ဒုတိယအရွယ် လူတွေကြားထဲက ပြန်ပြီး ပျောက်ကွယ်သွားခဲ့ပြန်တယ်၊ ဒါဟာ ဘာကြောင့်ဖြစ်မလဲ”
“ဟုမ်း . . . အဖြေက ရှင်းနေပြီပဲ၊ ၀ှိုက်ချပ်ပယ်လ်မှာ ဖြစ်တဲ့ အမှုတွေကလည်း သြဂုတ်လမှာ စခဲ့တာ၊ ဒါဟာ . . .”
“မဟုတ်သေးဘူး ၀ပ်ဆန်၊ မရှင်းလင်းဘူး၊ မော်ရီယာတီလို လူတယောက်က သော့တွေဖျက်၊ ပြတင်းပေါက်တွေ ကျော်ခွ တက်တဲ့ အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး၊ တခြားလူတွေကိုပဲ အမိန့်တွေ ပေးတာ၊ ဒုစရိုက်လောကရဲ့ ဦးစီးချုပ်ကြီး ဖြစ်နေတာ၊ အောက်ခြေ တပ်သားလေး မဟုတ်ဘူး”
“အဲဒါဆိုရင် ဘာဖြစ်လို့ . . .”
“သူ့အတွက် အောင်မြင်မှုဆိုတာက သိပ်လွယ်ကူတယ်။ သူက ပြောင်းလဲမှုတွေနဲ့ အန္တရာယ်တွေ လိုချင်တယ်။ သင်္ချာပညာရပ်မှာ သူဟာအတော်ဆုံးပဲ၊ ဟော အခု ဒုစရိုက်မှုမှာလည်း အတော်ဆုံး ဖြစ်နေပြီ။ လူသတ်မှုတွေကို သူက ရွေးချယ်ခဲ့တယ်”
“ဒါဆို သူလူတွေ သတ်နေတာက သူ့ရဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုအတွက်လား” ဟု ကျွန်တော်က မေးလိုက်သည်။
“ဟုတ်တယ်။ သူက အန္တရာယ်ကို နှစ်ခြိုက်တယ်။ ဒါပေမဲ့ တခြား အကြောင်း အချက်တရပ်လည်း ရှိသေးတယ်။ သူက ကျုပ်နဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲချင်သေးတာ။ အောင်မြင်မှုအရှိဆုံး ဒုစရိုက်သားက သူ့လိုပဲ အောင်မြင်မှုအရှိဆုံး စုံထောက်ကို ထိပ်တိုက်တွေ့ချင်တာပေါ့။ သူသေကိုယ်သေ ဆော်မှာ”
“ဒါနဲ့ သူသတ်ခဲ့တဲ့ အမျိုးသမီးတွေက . . .”
“သူအတွက်တော့ ဘာမှမဟုတ်ဘူး၊ သူရဲ့ အစီအစဉ်အတွက် မရှိမဖြစ်လိုအပ်လို့ အသုံးချလိုက်တာပဲ”
“သူ့အစီအစဉ် ဟုတ်လား”
“ဟုတ်တယ်၊ ကျုပ်ပြောပြီးပြီပဲ၊ သူက အပျင်းပြေလူသတ်နေတဲ့ ကောင်ပါလို့၊ ပြီးတော့ ကျုပ်နဲ့လည်း သူသေကိုယ်သေ ဆော်ချင်လို့လေ။ နောက်ပြီး တတိယ အကြောင်းပြချက်တခုကတော့ ကျုပ်တို့ သိထားတဲ့ ကမ္ဘာလောကကြီးကိုပါ သူက ဖျက်စီးချင်နေတာ”
“ဒီလူ အရူးပဲ”
“မရူးဘူး၊ သူအရူးမဟုတ်ဘူး၊ သူက မကောင်းဆိုးဝါးတကောင်ပါ၊ ကျုပ်တို့ရဲ့ ဘ၀တွေထဲကို ကြောက်စိတ်တွေ ယူဆောင်ပေးချင်တာ၊ လန်ဒန်မှာ ရှိတဲ့သူတွေ အကုန်လုံး ညဘက်ဆို အပြင်ဘက်ထွက်ရမှာ ကြောက်အောင်၊ မှောင်ရိပ်တွေ၊ အသံတွေ အားလုံးကို ကြောက်လာအောင် လုပ်ချင်တာ။ လန်ဒန်ဟာ သူစိမ်းတွေ နေတဲ့ မြို့လို ဖြစ်လာမယ်။ အိမ်နီးနားချင်းတွေကို အန္တရာယ်များ ပေးလာလေမလားဆိုတဲ့ အကြည့်နဲ့ ကြည့်ရတဲ့ အထိကို လုပ်မယ်။ ဒီလိုအခြေအနေမျိုးမှာ လူတွေ ဘယ်လို နေနိုင်ပါ့မလဲ”
သူက ခဏ စကားဖြတ်ပြီး ငြိမ်သက်နေလိုက်သည်။ ထို့နောက် “သူ့ကို ရပ်တန့်အောင် လုပ်နိုင်တာ ကျုပ်တယောက်ပဲရှိတယ်၊ ကျုပ်သူ့ကို ရပ်တန့်မှ ဖြစ်မယ်” ဟု ဆိုလေသည်။
ရက်အတန်ကြာပြီးနောက် အင်စပက်တာ လပ်စ်ထရိတ်က ကျွန်တော်တို့ကို နောက်တကြိမ် တွေ့ရန် ခေါ်ဆိုလိုက်သည်။
“၀ှိုက်ချပ်ပယ်လ် လူသတ်သမားကို ဖမ်းဆီးဖို့ ခင်ဗျားအဆင်သင့်ဖြစ်ပြီလား” ဟု ဟုမ်းက ၎င်းကို မေးလိုက်သည်။
“ဖမ်းဆီးနိုင်ခြေ ရှိမယ့် အရာအားလုံးကို ကျုပ်တို့လုပ်နေ . . .”
“ရပါပြီ လပ်စ်ထရိတ်၊ ခင်ဗျားသူ့ကို ဖမ်းမိပြီးလား”
“ဒီလိုခက်ရာခဲဆစ်နိုင်တဲ့ အမှုအခင်းမျိုးဆိုတာက . . .”
“မိပြီလား . . မမိသေးဘူးလား”
“မမိသေးပါဘူး၊ ဒါပေမဲ့ ကျုပ်တို့ မိဖို့ မျှော်လင့် . .”
“ဟုတ်တာပေါ့၊ ကျုပ်တို့လည်း မျှော်လင့်တာပဲ၊ ကျုပ်တို့အမြဲမျှော်လင့်နေရမယ်။ ဒါပေမဲ့ လန်ဒန်ပြည်သူတွေကတော့ ဓားရာဇာဂျက်ကို ရဲတပ်ဖွဲ့က ဖမ်းမိမယ့် အချိန်ကို အမြဲတမ်း မျှော်လင့်မနေနိုင်ဘူး။ ကနေဒါမှာ ရဲသွားလုပ်ရတဲ့ ဘ၀ကို ခင်ဗျား ပျော်မွေ့နှစ်ခြိုက်နိုင်ပါ့မလား လပ်စ်ထရိတ်”
လပ်စ်ထရိတ်က ပြုံလိုက်ပြီး “သူဆင်းရဲမတွေ အသတ်ခံနေရတဲ့ ညမှာ သူ့ကို ခြေရာခံနိုင်မယ်ဆိုရင် ဖမ်းမိဖို့ ကျုပ်တို့ အခွင့်သာမှာပါ” ဟု ပြောသည်။
ဟုမ်းက “လူသတ်သမားကို ဒီနည်းနဲ့ပဲ ဖမ်းဖို့ ခင်ဗျားတို့ အစကတည်းက ပြောလာနေလိုက်ကြတာ၊ ကဲပါ . . . သွေးစွန်းနေတဲ့ လက်ပိုင်ရှင်ကို ကျုပ်တို့ ဖမ်းကြရမယ်။ တခုခုသောက်မလား အင်စပက်တာ” ဟု ပြောလိုက်ရာ လပ်စ်ထရိတ် အံ့အားသင့်သွားသည်။
“ဟုတ်ကဲ့၊ ကျေးဇူးပါပဲ မစ္စတာဟုမ်း၊ ဒါပေမဲ့လေ သူ ဘယ်အချိန်ဘယ်နေရာမှာ ထပ်သတ်မလဲဆိုတာကို ဘယ်သူက ပြောနိုင်မလဲ”
“ကျုပ်ပြောနိုင်ပါတယ်” ဟု ဟုမ်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“လူသတ်မှု ဖြစ်ပွားခဲ့တဲ့ နေ့တွေကို ကြည့်ရအောင်၊ သူက တကြိမ်သတ်ပြီးတိုင်း တပတ်စောင့်တယ်၊ ပြီးရင်ထပ်သတ်တယ်၊ ပြီးရင်တော့ သုံးပတ်တိတိ ထပ်စောင့်တယ်။ နောက်ပိုင်း ကျုပ်တို့ကို “လှီးဖြတ်ဖို့ အချိန်မရှိဘူး” လို့ ပြောတဲ့ နေ့မှာဆို တညတည်းနဲ့ နှစ်လောင်းပြိုင် သတ်လိုက်တယ်။ အခု တပတ်ကြာပြီ၊ နောက်ထပ်မသတ်သေးဘူး။ ကျုပ်ပြောမယ် လပ်စ်ထရိတ် . . သူဟာ စိတ္တလူသတ်သမား မဟုတ်ဘူး၊ အစီအစဉ်အတိုင်း လုပ်တတ်တဲ့ သူတယောက်ပဲ၊ ၀ှိုက်ချပ်ပယ်လ်မှာပဲ လှုပ်ရှားတယ်၊ အရုဏ်တက် အချိန်တွေမှာပဲ သတ်တယ်”
လပ်စ်ထရိတ်က ကူညီရာမဲ့နေသည့် မျက်ဝန်းအစုံဖြင့် ဟုမ်းကို ကြည့်နေသည်။
“ကျုပ်တို့ ဘာလုပ်ရမလဲ” ဟု သူက မေးလိုက်သည်။
ဟုမ်းက ခြေကို ဆောင့်လျက် “တနင်္လာနေ့ညမှာ သူ နောက်ထပ်သတ်ဖို့ ကြိုးစားမယ်လို့ ကျုပ်ထင်တယ်။ ဖြစ်ပြီးခဲ့တဲ့ လူသတ်မှုတွေကို ကြည့်ရင် သောကြာ၊ စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ ဖြစ်ခဲ့တာ၊ တကြိမ်သတ်တိုင်း ရှေ့ကို တရက်တိုးသွားတယ်။ ၀ှိုက်ချပ်ပယ်လ်ကို သေတ္တာတလုံးလို ကျုပ်တို့ ၀န်းရံထားရမယ်။ ဒါမှသူမလွတ်မှာ၊ ရဲတပ်ဖွဲ့ အင်အား ရှိသရွေ့ အကုန်သုံးရမယ်”
လပ်စ်ထရိတ်က စိုးရိမ်ထိတ်လန့်နေသည်။ “ကျုပ် တတ်နိုင်သမျှ လုပ်ပေးပါ့မယ် မစ္စတာဟုမ်း၊ ဒါပေမဲ့ ရဲအုပ်ကြီး ကြိုက်မကြိုက်တော့ ကျုပ်မသိဘူး”
ဟုမ်းက “လူကုန်ပေးသုံးမှာပါ။ ခင်ဗျားတို့ ရဲအုပ်ကြီးက ဒီလူသတ်သမားကို ဖမ်းဖို့ဆို ကျုပ်ကြိုက်တာလုပ်လို့ ပြောပြီးသား၊ ဒီတော့ ကျုပ်ခင်ဗျားကို အမိန့်တွေ လွတ်လွတ်လပ်လပ် ပေးလို့ရတယ်၊ ခင်ဗျား အနေနဲ့လည်း လွတ်လွတ်လပ်လပ်ပဲ နာခံနိုင်ပါတယ်” ဟု ဆိုလိုက်သည်။
လပ်စ်ထရိတ် ထွက်သွားသည့် အခါ ဟုမ်းက “ကျုပ်ရေမိုးချိုး၊ ညစာစားပြီး ကောင်းကောင်းအိပ်ဖို့လိုတယ်၊ မော်ရီယာတီက ကျုပ်ကို အပြုတ်ချေမှုန်းချင်နေတာ၊ ကျုပ်ကို သတ်ဖို့ သုံးကြိမ်တောင် သူကြိုးစားခဲ့တယ်၊ သူက သိပ်ဆိုးရွားတဲ့ ရန်သူပဲ၊ ဒီတော့ ကျုပ်ဘက်က အဆင်သင့်ဖြစ်နေဖို့လိုတယ်” ဟု ပြောသည်။
ကျွန်တော်သူ့ကို တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ ထို့နောက် အန္တရာယ်ရှိနေသည့် ကျွန်တော်၏ မိတ်ဆွေကြီး အနားမှ တဖ၀ါးမှ မခွာတော့ရန် ဆုံးဖြတ်ခဲ့သည်။

အခန်း (၃)
ဓားရာဇာဂျက် ထပ်သတ်ပြန်ပြီ
တနင်္လာနေ့ညတွင် ၀ှိုက်ချပ်ပယ်လ်၌ ရဲများ ခြေရှုပ်နေသည်။ ဓားရာဇာဂျက်ကို ဖမ်းဆီးရန် အားလုံးအသင့်ဖြစ်နေပြီ။ သို့သော် မည်သည့် အမှုအခင်းမှ မဖြစ်ပွားခဲ့ပေ။ ယင်းအခြေအနေကိုပင် လပ်စ်ထရိတ်က ကြည်နူးနေသည်။
“ခင်ဗျား တွက်တာလွဲသွားပြီ မစ္စတာ ဟုမ်း၊ ခင်ဗျား အယူအဆက သိပ်ကောင်းပါတယ်၊ ဒါပေမဲ့ မှားသွားတယ်။ လူသတ်သမားကို ဒီအကြောင်းပြောဖို့ ခင်ဗျား မေ့သွားတယ်”
မုန့်ဖုတ်သမားလမ်းသို့ ဟုမ်းနှင့် ကျွန်တော် မြင်းလှည်းတစီးဖြင့် ပြန်လာခဲ့ကြသည်။ နှစ်ယောက်စလုံး စကားပင် မပြောနိုင်အောင် ပင်ပန်းနေကြသော်လည်း နောက်ဆုံးတွင် ကျွန်တော်က စ၍ “ဟုမ်း၊ ဘယ်လိုဖြစ်သွားတာလဲ၊ ဘယ်လိုဖြစ်လို့ လွဲသွားတာလဲ” ဟု မေးလိုက်သည်။
“ကျုပ်တို့ တကယ် မရှုံးသေးပါဘူးဗျာ၊ ကျုပ်တို့ရှိနေလို့ မော်ရီယာတီ ဘယ်သူ့ကိုမှ မသတ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ကျုပ်က သူ့ကို အရမ်းဖမ်းချင်နေတာ၊ ဒီအချက်က ကျုပ်ကို လွဲချော်သွားစေတာပဲ”
“သူ ရှိနေပြီးတော့ ဘာဖြစ်လို့. . .”
“သူရှိနေတယ်၊ ကျုပ်ဘာတွေ လုပ်နေသလဲ သူသိတယ်၊ ဒီနေ့ည မိန်းမတယောက်ကို သတ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ မြင်သွားတယ်”
“ဒါဆို ခင်ဗျား မရှုံးပါဘူး၊ ကျုပ်တို့ သူ့ကို နိုင်လိုက်တာလေ”
ဟုမ်းက ခေါင်းကို ဖြည့်ညှင်းစွာ ခါယမ်းသည်။
“မဟုတ်သေးဘူး ၀ပ်ဆန်၊ ကျုပ်တို့ သူ့ကို မနိုင်သေးဘူး၊ သူဘယ်လောက် စိတ်ဆိုးနေမလဲ တွေးကြည့်စမ်းပါ၊ ကျုပ် သူ့ကို တကြိမ်တခါပဲ ရပ်တန့်လိုက်နိုင်တာပါ၊ အခုသူ ကျုပ်ကို သတ်ဖို့ ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးပမ်းလာလိမ့်မယ်။ အစီစဉ်တကျ လူသတ်မှုတွေ ဆက်လုပ်အုံးမှာပဲ၊ သူအနိုင်ရဖို့ အစွမ်းကုန် လုပ်မှာ”
“ဒါပေမဲ့ ဟုမ်း၊ ကျုပ်တို့ ဘယ်လို . . .”
“မှတ်ထားပါ၊ သူက တခါသတ်တယ်၊ ပြီးရင် တပတ်စောင့်တယ်၊ ထပ်သတ်တယ်၊ နောက်တကြိမ် သတ်ဖို့ သုံးပတ်တတိတိ ထပ်စောင့်တယ်။ ဒါကြောင့် သူ နောက်တပတ်မှာ လူ သတ်ကိုသတ်မှာ၊ လပ်စ်ထရိတ်ကို ကျုပ် ပြောရအုံးမယ်။ ဒီညတော့ ၀ပ်ဆန်ရေ  . . ဒို့တွေ ပြဇာတ်သွားကြည့်ပြီး အပန်းဖြေစို့ကွာ”
ဟုမ်းက ဘာမှ ထပ်မပြောတော့။ သို့သော် ထိုညက ကျွန်တော်တို့ ပြဇာတ်ကြည့်နေစဉ် တခွန်းတပါဒမျှမပြောဘဲ အနားမှ ပျောက်သွားသည်။ မြင်တောင်မမြင်လိုက်ရ၊ ရက်ပေါင်းအတန်ကြာသည်အထိ မတွေ့ရတော့၊ သူ့အသံလည်း မကြားရတော့ပေ။ ဓားရာဇာဂျက်ကို ဖမ်းရန် သူတွက်ထားသည့် ရက် ရောက်သော ညချမ်းတွင် ကျွန်တော် ညစာစားနေစဉ် ဟုမ်းသည် ရုတ်တရက်ပင် ရောက်ချလာခဲ့သည်။
“ဟုမ်း . . . ခင်ဗျား ဘယ်တွေသွားနေတာလဲ”
“မစိုးရိမ်ပါနဲ့ ကိုယ့်လူ” ဟု ဆိုကာ ဆေးတံကို မီးညှိလျက် ထိုင်လိုက်သည်။ “မော်ရီယာတီကို အလုပ်ရှုပ်အောင် လုပ်နေတာ၊ ကျုပ်တို့ ဂိမ်းလေးတွေ ကစားနေကြတာလေ၊ တနိုင်ငံလုံး နှံ့နေအောင် ကျုပ် လျှောက်သွားနေတာကို သူ နောက်က လိုက်တယ်၊ ဒါပေမဲ့ ခင်ဗျား မြင်တဲ့ အတိုင်း ကျုပ်ဟာ အရှင်လတ်လတ်ကြီး ရှိပါသေးတယ်။ နောက်မှ သူနဲ့ တွေ့ကြုံခဲ့ရတဲ့ စွန့်စားခန်းလေးတွေအကြောင်း ပြောပြမယ်။ ဒီညအတွက် အစီအစဉ်ဆွဲဖို့ လပ်စ်ထရိတ် ခဏနေရင် ရောက်လာလိမ့်မယ်”
လပ်စ်ထရိတ် ရောက်သည့် အခါ ကျွန်တော်တို့နှင့် လာတွေ့ရခြင်းကို လွန်စွာ မနှစ်မျို့ဟန် ပေါ်လွင်နေသည်။
“ကဲ . . ခင်ဗျားမှာ တခြား ဘယ်လို အစီအစဉ် လှလှလေးတွေ ရှိလဲ မစ္စတာ ဟုမ်း” ဟု ၎င်းက အေးဆေးစွာပင် မေးလိုက်ပြီး “ဒီည ကျုပ်တို့ လူသတ်သမားကို တွေ့ရမယ်လို့ ခင်ဗျား တကယ်ထင်သလား” ဟု ရိလိုက်သည်။
“သူဒီည လှုပ်ရှားမှာပါ၊ မေးစရာ တခုပဲ ရှိတယ်၊ အခုကျုပ်တို့ အဆင့်သင့် ဖြစ်ပြီလား ဆိုတာပဲ၊ ကျုပ်မှာထားတာတွေ ခင်ဗျားအကုန်လုပ်ပြီးမယ်လို့ ယူဆပါတယ်”
“ကျုပ်တို့ကတော့ အဆင်သင့်ပါပဲ”
“ဒါဆိုလည်း သွားစို့၊ ဓားရာဇာဂျက်ကို စောင့်နေလို့ မဖြစ်ဘူး”
အေးခိုက်ချမ်းစီးပြီး လေထန်သော ထိုညတွင် လမ်းပေါ်ထွက်၍ မြင်းလှည်းထက်သို့ တက်လိုက်ရာ ကိုယ်တွင် ၀တ်ထားသည့် ထူထူထဲထဲ ကုတ်အင်္ကျီကြီးများကိုသာ ကျေးဇူးတင်နေရတော့သည်။ ကုန်သွယ်ရေး လမ်းရှိ ရဲဌာနကြီးတခုသို့ ရောက်လာရာ ဤညအတွက် လုပ်ငန်းစရန် အသင့် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များကို ရာနှင့်ချီပြီး တွေ့လိုက်ရသည်။ ဟုမ်းနှင့် ကျွန်တော်လည်း တနေရာ၌ ထိုင်၍ စောင့်ဆိုင်းနေခဲ့ကြသည်။
ခဏအကြာတွင် ကျွန်တော်က “ဒီလို စောင့်ရတာ မခံချိမခံသာ ဖြစ်ဖို့ ကောင်းလိုက်တာ၊ ကျုပ်တို့ တခုခုတော့ လုပ်နိုင်ဖို့ ဆန္ဒရှိတယ်ဗျာ” ဟု ဟုမ်းကို ဆိုလိုက်သည်။
သူက “ကျုပ်တို့ လုပ်နိုင်ပါတယ်” ဟု အဖြေပေးသည်။
“ရာဇ၀တ်မှု တခု ဖြစ်ပြီလို့ ကျုပ်တို့ သိပြီ ဆိုတဲ့အချိန် လူသတ်သမားဟာ အဲဒီနေရာမှာ ရှိမနေနိုင်တော့ဘူး”
ဟုမ်းက စာရွက်အပိုင်းတခုနှင့် ခဲတံတချောင်းကို ထုတ်လိုက်သည်။
        ဒါပေမယ့် သူအခု ဘယ်မှာ ရှိနေမလဲ ကြိုပြီး သိနိုင်မယ်လို့ ကျုပ်ထင်တယ်၊ ဒီမှာကြည့်”
သူက ကျွန်တော့်ကို ဤပုံအား ပြသသည်။


“E ၊ S ၊ C နဲ့ N ဆိုတာက အက်ဒေါဝပ်စ်၊ စထရိုက်၊ ချပ်မင်နဲ့ နီချိုလ်တို့ပဲ၊ သူနောက်ဆုံး သတ်ထားခဲ့တဲ့ မိန်းမ လေးယောက်ရဲ့ နာမည်တွေပဲ၊ ဒီပုံက တယောက်ဆီ အလိုက် အသတ်ခံခဲ့ရတဲ့ နေရာတွေကို ပြထားတာ”
ထိုအခါ ကျွန်တော်က “ဒီညအသတ်ခံရမယ့် အမျိုးသမီးကို မသိကိန်း X အဖြစ်ထားပါစို့၊ ဒါပေမဲ့ အဲဒီ X က ဘယ်နားမှာ ဖြစ်မယ်ဆိုတာ ခင်ဗျား ဘယ်လို သိမလဲ” ဟု မေးခဲ့သည်။
ဟုမ်းက ပြုံးလျက် “ထပ်ပြီး ကြည့်လိုက်ပါ ၀ပ်ဆန်” ဟု ဆိုသည်။
ချက်ချင်းပင် သူ့ဆိုလိုရင်းကို ကျွန်တော် နားလည်သွားသည်။
“နောက်တလုံးက M”
“ဟုတ်တယ် ၀ပ်ဆန်၊ နောက်ထပ် သားကောင်က M ပဲ . . M က . .”
“မော်ရီယာတီ . . . ခင်ဗျား အဲဒီလို ဆိုလိုတာလား”
“ဟုတ်တယ် . . . သူ့နာမည်ကို ၀ှိုက်ချပ်ပယ်လ်ရဲ့ မျက်နှာစာမှာ သွေးနဲ့ ရေးနေတာ၊ ပြီးတော့ ခင်ဗျားတွေ့သလိုပဲ၊ သူ ဒီညဘယ်မှာ သတ်ဖို့ ကြိုးစားမယ် ဆိုတာ ကျုပ်သိတယ်၊ ကျုပ်အဲဒီမှာ သူနဲ့ သွားတွေ့မှာ”
“ကျုပ်မပါဘဲမသွားရဘူး၊ ကျုပ်လည်း လိုက်မယ်”
ညသန်းခေါင်ယံ မတိုင်မီ ရဲဌာနမှ ကျွန်တော်တို့ ထွက်လာခဲ့ကြသည်။
ကျွန်တော့်အဖို့မှာ ပထမဆုံးအကြိမ်အဖြစ် လန်ဒန်အရှေ့ပိုင်းရှိ လမ်းကျဉ်းကလေးများကို ဖြတ်လျှောက်လာဖူးခြင်း ဖြစ်သည်။ ယခင်က မြင်းလှည်းပြတင်းမှသာ လှမ်းမြင်ခဲ့ရဖူးသည့် လမ်းများဖြစ်သည်။ လူသတ်မှုများမှာ မှောင်မိုက်ပြီး လူသူကင်းမဲ့သော လမ်းများအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူတို့က တွေးထင်ကြသည်။ ယင်းမှာ အစဉ်သဖြင့် မမှန်ကန်နိုင်။ ဓားရာဇာဂျက် သူဆင်းရဲမများအား သတ်ဖြတ်ခဲ့ချိန်တွင် ၎င်းတို့သည် အလုပ်ရှုပ်နေကြပြီး လန်ဒန်ရှိ အခြားလမ်းများထက်ပင် ပို၍ အလင်းရောင်ရှိသော လမ်းများတွင် ဖြစ်နေသည်။ အရက်ဆိုင်များ အပေါစား ဧည့်ရိပ်သားများလည်း ရှိသည်။  ထိုလမ်းများတွင် အချိန်တိုင်း လူများ သွားလာနေပြီး အိပ်စက်ရန် ကျောတခင်းစာပင် မရှိ၍ ညလုံးပေါက်ဖွင့်သည့် ဘားများကို ရှာဖွေနေကြသည်။ ဒုစရိုက်ပေါင်းစုံဖြင့် ကျင်လည် နေသူများလည်း ရှိသည်။ နောက်ဆုံးတွင် ယခု အသတ်ခံထားရသည့် အမျိုးသမီးများ ရှိနေသည်။ ရိုးသားအပြစ်ကင်းသော ညီမများ အိပ်စက်နေချိန်မှ ထိုအမျိုးသမီးများက ထွက်လာပြီး အလုပ်လုပ်ကြရသည့်  ညဥ့်ငှက်များ ဖြစ်သည်။
လန်ဒန်တွင် ကျွန်တော် ဆေးပညာ သင်ယူနေချိန် ကျောင်းသားဘ၀က မြို့တော်ကြီး၏ နိမ့်ကျသော လူမှုဘ၀များကို မြင့်တွေ့ခဲ့သည်။ ကျန်းမာသန်စွမ်းသည့် လူငယ်လည်း ဖြစ်သည့် အားလျော်စွာ အပျော်အပါး လိုက်စားခဲ့သည်။ သို့သော် ဤဒေသရှိ မိန်းမများက တမူကွဲပြားနေသည်။ ဟုမ်းက သွားနေရင်း တနေရာရောက် တခါရပ်၍ မေးခွန်းပေါင်းများစွာကို မေးမြန်းပြီး သတိပေးသည်။ ကျွန်တော်က ၎င်းတို့၏ မျက်နှာများကို သေချာ ဂရုတစိုက် ကြည့်သည်။ အသက်သုံးဆယ် နီးပါး၊ ရုပ်ရင့် ညစ်ပေပြီး ရောဂါဘယ ထူပြောသလို မျှော်လင့်ချက်ကင်းမဲ့ နေပုံလည်း ပေါ်လွင်နေကြသည်။ ကျွန်တော့်အတွက် အထင်းသား မြင်နိုင်သည့် အချက်မှာ ၎င်းတို့သည် အခြားသာမန် မိန်းမများနှင့် မတူ ကွဲပြားနေခြင်း ဖြစ်သည်။ ဓားရာဇာဂျက်က ထိုအမျိုးသမီးများအား သတ်ဖြတ်ခြင်းမှာ ဤအချက်နှင့် ဆိုင်လေမည်လားဟု တွေးမိစပြုလာသည်။ သူ၏ ဓားဖြင့် စီရင်ရသည်က မြန်ဆန်သည်။ ရောဂါဘယများခံစားပြီး နာကျင်စွာဖြင့် တမြေ့မြေ့ သေနေ့စေ့ရသည်က သာ၍ ဆိုးနေမည်ဟူလို။
ညတစ်နာရီ ကျော်သည့်အခါတွင် ရဲဌာနသို့ ပြန်လာခဲ့ကြသည်။ ကျွန်တော် ပင်ပန်းမောဟိုက် သွားခဲ့သည်။ လပ်စ်ထရိတ်က အပြောကို မရပ်၊ ယနေ့ညအဖို့လည်း လူသတ်မှု ဖြစ်မလာနိုင်ဟု ကောက်ချက်စွဲနေခြင်း ဖြစ်သည်။
ဟုမ်းက ရုတ်ခြည်းပင် ခြေကို ဆောင့်၍ လမ်းတခုသို့ လျှောက်သွားသည်။ ကျွန်တော်လည်း နောက်မှ လိုက်သွား၏။
“အထဲမှာပဲနေ ၀ပ်ဆန်၊ ခင်ဗျားပင်ပန်းနေပြီ၊ ကျုပ်ကို ကူညီနိုင်မှာ မဟုတ်ဘူး ကိုယ့်လူ”
“ကျုပ် ခင်ဗျားနဲ့ လိုက်မှာ၊ ကျုပ်ကို ဘာမှ လာတားလို့ မရဘူး”
“ကဲ . . ဒါဆိုလည်းလာ၊ ကျုပ်တို့ မြန်မြန်တော့ လှုပ်ရှားရမှာ၊ မော်ရီယာတီက ကျုပ်တို့ အနားမှာတင် ရှိတယ်၊ ကျုပ် ခံစားမိနေတယ်”
ထိုအချိန်မှာပင် မိုးများ ရွာချလိုက်သည်။ သူက ခပ်မြန်မြန်လျှောက်နေသည်။ ကျွန်တော့်မှာမူ မီအောင် မနည်း ပြေးလိုက်နေရသည်။ သူ၏ မျက်ဝန်းအစုံက ဘယ်ပြန်ညာပြန် မနားတမ်း တရစပ် ရွေ့လျှားနေသည်။ ရုတ်တရက် ရပ်တန့်လိုက်ပြီး အမှောင်ထုတွင်း ငေးစိုက်ကြည့်လိုက်သည်။
“နှစ်ယောက် ၀ပ်ဆန်၊ ဒီညသူ နှစ်လောင်းပြိုင် သတ်လိမ့်မယ်၊ နောက်ဆုံးအခေါက်တုန်းက အမျိုးသမီးတယောက်ကို သူမသတ်နိုင်အောင် ဒို့တွေ ဟန့်တားခဲ့တယ်၊ ဒါကြောင့် ဒီည သူ နှစ်လောင်းပြိုင်သတ်မှာ”
ကျွန်တော် အဖြေမပေးနိုင်သေးခင်မှာပင် သူက ဆက်သွားခဲ့သည်။ ထို့နောက် တဖန်ရပ်ပြန်၍ ကျွန်တော့်အား အမှောင်ရိပ်တစ်နေရာသို့ ဆွဲသွင်းလိုက်သည်။ ကျွန်တော်တို့၏ ရှေ့တည့်တည့်တွင် တစုံတယောက် လျှောက်လာနေသည်။ ဟုမ်းက တိုးညှင်းစွာပင် ပြောလိုက်သော်လည်း သူ၏ စကားလုံးများကြောင့် ထိတ်ပြာသွားမိသည်။
“အဲဒါ မော်ရီယာတီပဲ”
အမျိုးသားတဦး ကျွန်တော်တို့ ပုန်းနေသည့် လမ်းချိုးကို ဖြတ်၍ တခြားလမ်းဘက်ကို လျှောက်သွားနေသည်။ သို့သော် သူ၏ မျက်နှာကို မမြင်တွေ့လိုက်ရပေ။
“ရဲဌာနကို အမြန်ပြေးပြီး သွားတော့၊ ပြီးရင် လပ်စ်ထရိတ်ကို ခေါ်လာခဲ့၊ သူဘာလုပ်ရမယ်ဆိုတာ သိတယ်၊ ကျုပ်က မော်ရီယာတီနောက်ကို လိုက်မယ်၊ အမြန်သွား ကိုယ့်လူရေ . . အမြန်”
ထို့နောက် သူ ထွက်သွားသည်။ ကျွန်တော် ပြောသည့်အတိုင်း အဘယ့်ကြောင့် မလုပ်နိုင်ရခြင်းကို ရှင်းမပြနိုင်။ ရဲဌာနသို့ မသွားဘဲ ဟုမ်းနောက်သို့ ဆက်လိုက်သွားရမည် ဖြစ်သည်။ မော်ရီယာတီနှင့် တိုက်ခိုက်နိုင်စွမ်း မရှိဟု မိတ်ဆွေကြီးအတွက် ကျွန်တော် စိတ်ပူစိုးရွံ့နေမိခြင်းလည်း ဖြစ်ပေမည်။
လမ်းထောင့်ချိုးသို့ ကျွန်တော် အပြေးသွားလိုက်သည်။ မော်ရီယာတီ ဖြောင့်ဖြောင့်ကြီး လျှောက်သွားနေသည်ကို လှမ်းတွေ့ရသည်။ ထို့နောက် မော်ရီယာတီ လမ်းဆုံး ထောင့်ချိုးတခုသို့ ရောက်ချိန်တွင် ဟုမ်း ပြန်လှည့်လာပြီး အိမ်တလုံးထဲသို့ ၀င်ရောက်၍ ပျောက်ကွယ်သွားသည်ကိုလည်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။ ယင်းအခြေအနေအပေါ် သို့မဟုတ် ကျွန်တော် ဘာဆက်လုပ်ရမည်ကို နားမလည်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ ကျွန်တော် နောက်မှ လိုက်လာသည်ကို ဟုမ်းအနေဖြင့် မော်ရီယာတီ၏ လူတယောက် လိုက်လာသည်ဟု အောက်မေ့သွားလေသလား။ မိနစ်အနည်းငယ် အကြာတွင် တံခါးပိတ်သံတချက် ကြားလိုက်ရာ ဘာလုပ်ရမှန်းမသိအောင် တွေဝေသွားသည်။ အမျိုးသားတဦး လမ်းပေါ်ထွက်လာသည်။ ထိုသူမှာ ဟုမ်း ဖြစ်သည်။ အ၀တ်အစားများကို သားသားနားနား ပြောင်း၍ ၀တ်ဆင်ထားသည်။ ဦးထုပ်စောင်းလျက် မှိုင်းဖျော့သည့် ကုတ်ရှည်တထည် ၀တ်ဆင်ထားသည်။ အလွန်ထူးချွန်စွာ ရုပ်ပြောင်းရုပ်လွှဲ လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ကျွန်တော်က သူမှန်းသိနေသည်။
ကျွန်တော်တို့ ဆက်၍ ဆက်၍ လျှောက်လာခဲ့သည်။ မိုးကလည်း သည်းသည်ထက် သည်းလာနေကာ လမ်းများတွင် လူသူအတော် ပြတ်လပ်သွားသည်။ ပုဖိုင့်ဖိုင့်လူတယောက် ကျွန်တော့် အနားမှ ဖြတ်သွားသည်။  ထို့နောက် မိန်းကလေး တယောက်လည်း ဖြတ်သွားသည်။ အခြား ညဥ့်ငှက်များကဲ့သို့ပင် ဖြစ်သော်လည်း ဒီညတွေ့သမျှထဲမှာတော့ အလှပဆုံးနှင့် အငယ်ရွယ်ဆုံး ဖြစ်သည်။ လမ်းကို ဖြောင့်မတ်အောင် မလျှောက်နိုင်တော့ခြင်းကို ကြည့်ခြင်းအားဖြင့် အတန်ငယ် သောက်ထားပုံပေါ်သည်။
ဟုမ်း အနားသို့ ရောက်လာသည့်အခါ ဟုမ်းက ရပ်တန့်လိုက်ပြီး သူမကို စကားပြောသည်။ နှစ်ဦးသား ရယ်မောနေကြသည်။ ခုနက ကျွန်တော့် အနားမှ ဖြတ်သွားသည့် ပုဖိုင့်ဖိုင့်လူတယောက်က အရက်ဆိုင်တခုတွင် ရပ်လျက် ဟုမ်းတို့ နှစ်ဦးကို လှမ်းကြည့်နေသည်။ ထို့နောက် ဟုမ်းနှင့် ထိုမိန်းကလေးတို့ အတူလျှောက်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် ထိုလူက ၎င်းတို့ နောက်ကို လိုက်လာခဲ့သည်။ ဟုမ်း၏ လုံခြုံရေးအတွက် စိုးရိမ်လိုက်ရသည့် ဖြစ်ခြင်း။ ထိုအမျိုးသားနှင့် အမျိုးသမီးတို့သည် မော်ရီယာတီ၏ လူများဟု ကျွန်တော် အသေအချာ ထောက်ရှုလိုက်သည်။ ၎င်းတို့တွင် အစီအစဉ် တခုရှိနေမည်။ ယင်းမှာ ကျွန်တော်၏ မိတ်ဆွေကြီးကို သတ်ဖြတ်ရန်ပင် ဖြစ်ချေမည်။ ကျွန်တော်သာလျှင့် သူ့အား  ကယ်တင်နိုင်ပေတော့မည်။
ဟုမ်းနှင့် ထိုမိန်းကလေး ဆက်လျှောက်နေတုန်းပင်၊ ပုဖိုင့်ဖိုင့် အမျိုးသားက နောက်မှ လိုက်လာနေသည်။ ၎င်းတို့၏ နောက်မှ ကျွန်တော် လိုက်နေခဲ့သည်။ နောက်ဆုံးတွင် ဟုမ်းနှင့် ထိုမိန်းကလေးတို့သည် ခြံဝင်းတခု၏ ၀င်ပေါက်တွင် ရပ်တန့်လိုက်သည်။ မိန်းကလေး၏ အသံကို ကြားရသော်လည်း ဟုမ်း၏ အသံကိုမူ မကြားရပေ။ သို့တော်လည်း ဟုမ်းက ထိုမိန်းကလေး မျက်နှာထက် အနမ်းများ ခြွေလိုက်ရာ အံ့အားသင့်မိတော့သည်။ နှစ်ယောက်စလုံး ခြံဝင်းကြီးထဲသို့ ၀င်သွားကြသည်။ ပုဖိုင့်ဖိုင့်အမျိုးသားက ခပ်လှမ်းလှမ်းရှိ အိမ်တလုံးထဲသို့ ၀င်သွားသည်။ သူ့ကို သတ်ရန် ထွက်ပေါ်လာသော မော်ရီယာတီကို ဟုမ်း မျှားခေါ်သွားနိုင်ပြီလား။
ဂရုတစိုက်ဖြင့် ဖြေးနှေးစွာပင် ခြံဝင်ကြီးဆီကို ကျွန်တော် လျှောက်သွားသည်။ အမှောင် အပြည့်ဖုံးနေသော်လည်း ပြတင်းပေါက်တစ်ခုဆီမှ အလင်းရောင်ကို မြင်နေရသည်။ ထို့နောက် ဟုမ်း၏ စကားပြောသံကို ကြားလိုက်ရသည်။ သူက ထိုပြတင်းပေါက်ရှိသော အခန်းတွင်းမှာ ဖြစ်သည်။
ထိုပြတင်းဝဆီသို့ ကျွန်တော် အတတ်နိုင်ဆုံး တိတ်တဆိတ် လျှောက်လာခဲ့သည်။ လိုက်ကာများက တိုနေ၍ အခန်းထဲသို့ မြင်နေရသည်။ အမျိုးသမီးက ကုတင်ပေါ်၌ လဲလျောင်း၍ ပုလင်းကို ကိုင်ရင်း မော့နေသည်။ ပြတင်းပေါက်ကို ကျောမီလျက် ဟုမ်းက ဆေးတံကို ရှိုက်ဖွာနေသည်။ ဘေးအန္တရာယ် မရှိပုံရသော်လည်း သူ့ဆီကို မော်ရီယာတီ မည်သည့်အချိန်၌ ရောက်လာမည်ကို မည်သူပြောနိုင်ပါအံ့နည်း။
ခြံဝင်းကြီးအတွင်း ကျွန်တော် အေးစက်စွတ်စိုနေသော်လည်း တည်ငြိမ်မှုကို တဖန်ပြန်လည် ခံစားနိုင်လာသည်။ အကယ်၍ မော်ရီယာတီ ရောက်လာမည် ဆိုပါက ကျွန်တော့်၏ မိတ်ဆွေကြီးကို ကယ်တင်ရန်မှာ အသင့်ဖြစ်နေပြီ။ အခြေအနေကို စောင့်ဆိုင်းရန် နံရံကို မီလျက် ထိုင်ချလိုက်သည်။
နောက်ပိုင်း အဖြစ်အပျက်ကို ဆက်ပြောရန် ရှက်မိသော်လည်း ပြောပြရမည်သာ ဖြစ်သည်။ ကျွန်တော် ထိုသို့ ထိုင်လျက်သား အိပ်ပျော်သွားသည်။ ၂ နာရီခန့် အိပ်မောကျပြီးနောက် ကျွန်တော် နိုးလာသည်။ အေးစက်တောင့်ခဲ၍ မသက်မသာရှိလှစဉ် ဟုမ်း၏ စကားသံကို ပြန်လည် ကြားယောင်လာမိသည်။ “သူဒီည နှစ်လောင်းပြိုင် သတ်လိမ့်မယ်”
ပြတင်းပေါက်ဆီသို့ အပြေးသွားလိုက်ပြီး စိတ်ထဲတွင်လည်း မြင်ကွင်းတခု ပေါ်ပေါက်လာမည်ကို စိုးရွံ့နေမိသည်။ ပြတင်းပေါက်သို့ ရောက်၍ တွေ့မိသော မြင်ကွင်းအရ ယင်းနေရာ၌ မည်သို့ ဖြစ်ပွားခဲ့ကြသည်ကို နားမလည်နိုင်။ လူတစ်ယောက်များ လွင့်စင်ပေါက်ကွဲ ထွက်သွားလေသလား၊ နေရာတိုင်းတွင် သွေးများ ပေကျံနေသည်။ ကျွန်တော် မြင်တွေ့လိုက်ရသည့် အလောင်းမှာ ခုနက ဟုမ်းနှင့် စကားပြောရင်း အရက်သောက်နေသော အမျိုးသမီး ဖြစ်သည်။ ဟုမ်းမှာ သူမနှင့် အတူရှိနေသော်လည်း အသက်မသေ။ မဟုတ်သေးပေ၊ သေခြင်းထက် ပိုမိုဆိုးရွားသော အခြေအနေမျိုး ဖြစ်နေသည်။ သူ့လက်ထဲတွင် ဓားတစ်လက်၊ ထိုဓားဖြင့် သူမ မျက်နှာနှင့် ခန္ဓာကိုယ်တခုလုံးကို လှီးချွတ်နေခြင်း ဖြစ်သည်။ အရိုးတခြား၊ အသားတခြားဖြစ်အောင် လှီးဖြတ်ရင်း သီချင်လေးပင် ဆိုညည်းနေခဲ့သည်။

အခန်း (၄)
မော်ရီယာတီ သေပြီ
တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရထားသူတစ်ဦးသည် နာကျင်မှုကိုမခံစားရတော့တတ်သည်ကို စစ်ဆရာဝန်တစ်ယောက် ဖြစ်ဖူးသည့် ကျွန်တော် သိသည်။ ၎င်းသည် မည်သို့မည်ပုံ ဖြစ်ပျက်သွားခဲ့သည်ကိုပင် သတိမရတော့ပေ။ ၀ှိုက်ချပ်ပယ်လ်တွင် အထက်ပါ ဖြစ်ရပ်များ ကြုံတွေခဲ့ရပြီးနောက်တွင် ကျွန်တော်သည်လည်း တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရခဲ့သော စစ်သားတစ်ယောက်ပမာ ဖြစ်လာတော့သည်။ နောက်တစ်နေ့ နိုးလာသည့်အခါ ကျွန်တော် ပန်းခြံတစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့သည်။ လက်ပတ်နာရီနှင့် ပါသမျှ ပိုက်ဆံ တစ်ပြားမှ မရှိတော့၊ အေးခိုက်ချမ်းစီး ညစ်ပေနေသည်။ ပိုက်ဆံများ ကုန်သွားသည်မှာ နာရီပေါင်းများစွာ အရက်ထိုင်သောက်နေမိ၍ ဖြစ်ကြောင်း သိသော်လည်း မည်သည့်နေရာများကို ရောက်ခဲ့ပြီး အခြား မည်သည့်အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်ကိုလည်း မမှတ်မိတော့။
ဟုမ်းရှိနေမည် စိုး၍ မုန့်ဖုတ်သမားလမ်းသို့ မသွားချင်သော်လည်း ရေချိုး၍ အ၀တ်အစားလဲရန် လိုအပ်နေသည်။ အဆုံးတွင် မြင်းလှည်းတစ်စီးငှား၍ အခန်းသို့ ပြန်လာပြီး တံခါးခေါက်ကြည့်လိုက်သည်။ မည်သူမျှ မရှိ။
ဟုမ်းထံမှ ကြေးနန်းတစ်စောင် ရောက်လာသည်။ “M ဒို့လက်ထဲက လွတ်သွားတယ်။ သူက တခြားနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားနေတာ၊ ဒါပေမဲ့ ကျုပ်သူ့နောက်ကို လိုက်နေတယ်။”
ကျွန်တော်ပဲ ရူးလေသလား၊ နှစ်ပေါင်းများစွာ လက်တွဲလာသူလည်းဖြစ်၊ လူသတ်သမားတဦးလည်း ဖြစ်နေသည့် ကျွန်တော်၏ မိတ်ဆွေကြီးပင် ရူးနေလေသလား မတွေးတတ်တော့။
မယ်ရီကယ်လီ အမည်ရှိ အမျိုးသမီးငယ်တစ်ဦး ၀ှိုက်ချပ်ပယ်လ်တွင် ထိုညက အသတ်ခံရသည့် အကြောင်း သတင်းစာများတွင် ဖော်ပြကြသည်။ ယင်းလူသတ်မှုမှာ ယခင်ဖြစ်ပွားခဲ့သည်များထက် ဆိုးရွားရက်စက်နေသည်။ ဓားရာဇာဂျက်၏ လက်ချက်ဖြစ်သည်မှာလည်း အရှင်းသား ပေါ်လွင်လျက်ရှိသည်။
ထိုလူသတ်မှုအကြောင်း ရေးထားသည့် သတင်းစာကို ဖတ်ရှုနေစဉ် လပ်စ်ထရိတ် ရောက်လာသည်။
“မင်္ဂလာညနေခင်းပါ ဒေါက်တာ၊ မစ္စတာ ဟုမ်းနဲ့ ကျုပ် စကားနည်းနည်း ပြောချင်တယ်”
သူဘာပြောချင်သလဲ ကျွန်တော်မသိ၊၊ ဟုမ်း ဘာလုပ်ခဲ့သည်ကို သူသိများ နေမလား။
ထိုစဉ်တွင် လပ်စ်ထရိတ်သည် ကြေနန်းစာကို တွေ့သွားပြီး ကောက်ဖတ်လိုက်သည်။ “အားလပ်ရက်ကလေး ယူဖို့ လစ်သွားပြီလား၊ ဒို့ကတော့ အလုပ်လုပ်နေရအုံးမယ်၊ ဟုမ်းဆီကတော့ အကူအညီတွေ တော်တော်လေး ရလိုက်ပါရဲ့”
“ဟုမ်း မှန်တယ်၊ သူပြောတဲ့ ညမှာပဲ လူသတ်မှု ဖြစ်တာပဲလေ” ဟု ကျွန်တော်က ပြောလိုက်သည်။
လပ်စ်ထရိတ်က ရယ်မောလျက် “အို . .  ဟုတ်ပါ့၊ အဲဒီညမှာ လူသတ်မှု ဖြစ်တယ်လေ။ ဒို့တွေ လမ်းတိုင်းမှာ ရဲတွေ ရာနဲ့ချီပြီး ချပေမဲ့ လူသတ်သမားကို မရပ်တန့်နိုင်သလို ဖမ်းလို့လည်း မမိခဲ့ဘူး၊ ရဲတွေကတော့ နေရာတိုင်း ရှိနေတာပဲ၊ ဒီမိန်းကလေး အသတ်ခံရတဲ့ နေရာကလွဲလို့ပေါ့”
အသံကို နှိမ့်လျက် ၎င်းက ဆက်ပြောသည်။ “ဒီလိုမျိုး ကျုပ်တစ်ခါမှ မမြင်ဖူးဘူး၊ သုံးလေးရက်လောက်ကို အသားဟင်း မစားနိုင်တော့ဘူး၊ ခင်ဗျားကတော့ ကံကောင်းတယ်၊ ဒီမြင်ကွင်းကို မတွေ့လိုက်ရလို့၊ ဒီထက်ပို အဆိုးရွားဆုံး အချက်တစ်ခုကို သတင်းစာတွေပေါ် ရောက်မလာဖို့ ကျုပ်တို့ ထိန်းသိမ်းခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားကိုတော့ ကျုပ်ပြောပြမယ်။ ဒီမိန်းကလေးက ကိုယ်ဝန်ဆောင်ဗျ၊ လူသတ်သမားက ဗိုက်ထဲက ကလေးကိုပါ လှီးဖြတ်ပြီး သတ်ခဲ့တာ”
ကျွန်တော် ထိတ်လန့်တကြား ဖြစ်သွားပြီး “သူဒီည နှစ်လောင်းပြန်သတ်မှာ” ဟူသော စကားကို ရေရွတ်လိုက်မိသည်။
“ခင်ဗျား ဘာပြောလိုက်တာလဲ”
“အော် . . . ဘာမှ မဟုတ်ပါဘူး၊ ဒါနဲ့ သူ့ကို ဖမ်းမိဖို့ ခင်ဗျား ဘာတွေ လုပ်နေလဲ”
“ကျုပ်တို့ ဘာလုပ်နိုင်မှာလဲဗျာ၊ ဘာမှလည်း မတွေ့ရ၊ ဘာမှလည်း မကြားရဘူးလေ”
သူက ကြေးနန်းကို တဖန် ပြန်ကြည့်နေသည်။ “M က ဘယ်သူလဲ” ဟု သူက မေးလိုက်သည်။
“အော်  . . . ဒါက လူသတ်သမားကို ဆိုလိုတာပါ” ဟု ကျွန်တော်က ဖြေလိုက်သည်။
လပ်စ်ထရိတ် ပြန်သွားပြီးနောက်တွင် ထိုလူသတ်မှုဖြစ်ပွားသော ညက ကျွန်တော် တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် ပတ်သက်၍ အခြားရှင်းလင်းပေးနိုင်မည့် နည်းလမ်းတခု ပေါ်လာရန် အကြိတ်အနယ် အတွေးနယ်ချဲ့ကြည့်တော့သည်။ အလောင်းကို ဟုမ်းကိုယ်တိုင် လှီးဖြတ်နေသည်ကို မြင့်ခဲ့ရသော်လည်း ထိုမိန်းကလေးအား သူ သတ်ဖြတ်နေသည်ကိုမူ ကျွန်တော် မတွေ့ခဲ့ပေ။ ကျွန်တော်၏ မိတ်ဆွေကြီးက အဘယ်ကြောင့် ဤမျှ ဆိုးရွားရက်စက်သည့် လူသတ်သမား ဖြစ်နိုင်ပါအံ့နည်း။ ကျွန်တော် နားမလည်နိုင်ပေ။
ရက်ပေါင်းအတန်ကြာအောင် စဉ်စားလာခဲ့ပြီး နောက်တွင် အဖြေတခု ပေါ်စပြုလာပြီဟု ကျွန်တော်ထင်မိစဉ် ဟုမ်းထံမှ ကြေးနန်းတစ်စောင်ရောက်လာသည်။ ဆွစ်ဇာလန်မှ ပေးပို့ခြင်း ဖြစ်၏။ “M မရှိတော့ဘူး၊ စနေနေ့ ပြန်ခဲ့မယ် . . . ဟုမ်း” ဟု ရေးထားသည်။
ရုတ်တရက် သူ့အား တစ်ဖန် ပြန်တွေ့ရမည်ကို ကြောက်လာသည်။ အရင်ကထက်လည်း စိုးရိမ်စိတ်များ လွန်ကဲလာတော့သည်။ ဟုမ်းသည် လူသတ်သမား ဟုတ်မဟုတ် အမှန်တရားကို အမြန်ဆုံး သိဖို့လိုသည်။ ကျွန်တော်၏ အတွေးများကို ရှင်းလင်းစေရန် သိထားသမျှ အချက်အလက်များကို ချရေးလိုက်သည်။
ဟုမ်းဟာ ၀ှိုက်ချပ်ပယ်လ်က လူသတ်သမားလား။
လူသတ်သမား ဖြစ်နိုင်သည့် အချက်များ -
၁။ လူသတ်မှု ဖြစ်ပွားသော ညများတွင် ၀ှိုက်ချပ်ပယ်လ်၌ သူရှိနေပြီး သူသည် ညအခါများတွင် တစ်ကိုယ်တည်းသာ နေတတ်သူလည်း ဖြစ်သည်။
၂။ လန်ဒန်မြို့ပြင်သို့ ရောက်နေချိန်များတွင် ကျွန်တော်သူနှင့်အတူ ရှိနေပြီး ထိုကာလများတွင် ၀ှိုက်ချပ်ပယ်လ်၌ လူသတ်မှု မဖြစ်ပွားခဲ့ပေ။
၃။ ဟုမ်းက သူ၏ အသွင်အပြင်ကို အလွယ်တကူပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။
၎။ ဆေးပညာကိုလည်း လေ့လာဖူးရာ သူသည် လူတစ်ယောက်ကို အမှောင်ထဲ၌ အလွယ်တကူပင် လှီးဖြတ်နိုင်သည်။
၅။ ၀ှိုက်ချပ်ပယ်လ်ရှိ လမ်းများ၊ ခြံဝင်ကြီးများကို ကောင်းစွာ သိသည်။
၆။ ရဲဌာန၏ အစီအစဉ်များကို သိရှိသူဖြစ်၍ ရဲများလက်တွင်းမှ လွတ်မြောက်အောင် တိမ်းရှောင်နိုင်သည်။ အမှန်တော့ ယင်းအစီအစဉ်များကလည်း သူ၏ အစီအစဉ်များသာ ဖြစ်သည်။
လူသတ်သမား မဖြစ်နိုင်သည့် အချက်များ -
၁။ ဟုမ်းသည် ရာဇ၀တ်မှုများကို ဆန့်ကျင်တိုက်ဖျက်ရင်း ဘ၀တစ်လျှောက်လုံး အချိန်ကုန်ခဲ့သည်။
၂။ ကျွန်တော်၏ သူငယ်ချင်းအကြောင်း ကျွန်တော် ကောင်းကောင်းသိသည်။ သူ ဒီလို လုပ်ရပ်မျိုးကို လုပ်မည် မဟုတ်ပေ။
ကိုယ်ရေးထားသည့် အချက်များအား ပြန်ဖတ်ကြည့်သည့်အခါ ဟုမ်းအကြောင်း မိမိမည်မျှသိပါအံ့နည်းဟု ၀ိုးတ၀ါး တွေးမိလာတော့သည်။ ရာဇ၀တ်မှုများအား သူတကယ် ဆန့်ကျင်တိုက်ဖျက်ခဲ့ပါသလား။ အမှုများကို စိတ်ဝင်စား၍သာ သူလက်ခံခဲ့သည်။ ရာဇ၀တ်မှုများကို မုန်းတီး၍ လက်ခံခဲ့ခြင်းမဟုတ်။ ထိုအချက်များ အားလုံးက ကျွန်တော့်အတွက် ကစားပွဲကြီး တစ်ခုလို ဖြစ်လာတော့သည်။ ဟုမ်းက သူ့စိတ်အပန်းပြေ ပျော်ရွှင်လို၍ ရာဇ၀တ်မှုများကို တိုက်ဖျက်နေခြင်းပင် ဖြစ်သည်။
အတော်ပင် ညဥ့်နက်လေပြီ။ အလွန်ပင်ပန်းလှပြီ ဖြစ်သော်လည်း ဟုမ်းပြန်မရောက်ခင် ကျွန်တော် ဆုံးဖြတ်နိုင်မှ ဖြစ်ပေမည်။ ရုတ်တရက် ထိုင်ခုံပေါ်တွင် ကျွန်တော် အိပ်ငိုက်သွားသည်။ ထိုစဉ် ဟုမ်းက အသတ်ခံခဲ့ရသည့် အမျိုးသမီးငယ်လေး၏ ရုပ်အလောင်းကို လှီးဖြတ်နေပုံ မြင်လိုက်ရသည်။ နောက်ဆုံးတွင် ကျွန်တော် သိလိုက်သည်က သူထိုအလောင်းကို လှီးဖြတ်နေသည့် မြင်ကွင်းထက် မည့်သို့ လှီးဖြတ်နေသည် ဟူသော မြင်ကွင်းဖြစ်သည်။ ပျော်ရွှင်ဝမ်းမြောက်နေသော ပုံရိပ်ကို သူ၏ မျက်နှာတွင် မြင်တွေ့ခဲ့ရပြီး သီချင်တညည်းညည်းဖြင့် ဖြတ်တောက်နေခြင်း ဖြစ်သည်။ ဤအနေအထားတွင် ထို့သို့ လုပ်နေနိုင်သူမျိုးက ဘာမဆို လုပ်နိုင်မည်သာ ဖြစ်သည်။
နောက်တနေ့တွင် အထုပ်အပိုးများ ယူ၍ ဟိုတယ်တခုသို့ သွားခဲ့သည်။ ထိုညတွင် မယ်ရီကို ကျွန်တော်နှင့် ညစာအတူသုံးဆောင်ရန် ခေါ်လိုက်သည်။ သူမ လန်ဒန်၌ တစ်ယောက်တည်း ရှိနေခြင်းကြောင့် ကျွန်တော် ညဘက် အိပ်မပျော်နိုင် ဖြစ်ရကြောင်း၊ ၀ှိုက်ချပ်ပယ်လ်က လူသတ်သမားမှာ ဖမ်းမမိသေးကြောင်း သူမကို ပြောပြသည်။ သူမက ရယ်မော၍ ထိုလူသတ်သမားကို မကြောက်ရွံ့၊ ထိုလူသတ်သမားက သူမလို မိန်းမသားမျိုးကို သတ်ဖြတ်မည် မဟုတ်ဟု ပြန်ပြောသည်။ သို့ရာတွင် ကျွန်တော့်မှာ မရွှင်မပျနှင့် စိုးရိမ်စိတ်များလွန်ကဲ နေ၍ မင်္ဂလာပွဲကို အမြန်ဆုံး စီစဉ်မည်ဟု သူမက ဆိုခဲ့သည်။
ထို့နောက် ကျွန်တော်က ဟုမ်းထံသို့ စာတစ်စောင်ရေးလိုက်သည်။
“ခင်ဗျား ပြန်လာချိန် ကြိုဆိုနိုင်မှာ မဟုတ်လို့ ကျုပ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျုပ်မှာ အကြောင်းပြချက် ရှိပါတယ်၊ ကမ္ဘာပေါ်က အကောင်းဆုံး အကြောင်းပြချက်ဆိုပါတော့ဗျာ၊ မယ်ရီနဲ့ ကျုပ်လက်ထပ်လိုက်ကြပြီ၊ ၀ှိုက်ချပ်ပယ်လ် လူသတ်မှုတွေကြောင့် သူမ အရမ်းကြောက်လန့်နေတယ်၊ ဒီတော့ ကျုပ် သူ့အနားမှာ ရှိနေရင် သူ့အတွက် ပိုလုံခြုံမယ်လို့ ထင်နေတယ်လေ”
ဆက်လက်၍ “မော်ရီယာတီ သေပြီဆိုတဲ့အကြောင်းကြားရတော့ သိပ်ကို အံ့သြမိပါတယ်၊ နောက်တော့မှ ခင်ဗျားဆီက ဒီအကြောင်း အပြည့်အစုံနားထောင်ပါ့မယ်၊ မယ်ရီနဲ့ ကျုပ် အပန်းဖြေခရီး ခဏထွက်မယ်၊ ကျေးဇူးပြုပြီး လန်ဒန်အသင်းတိုက်လို့ လိပ်မူပြီး ကျုပ်ဆီကို စာပို့ပါ။” ဟု ရေးသားခဲ့သည်။
မယ်ရီနှင့် ကျွန်တော် လက်ထပ်ပြီး ရက်အနည်းငယ်အကြာတွင် လန်ဒန်မှ ထွက်ခွာလာကြသည်။ ပင်လယ်ကမ်းခြေမှ ဆိတ်ငြိမ်သည့် မြို့ငယ်လေးတစ်ခုတွင် မယ်ရီ၏ နံဘေး၌ ရှိနေစဉ် ဟုမ်း၏ စက်ဆုတ်ဖွယ် အမှန်တရားကို ရင်ဆိုင်ရန် စိတ်ခွန်အား ခိုင်မာလာခဲ့ကာ ဘာလုပ်ရမည်ကို တွေးတောခဲ့သည်။ ထိုအကြောင်း ဟုတ်တိုင်းမှန်ရာ ပြောပြရန် ရဲဌာနသို့ မသွားနိုင်ပေ။ ကျွန်တော် ရူးသွားပြီဟုသာ ထင်ကြမည်။ ဟုမ်းကို ဂရုတစိုက် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့အား နောက်ထပ် လူမသတ်ရန် ရပ်တန့်ပေးနိုင်သူမှာ ကျွန်တော်သာရှိသည်။
လန်ဒန်သို့ ပြန်ရောက်သည့်အခါ အသင်းတိုက်တွင် ဟုမ်း ကျွန်တော့်ကို စောင့်ဆိုင်းနေခဲ့ကြောင်း ရေးထားသော စာကို တွေ့ရသည်။ သူသည် ထူးဆန်း၍ စိတ်ဝင်စားဖွယ်ကောင်းသည့် အမှုတခုအတွက် ရုရှားသို့ ထွက်ခွာသွားပြီဟု ဆိုထားသည်။
“လန်ဒန်မှာ နေရတာ ပျင်းဖို့ကောင်းလာပြီ၊ အခုဆို ဓားရာဇာဂျက်လည်း သေသွားပြီ။ နိုင်ငံခြားက ရာဇ၀တ်ကောင်က ကျုပ်ကို ပိုပြီး ကမ်းလှမ်းလာနေသလိုပဲ၊ လန်ဒန်ကို အခိုက်အတန့်တော့ ပြန်လာနိုင်အုံးမှာ မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ နေရပ်လိပ်စာ အသစ်ကို အသိပေးလှည့်ပါ” ဟု ဟုမ်းက မှာခဲ့သည်။
ထိုစာကို ဖတ်ရှုပြီးနောက်တွင် လွန်ခဲ့သည့် သီတင်းပတ်များထက်ပိုမို ပျော်ရွှင်လာခဲ့သည်။ မယ်ရီနှင့် ကျွန်တော် အားလပ်ရက် ခရီးရှည်ထွက်ပြီးနောက်တွင် လန်ဒန်မြို့တွင်းမှ မုန့်ဖုတ်သမားလမ်းနှင့် မလှမ်းမကမ်းရှိ အိမ်တစ်လုံးသို့ ရွှေ့ပြောင်းခဲ့သည်။ ဆရာဝန်တယောက်ဖြစ်သည့် အားလျော်စွာ အလုပ်များနှင့် ပိနေခဲ့ပြီး ကျွန်တော်တို့ ဇနီးမောင်နှံ တိတ်တဆိတ်သာ ပျော်ပျော်ပါးပါး နေခဲ့ကြသည်။
ထိုအတောအတွင်း ဟုမ်းထံမှ အံ့သြဖွယ် စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်။ ရုရှားလူထူးဆန်း တစ်ယောက်ကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီးနောက် သီရိလင်္ကာသို့ ရောက်သွားပြန်သည်။ ထိုနိုင်ငံမှ လက်ဖက်လုပ်ငန်းရှင်ကြီး တစ်ဦး ရုတ်တရက် အသက်ခံရခြင်းက  ဟုမ်း၏ စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုကို နှိုးဆွနိုင်ခဲ့၍ ဖြစ်သည်။ ယခင် ကျွန်တော် သိထားသည့် မိတ်ဆွေကြီး ဟုမ်း၏ အငွေ့အသက်ကို ပြန်လည် ခံစားမိခဲ့သည်။
“ပျင်းရိပြီး ကိုကင်းတွေပဲ သုံးနေရင် သူ့အတွက် အန္တရာယ်ရှိတယ်။ သူအလုပ်အပေါ် မွေ့ပျော်နေပြီ ဆိုရင်တော့ လန်ဒန်မြို့ကြီးဟာ ဘေးကင်းလုံခြုံနေပါတယ်” ဟု ကျွန်တော် အတွေးပေါက်ခဲ့ဖူးသည်။
မတ်လ နေ့တစ်နေ့တွင် မုန့်ဖုတ်သမားလမ်းတွင်းသို့ ကျွန်တော် လျှောက်လာစဉ် ဟုမ်း၏ အခန်း၌ မီးရောင်လင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ ပြန်ရောက်နေပြီကို ကျွန်တော် သိလိုက်သည်။ အခန်းသို့ရောက်ရှိသည့်အခါ ဟုမ်းက ကျွန်တော့်ကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး ရုရှားနှင့် သီရိလင်္ကာတို့တွင် ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြသည်။ သို့ရာတွင် ကျွန်တော် အမှန် ကြားလိုသည်က မော်ရီယာတီ သေဆုံးခဲ့သည့် အကြောင်း ဖြစ်သည်။ သူကတော့ တစ်လုံးမှ မဟသေး။
နောက်ဆုံးတွင် ကျွန်တော် မစောင့်ဆိုင်းနိုင်တော့။
“ကိုယ့်လူ၊ ဟုမ်း၊ ညသန်းခေါင်ရောက်တော့မယ်၊ မော်ရီယာတီ ဘယ်လိုသေခဲ့တယ်ဆိုတဲ့အကြောင်း ခင်ဗျားကျုပ်ကို အခုထိ မပြောသေးဘူး” ဟု ကျွန်တော်က ဆိုလိုက်သည်။
ခေတ္တမျှ သူ၏ မျက်နှာ ဖြူလျော့သွားပြီး မျက်လုံးအစုံကို စူးစိုက်ကြည့်နေခဲ့သည်။ စက္ကန့်အတန်ကြာ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေပြီးနောက်မှ “စိတ်မကောင်းပါဘူး ၀ပ်ဆန်၊ ကျုပ်ရဲ့ နောက်ဆုံး အမှုနဲ့ ပတ်သက်ပြီး လုပ်စရာရှိတာလေးတခုကို တွေးနေလို့ပါ၊ ခင်ဗျားဘာပြောလိုက်တာလဲ”
“မော်ရီယာတီ၊ သူဘယ်လို သေခဲ့သလဲဆိုတာ ခင်ဗျား ကျုပ်ကို မပြောပြရသေးဘူး” ဟု ကျွန်တော်က ထပ်လောင်း မေးမြန်းလိုက်သည်။
“သူမရှိတော့ဘူး၊ ဒါလူတိုင်း သိချင်တဲ့ သူ့အကြောင်းပဲလေ” ဟု ဟုမ်းက ဆိုသည်။
ကျွန်တော်က ပိုမိုမေးမြန်းလာရာ ဆွစ်ဇာလန်ရှိ နာမည်ကြီး ရေတံခွန် တခုပေါ်က လျှောက်လမ်းကျဉ်းကျဉ်းလေးပေါ်တွင် ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံ ဖြစ်ခဲ့သည့် အကြောင်း ထွက်ပေါ်လာသည်။ ဟုမ်းက အေးတိအေးစက်ပင် ပြောပြခဲ့သည်။
ဟုမ်းနှင့် ကျွန်တော် မိတ်ဆွေများ အဖြစ် ပြန်တွဲဖြစ်ကြပြန်လေပြီ။ အခြား မှုခင်းသစ်များအတွက် မကြာမီပင် သူအား ကူညီပေးရတော့သည်။ ယခင်ကာလများ အတိုင်းပင် ဖြစ်သည်။ တခါတရံ ဇနီးသည်အား တစ်ယောက်တည်း ထားခဲ့ရသည်ကို စိုးကြောက်မိပြီး လူနာများအတွက်လည်း အချိန်လုံလောက်စွာ မပေးနိုင်ခဲ့ပေ။ သို့ရာတွင် ဟုမ်းတယောက် စိတ်ဝင်တစားနှင့် အလုပ်များနေသည်ကို မြင်ရ၍ ကျွန်တော် ပျော်ရွှင်မိသည်။
တစ်နေ့တွင် သူ၏ ကိုကင်းဆေးအိုးကို ကျွန်တော်အား ပေးလာသည်။ “ဒါကို ယူထားလိုက်ပါတော့ ဒေါက်တာ၊ ကျုပ်အတွက် မလိုတော့ပါဘူး”
ထိုစကားကြားရ၍ လွန်စွာ ပျော်ရွှင်မိသော်လည်း ထိုအချိန်တွင် ပေါ်ပေါက်လာသော သတင်းဆိုးကြောင့် သောကပွားရပြန်သည်။ ၀ှိုက်ချပ်ပယ်လ်တွင် အမျိုးသမီးတယောက် အသတ်ခံရပြီး ပြည်သူများကလည်း ဓားရာဇာဂျက်အကြောင်း ပြန်ပြောလာကြ၍ ဖြစ်သည်။ လူသတ်မှုဖြစ်သည့် ညက ဟုမ်း မည်သည့်နေရာ၌ ရှိနေသည်ကို သတိရှိရှိဖြင့် စစ်ဆေးကြည့်သည်။ ထိုညက ဟုမ်းသည် ပြည်ပမှ နာမည်ကျော် စုံထောက်ကြီးနှစ်ဦးနှင့် အတူရှိနေခဲ့သည်။ ထိုသူနှစ်ဦးနှင့် ကျွန်တော်တို့ လျှို့ဝှက်စွာ အချို့အကြောင်းအရာများကိုပင် ဆွေးနွေးခဲ့သေးရာ ဟုမ်း ၀ှိုက်ချပ်ပယ်လ်တွင် ရှိမနေသည်မှာ သေချာသည်။
၁၈၉၀ ပြည့်နှစ်တွင် ဟုမ်းနှင့် အတူရှိနေသည့် အချိန်များကို လျှော့ချရန် ဆုံးဖြတ်လိုက်သည်။ ကျွန်တော်က အောင်မြင်သော ဆရာဝန်တစ်ယောက် ဖြစ်ချင်သည်။ ယင်းအတွက် ထိုက်သင့်သော ကြိုးစားအားထုတ်မှု မပြုရသေးပေ။ ကျွန်တော်တို့ ဇနီးမောင်နှံ မုန့်ဖုတ်သမားလမ်းနှင့် ဝေးကွာသော အိမ်သစ်သို့ ပြောင်းရွှေ့ခဲ့သည်။
အခြားပြောင်းလဲမှု တစ်ခုလည်း ဖြစ်ခဲ့သေးသည်။ ကွန်နန်ဒွိုင်ရယ်၏ “ကြက်သွေးရောင်တွင်း လေ့လာချက်” ဟူသော ၀တ္ထုသည် ဗြိတိန်တွင် ပွဲဦးထွက် မလှပခဲ့သော်လည်း အမေရိကားတွင် ကြီးကြီးမားမား အောင်မြင်မှုရရှိခဲ့သည်။ ထို့ကြောင့် ကွန်နန်သည် ဟုမ်း၏ အခြားမှုခင်းများအကြောင်း စတင်ရေးသားခဲ့သည်။ ဟုမ်းက ကွန်နန်၏ တောင်းဆိုမှုကို လျင်မြန်စွာပင် လိုက်လျောခဲ့၍ ကျွန်တော် အံအားသင့်ခဲ့ရသည်။ “ကြက်သွေးရောင်တွင်း လေ့လာချက်” အား ပထမဆုံး စဖတ်ရချိန်တွင် သူဒေါသထွက်ခဲ့ရသော်လည်း ယခု ကွန်နန်၏ ရေးသားချက်များကိုမူ သူသဘောကျနေပုံရသည်။
၁၈၉၁ နှစ်ဦးပေါက်စတွင် ကျွန်တော့်ဘ၀မှာ တည်ငြိမ် ပျော်ရွှင်နေသည်။ အလုပ်ကြိုးစားပြီး ဟုမ်းအတွက် အချိန်အနည်းငယ်သာ ပေးခဲ့သည်။ ဓားရာဇာဂျက်ဆိုသည်က အတိတ်ကာလတွင် ကျန်ရှိခဲ့သော အရာတစ်ခုသာ ဖြစ်သည်။ သူဆင်းရဲမများ သတ်ဖြတ်ခံခဲ့ရသည့် မှုခင်း သတင်းများသည်လည်း တစ်နေ့အကြာက ထွက်ပြီးသား သတင်းစာတစ်စောင်အတိုင်းပင် မေ့ထားလိုက်ကြသည်။ သို့သော် ဓားရာဇာဂျက်မှာ မသေသေးပေ။ သူအနားယူနေခြင်းသာ ဖြစ်ကာ ထိုအနားယူမှုမှာလည်း မကြာမီပင် ပြီးဆုံးပါတော့မည်။

အခန်း ၅
ရိုက်ချန်ဘတ်ခ်ျ ရေတံခွန်က လူသေမှု
၁၈၉၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖလော်ရာဝှိုက်မည်သော အမျိုးသမီးတဦး ၀ှိုက်ချပ်ပယ်လ်တွင် ဓားဖြင့် ထိုးသတ်ခံခဲ့ရသည်။ လူတိုင်းက ဓားရာဇာဂျက်၏ လက်ချက်ဟု တွေးထင်ကြသည်။ ထိုအထင်မှာ မမှန်ကန်ကြောင်း ကျွန်တော်တစ်ယောက်သာ သိသည်။ ၀ှိုက်ချပ်ပယ်လ်တွင် နောက်ဆုံး အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ ဂျက်၏ လက်ချက် မဟုတ်ဟု ကျွန်တော် သေချာသိနေသည်။
ယင်းသို့ ဖြစ်ပွားပြီး မကြာမီပင် ဟုမ်းတယောက် ပြင်သစ်သို့ ထွက်ခွာသွားခဲ့သည်။ ထူးဆန်းသော စာတစ်စောင်အား ဟုမ်းက ကျွန်တော်ထံသို့ ပေးပို့ခဲ့ပြီး ဖတ်ကြည့်မိသည့် အခါတွင်တော့ လွန်စွာ စိုးရွံ့ထိတ်လန့်သွားမိသည်။ ထိုစာတွင်းမှ စာတလုံးကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရပြီး သူ ကိုကင်းပြန်သုံးနေသလားဟု ၀ိုးတ၀ါး တွေးထင်ခဲ့မိသည်။ သူ၏ စာတွင် -
“ဘာလင်မှာ ဖြစ်ခဲ့တဲ့ သုံးယောက်တစ်ယောက်အမှုကို ခင်ဗျားအမှတ်ရမယ်ဆို အားလုံး ရှင်းသွားမှာပါ ၀ပ်ဆန်၊ ကျော်ကြားတဲ့ ဂျာမန်ပရော်ဖက်ဆာတစ်ယောက် ပဲရစ်မှာ အသက် ပျောက်သွားတယ်။ ကျုပ်နှစ်သက်တဲ့ ၀ှိုက်မောင်တိန်ကျွန်းပေါ်မှာ  ဒေသရင်းအပင်တွေအကြောင်း လေ့လာရင်း မကြာသေးခင်ကပဲ အသတ်ခံခဲ့ရတာ၊ သူရေးတဲ့ စာတန်းတွေ၊ စာအုပ်တွေ ထွက်လာတယ်။ အဲဒါတွေကို ဂရုတစိုက်နဲ့ မြန်မြန်လေး ဖတ်ကြည့်ပေမဲ့ တချို့ဟာတွေ ကျုပ် နားမလည်ဘူး။ မနေ့ညကတော့ ကျုပ် အိပ်မက်မက်တယ်၊ ဒီနေ့တော့ ကျုပ် ပြဿနာကို ရုတ်တရက် နားလည်သွားတယ်၊ သူနဲ့ အခြားသူတွေ လွတ်မြောက်ကြဖို့ အကြောင်း ဖန်လာပြီ။ လွယ်လင့်တကူရတဲ့ လွတ်မြောက်မှုတော့ မဟုတ်ဘူး။”
သုံးပတ်ခန့်အကြာ ညချမ်းတစ်ခုတွင် ကျွန်တော်တစ်ယောက်တည်း အိမ်၌ ထိုင်နေသည်။ ဇနီးဖြစ်သူက ခရီးသွားနေသည်။ ရုတ်တရက် အိမ်တံခါးပွင့်သွားပြီး ဟုမ်းရောက်လာသည်။ ထို့နောက် ပြတင်းပေါက်ဆီသို့ အပြေးသွားကာ တံခါးကို ပိတ်လိုက်ပြီး ဂျက်ပါ ထိုးလိုက်သည်။
“ဟုမ်း . . . ဘာဖြစ်လို့လဲ၊ ခင်ဗျားကြည့်ရတာ ရင်ထိတ်လိုက်တာ”
သူ့ကို တွေ့ရသည်မှာ အိုမင်း၍ မမာမကျန်းပုံ ပေါ်နေသည်။ ပင်ပန်းနွမ်းနယ်ကာ တုန်လှုပ်နေသည်။
“ဘာဖြစ်တာလဲ၊ ခင်ဗျား တစ်ခုခုကို ကြောက်နေလား” ဟု ကျွန်တော်က မေးလိုက်သည်။
“တစုံတယောက်ကိုပါ၊ ခင်ဗျား ကျုပ်ပေးတဲ့စာ မရဘူးလား”
“ရပါတယ်၊ ဒါပေမဲ့ ကျုပ်နားမလည်ဘူး၊ ဘာဖြစ်လို့လဲ”
ဟုမ်းက ကျွန်တော့်အား ၀မ်းနည်းပက်လက်ဖြင့် ကြည့်ကာ “ခင်ဗျား နားမလည်ဘူးလား၊ ခင်ဗျား ဇနီးရှိလား”
“မရှိဘူး၊ သူခရီးသွားတယ်၊ ခင်ဗျား ဒီမှာအိပ်ချင်လို့လား၊ ကျုပ်ဘေးကင်အောင် ထားနိုင်ပါတယ်”
သူ ခေါင်းခါလိုက်ပြီး “ကျုပ်ဘယ်မှာမှ နားလို့မဖြစ်ဘူး၊ ကျုပ်အိပ်ပျော်သွားရင် သူနိုင်ပြီ၊ ကျုပ်ဒီမှာလည်း နေလို့မရဘူး၊ ခင်ဗျားအိမ်ထဲ မကောင်းဆိုးဝါး သွင်းလာမိသလို ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားကျုပ်ကို ကူညီနိုင်တာတော့ ရှိတယ် ၀ပ်ဆန်။ ကျုပ် မနက်ဖြန် အင်္ဂလန်က ထွက်ရမယ်၊ ခင်ဗျားလိုက်ခဲ့နိုင်မလား”
“ဘယ်ကိုသွားမှာလဲ ဟုမ်း”
“ဘယ်ကိုလဲ ဟုတ်လား၊ ကျုပ် ဘယ်ကိုမှ သွားမှာ မဟုတ်ဘူး၊ ကျုပ် သူ့လက်တွင်းက လွတ်မြောက်ဖို့ပဲ၊ ဒါပေမဲ့ သူကတော့ ရှာမှာပဲ၊ ကျုပ်ဘယ်သွားသွား နောက်ကနေ လိုက်နေမှာပဲ”
“သူဆိုတာက . . .” မေးလိုက်ရာ ဟုမ်းက “ပါမောက္ခ မော်ရီယာတီပေါ့” ဟု ပြန်ဖြေသည်။
“ဒါပေမဲ့ သူက သေနေပြီပဲကွာ” ဟု ကျွန်တော်က ဆိုလိုက်သည်။
“သေပြီ ဟုတ်လား၊ သူက ကျုပ်ကို သတ်ဖို့ ကြိုးစားနေတာဗျ၊ သူဘယ်လိုလုပ် သေမှာလဲ”
“ဒါပေမဲ့ ခင်ဗျားပြောတော့ သူသေပြီဆို”
“ကျုပ်မှားသွားတာ၊ သူမသေဘူး၊ ကျုပ်ခင်ဗျားကို ပြောခဲ့သားပဲ”
“ကျုပ်ကို ပြောတယ်၊ ဘယ်တုန်းကလဲ၊ ဘယ်မှာ ပြောလဲ”
“ကျုပ်စာထဲမှာလေ ကိုယ့်လူရာ၊ ဘာလင်က အမှု၊ သုံးလုံးမြောက် စကားလုံးတိုင်းလေ၊ သိပ်လွယ်တဲ့ လျှို့ဝှက်စာလေ ၀ပ်ဆန်၊ ကျုပ်ကတော့ ခင်ဗျား . . . ကဲပါလေ . . ဒါက အရေးမကြီးပါဘူး၊ အမှန်တော့ မော်ရီယာတီ အသက်ရှင်လျက်ပဲ ရှိသေးတယ်၊ လန်ဒန်မှာ ရှိနေတယ်။ ပြီးခဲ့တဲ့ သုံးပတ်ကပဲ အမျိုးသမီးတယောက်ကို ၀ှိုက်ချပ်ပယ်လ်မှာ သတ်ခဲ့သေးတယ်၊ ကျုပ်သူ့ကို မရပ်တန့်နိုင်ဘူးဆိုရင် နောက်ထပ် ထပ်သတ်အုံးမှာ၊ ကျုပ်တို့ အကြားက သူသေကိုယ်သေ တိုက်ပွဲပဲလေ၊ ကျုပ်နဲ့ လိုက်ခဲ့ပြီး ကူညီပေးပါ ၀ပ်ဆန်၊ ကျုပ်နောက်ကို လိုက်မယ်လို့ ပြောလှည့်ပါ”
“လိုက်မှာပေါ့။ ကျုပ်ခင်ဗျားနောက်ကို လိုက်ခဲ့ပါ့မယ် ကိုယ့်လူရာ” ဟု ကျွန်တော် ပြောလိုက်သည်။
သူက ပြုံး၍ ထိုင်ခုံတွင် မီလိုက်သည်။ ခဏအတွင်းမှာပင် အိပ်ပျော်သွားသည်။ သူဆက်ပြီး အိပ်ပျော်သွားရန် ဆေးတလုံး အမြန်ထိုးပေးလိုက်သည်။ ကျွန်တော့်၏ စားတော်ကဲ အကူအညီဖြင့် သူ့ကို ချီမကာ အိပ်ခန်းတခုထဲသို့ ထည့်၍ သော့ပါ ခတ်ထားလိုက်သည်။ ထို့နောက် အရက်တခွက်ဖြင့် ထိုင်လျက်သား ရှေ့ဘာဆက်လုပ်ရမည်ကို တွေးနေမိခဲ့သည်။
ဟုမ်း၏ လျှို့ဝှက်စာကို နားမလည်သော်လည်း သူဘာဖြစ်နေသည်ကို ကျွန်တော် နားလည်သည်။ သူရူးနေပြီ။ မော်ရီယာတီ ဆိုသော မကောင်းဆိုးဝါးက သူ့အား ပူးကပ်နေသကဲ့သို့ ဖြစ်နေသည်။ မော်ရီယာတီနှင့် တိုက်ခိုက်ရခြင်းက သူ့ခေါင်းထဲတွင် နေရာယူထားသည်။
ဓားရာဇာဂျက် ဇတ်လမ်းတခန်းရပ်ခဲ့ပြီဟု ကျွန်တော် မျှော်လင့်ထားသော်လည်း သူက ထိုသို့မဟုတ်၊ ယခု အခြားအမျိုးသမီး တဦး အသတ်ခံရပြန်ပြီ။ ထိုအမျိုးသမီး၏ သွေးများ သူ့လက်တွင် ပေစွန်းနေမည်ကို ကျွန်တော် ခံစားမိသည်။ သူ့အကြောင်း ကျွန်တော် သိသည်ကို ပြောပြဖို့ အချိန်တန်လေပြီ။ အရာအားလုံးကို နားလည်အောင် ဦးစွာကြိုးစားရမည်။
မုန့်ဖုတ်သမားလမ်းရှိ ဟုမ်း၏ တိုက်ခန်းသို့ ကျွန်တော် သွားခဲ့သည်။ မည်သည့်အရာ ရှာဖွေရမည်ကို မသိသော်ငြား ကျွန်တော် စတင် ရှာဖွေခဲ့သည်။ အခန်းက သေသေသပ်သပ်မရှိ၊ သတင်းစာ အဟောင်းများနှင့် ပြည့်နေသည်။ လေးနာရီခန့် ရှာဖွေခဲ့သော်လည်း ဘာမှ မတွေ့ရ။ နံနက်လေးနာရီတွင် ကျွန်တော် ဆက်မရှာတော့။ ပြတင်းဝမှ ရပ်လျက် မှောင်မိုက်သော ကောင်းကင်ကြီးကို ကြည့်နေမိသည်။
ရုတ်တရက် ဘာလုပ်ရမည်ကို ကျွန်တော်သိလိုက်သည်။ မျက်နှာချင်းဆိုင်ရှိအိမ်။ တစ်ခါက မော်ရီယာတီကို ဟုမ်း မြင်လိုက်ရဖူးသည် ဆိုသော အိမ်။ လမ်းကူး၍ ထိုအိမ် နောက်ဖေးပေါက်မှ တံခါးကို ဖျက်ပြီး ၀င်လိုက်သည်။ အိပ်ခန်းတခုမှ လွဲ၍ အခန်းတိုင်းလိုလို ပြောင်သလင်းခါနေသည်။ ထိုအိပ်ခန်းအတွင်း၌ ကုတင်တစ်လုံး၊ ဗီရိုတစ်လုံးနှင့် သတင်းစာ ဖြတ်ပိုင်းများ ထည့်ထားသည့် သေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။ ၀ှိုက်ချပ်ပယ်လ်မှ လူသတ်မှုများအကြောင်း ရေးထားသည့် သတင်းများကို ဖြတ်ထားသည့် ဖြတ်ပိုင်းများ ဖြစ်သည်။ အခြားစာရွက်များမှာမူ လူသတ်သမားကိုယ်တိုင် ရေးချွှတ်ထားသည်များ ဖြစ်သည်။ လူသတ်မှု တစ်ခုစီတိုင်းအတွက် သူ၏ စိတ်ကျေနပ် ပျော်ရွှင်မှုများကို ရေးသားထားခြင်း ဖြစ်သည်။
ထိုစာရွက်များ၏ အောက်တွင် ဆေးရုံသုံး ဖန်ပုလင်းများကို တွေ့ရသည်။ ထိုပုလင်းများအတွင်း၌ အမျိုးသမီးများ၏ ခန္ဓာအစိတ်အပိုင်းများရှိနေသည်။ နောက်ဆုံးတွေ့လိုက်ရသည့် ဖန်ပုလင်းမှာမူ အဆိုးရွားဆုံး ဖြစ်သည်။ သန္ဓေသားတခု၏ အင်္ဂါအစိတ်အပိုင်းလေးများ ဖြစ်သည်။
ထိုအရာများကို မြင်တွေ့လိုက်ရသည့်အခါ အချိန်တိုင်း ခံစားမိနေသော ရှားလော့ခ်ဟုမ်းများ အသတ်ခံရရင် ဆိုသည့် အတွေးများ ကျေပျက်သွားတော့သည်။ ယခု လပ်စ်ထရိတ်ထံသို့ သွား၍ ဟုမ်းအား ဖမ်းဆီးရန် ပြောနိုင်သော်လည်း ထိုနည်းလမ်းကို ကျွန်တော် မရွေးချယ်။ တခါက ကောင်းမွန် ထက်မြက်ဖူးသည့် ဟုမ်း၏ အခြေအနေမှန်ကို အင်္ဂလန် ပြည်သူအားလုံး သိမသွားစေချင်။ ကမ္ဘာပေါ်က ဆိုးရွားလှသည့် အကြောင်းကိစ္စ အချို့မှာ သိုဝှက်ထားနိုင်တာ အကောင်းဆုံး ဖြစ်သည်။ ကျွန်တော် တစ်ယောက်တည်းသာ သူနှင့် သူ၏ ရာဇ၀တ်မှုများအား ရင်ဆိုင်မည်။
အေးစက်လှသော နံနက်ခင်း လေထုအတွင်း ဖြတ်လျှောက်လာစဉ် ထူးထူးခြားခြား တည်ငြိမ်မှုကို ခံစားနေရသော်လည်း စိတ်လှုပ်ရှားနေမိသည်။
ဟုမ်းက အိပ်ပျော်နေတုန်းပင်။ သေနတ်နှင့် ဆေးဝါးများ တွေ့လိုတွေ့ငြား သူ၏ ခန္ဓာကိုယ်အနှံ့ ရှာဖွေကြည့်သော်လည်း ငွေအနည်းငယ်နှင့် ဆေးအိုးကိုသာ တွေ့လိုက်ရသည်။ လပ်စ်ထရိတ်ထံသို့ ရည်ရွယ်လျက် ကျွန်တော် စာတစ်စောင် ရေးလိုက်သည်။ ထို့နောက် စားတော်ကဲအား ထိုစာကို ဘဏ်မန်နေဂျာထံသို့ သွားပေးရန် စေလွှတ်လိုက်သည်။ အကယ်၍ ကျွန်တော် ပြန်မလာနိုင်တော့ပါက ထိုစာအား လပ်စ်ထရိတ်၏ လက်ဝယ်အရောက် ထည့်ပေးရန် မှာလိုက်သည်။ ရှားလော့ခ်ဟုမ်းနှင့် ၀ှိုက်ချပ်ပယ်လ်မှ လူသတ်မှုများအကြောင်း ကျွန်တော်သိသမျှ အကုန် ရေးချထားသည်။
လွန်စွာပင်ပန်းနေပြီ ဖြစ်သော်လည်း နိုးနိုးကြားကြားရှိနေရမည်ကို ကျွန်တော် သိသည်။ အချိန်ပြည့် ဟုမ်းအား စောင့်ကြည့်နေရမည်။ ထို့ကြောင့် သူပေးခဲ့သည့် ကိုကင်းကို သုံးစွဲရန် ဆုံးဖြတ်လိုက်သည်။ ကိုကင်းအနည်းငယ်ကို ရေဖျော်၍ ဆေးထိုးအပ်နှင့် လက်မောင်းတွင်းသို့ ထိုးသွင်းလိုက်သည်။
ဟုမ်းကို ကြည့်ရန် အချိန်ရောက်ပြီ။ အခန်းတံခါးကို ဖွင့်လိုက်သည့် အခါ ကုတင်ပေါ်၌ သူမရှိတော့။ သူက တံခါးနောက်တွင် ရပ်နေပြီး ကျွန်တော့်အား တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် ကိုကင်းအစွမ်းဖြင့် အလျင်အမြန် ရှောင်တိမ်းနိုင်လိုက်သည်။
“၀ပ်ဆန်၊ ကိုယ်လူရာ၊ ကျုပ်က ခင်ဗျားကို မော်ရီယာတီ ထင်လို့ ၊ သူ့လူတယောက် ခြံထဲကို ရောက်နေတယ်၊ ကျုပ်တို့ သွားမှဖြစ်မယ်၊ ဒီမှာ ဆက်နေရင် သိပ်ကို အန္တရာယ်များတယ်”
သူတွေ့လိုက်သူမှာ ၀ီလျံ ၊ ကျွန်တော့် ဥယျာဉ်မှူး ဖြစ်သည်။
“ကျုပ် အထုပ်အပိုးတွေ သွားပြင်လိုက်အုံးမယ်” ဟု ကျွန်တော်က ပြောလိုက်သည်။
“အထုပ်အပိုးတွေ မယူနဲ့၊ ဒါမှ ကျုပ်တို့ ဘာလုပ်နေတယ်ဆိုတာ သူမသိမှာ”
“ကျုပ်ရဲ့ ဆေးအိတ်ကလေးတော့ ယူပါရစေ၊ ကျုပ်လူနာတယောက်နဲ့ သွားတွေ့တယ်လို့ပဲ သူထင်မှာပါ”
“တော်တယ်၊ ကျုပ်လည်း ဒီလို အကြံရှိတယ်” ဟု ဟုမ်းက ပြောသည်။
ကျွန်တော့် ဆေးအိတ်တွင်း၌ သေနတ်တလက်၊ ပိုက်ဆံနှင့် ကိုကင်း ရှိနေသည်ကို သူမသိ။
ဟုမ်းက ကျွန်တော့်အား မြင်းလှည်းတစီး အရင် ငှားထားနှင့်ရန် ရှေ့မှသွားခိုင်းသည်။ ထို့နောက်မှ သူပါလိုက်လာပြီး လမ်းကိုဖြတ်ကျော်လာကာ တနေရာအရောက် မြင်းလှည်းပေါ်မှ ခုန်ဆင်း၍ အပြေးအလွှား သွားကြသည်။ ထို့နောက် အခြား မြင်းလှည်းတစီးသို့ တက်ပြန်သည်။ သို့သော် ဘူတာရုံသို့ အရောက်တွင် ဟုမ်းက “ကျုပ်တို့ မြန်နိုင်သမျှ မြန်မြန် ရထားတွေ ပြောင်းစီးရမယ်၊ သူကျုပ်တို့နောက်က လိုက်နေတယ်” ဟု ဆိုသည်။
သွားနေသော ရထားတစ်စင်းပေါ်မှ ခုန်ဆင်း၍ ကွင်းများကို ဖြတ်ပြေးခဲ့ပြီး အခြား ရထားတစ်စီးပေါ်သို့ ခုန်တက်လိုက်သည်။ နောက်ဆုံးတွင် နယူးဟေဗင်ရှိ သင်္ဘောကြီး တစ်စင်းပေါ်သို့ ရောက်ခဲ့သည်။ ပြင်သစ်နှင့် ဂျာမနီတို့သို့လည်း ဤရူးကြောင်ကြောင် နည်းဖြင့်ပင် နောက် ၅ ရက်ကြာအထိ ဖြတ်သန်းနေခဲ့ရသည်။ ဟုမ်းက ဘယ်သွားနေသည်ကို ပြောမပြ။ ထိုကာလအတွင်း သူ့အား မျက်ခြေမပျက် စောင့်ကြည့်ခဲ့သော်လည်း စကားပြောဖို့ အချိန်ကောင်း မကြုံခဲ့ပေ။ ကျွန်တော် တဖြည်းဖြည်း အားနည်းလာချိန်တွင် ဟုမ်းက ပိုမို ခိုင်မာသန်စွမ်းလာနေသည်။ နိုးကြားနေရန် ကိုကင်းကို ကျွန်တော့်အားထားရသည်။
နောက်ဆုံးတွင် ဆွတ်ဇာလန်ရှိ ဟိုတယ်တစ်ခုသို့ ရောက်လာသည်။ ဒီထက်ပို မသွားနိုင်တော့ဟု ကိုယ့်ကိုယ်ကိုယ်လည်း ရိပ်စားမိလာသည်။ ရိုက်ချန်ဘတ်ခ်ျ ရေတံခွန် ရှိရာ တောင်တန်းများဆီသို့ လမ်းလျှောက်ထွက်လိုကြောင်း ဟုမ်းကို ကျွန်တော် နောက်တနေ့တွင် ပြောလိုက်သည်။ ထိုတောင်တန်းများထက်တွင် ကျွန်တော်သိထားသော သူ့အကြောင်းကို ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။ ကိုကင်းလည်း ကုန်ပြီ။ နေမလား၊ သေမလား . . . အဆုံးအဖြတ်ပေးမည့် နောက်ဆုံးတနေ့သို့ ရောက်လာတော့သည်။
နေ့လည်ခင်းမတိုင်မီအထိ ထိုတောင်တန်းများဆီသို့ သွားရောက်ရန် မစတင်နိုင်သေး။ နေလည်စာ မစားခင် သွားရန် ဟုမ်းက ငြင်းဆန်ခဲ့သည်။ ကျွန်တော် တုန်လှုပ်လာသည်။ ကိုကင်းက မရှိတော့။ ကြာလေ . . . သွားလာနိုင်ဖို့ ခွန်အား ဆုတ်ယုတ်လေ ဖြစ်ချေတော့မည်။ နောက်ဆုံးတွင် ဟိုတယ်မှ ထွက်ခွာ၍ တောင်တက်လမ်းများဆီသို့ လျှောက်လာခဲ့ကြသည်။ ဟုမ်းက ပျော်ပျော်ပါးပါးပင် စကားများ ပြောနေသည်။ တောင်တန်းများ၏ အလှတရားကို သူတွေ့သွားပြီ ဖြစ်သည်။
လမ်းကျဉ်းလေးတခုသို့ ရောက်စဉ်အခါမှ ကျွန်တော့်နာရီ ဟိုတယ်၌ ကျန်ရစ်ခဲ့သည်ကို သတိထားမိသည်။ ထိုနာရီကို အဖေ ပေးခဲ့ခြင်း ဖြစ်ကာ ဟိုတယ်တွင် သေချာစွာ ရှိနေပါမည်လားဟု ကျွန်တော် သိချင်လာတော့သည်။ ဟိုတယ်သို့ ပြန်၍ နာရီရှာရန် ဟုမ်းအား ပြောပြသည်။ နောက်မှ ရေတံခွန်သို့ လိုက်လာတော့မည်ဟု ဆိုလိုက်သည်။ မှန်သော အရာကို လုပ်လိုက်သည်ဟုသာ မျှော်လင့်လျက် သူပျောက်မသွားနိုင်လောက်ပေ ဟုလည်း ယုံကြည့်ခဲ့မိသည်။
ရေတံခွန်သို့ ပြန်ရောက်သည့်အခါ သူ့ကို မတွေ့ရ။ သူကျွန်တော့်ဆီမှ ထွက်ပြေးသွားပြီဟု တွေးမိသည်။ သို့ရာတွင် ရေတံခွန်ပေါ်မှ ကျောက်ဆောင်ကြီး တခုဆီသို့ ဦးတည်သွားနေသော လမ်းလေးတခုကို တွေ့လိုက်ရသည်။ ဟုမ်းက ထိုလမ်းလေးပေါ်တွင် ရပ်နေပြီး အောက်ခြေရှိ ကျောက်တုံးများ ထက်သို့ ရေများ ထိုးစိုက် စီးဆင်းနေသည်ကို ငုံ့ကြည့်နေသည်။ သူ့တွင် ပြေးစရာ မြေမရှိ။ သို့သော် ကျွန်တော့်အတွက် လွယ်ကူလှသော အလုပ်တခုတော့ မဟုတ်ပေ။
ကျွန်တော် သူ့ဆီသို့ လျှောက်သွားခဲ့သည်။ ရုတ်တရက် သူလှည့်ကြည့်လိုက်စဉ် ကျွန်တော်တို့ နှစ်ဦးသား မျက်လုံးချင်း ဆုံသွားသည်။ သူက အေးအေးဆေးဆေးပင်။ ထိုသို့သော လူတစ်ယောက်အား ကျွန်တော် ထိတ်လန့်သွားစေခြင်းငှာ မစွမ်းသာတော့။ ကျွန်တော့် စိတ်နှလုံး အရေးနိမ့်သွားသလို ခန္ဓာကိုယ်လည်း လဲကျသွားသည်။ သူ ပြာပြာသလဲ ပြေးလာရာ ကျွန်တော်က သေနတ်ကို ဆွဲထုတ်လိုက်သည်။
“နောက်ကို ဆုတ်ပါ၊ နောက်တစ်လှမ်း တိုးလာရင် ကျုပ်ပစ်လိုက်မှာ”
သူက ပြုံးလျက် “သိပ်ကောင်းပါတယ် ဒေါက်တာ၊ ကျုပ် နားလည်ပါတယ်” ဟု ဆိုလေသည်။
ကျွန်တော့်လက်များ တုန်နေပြီး သေနတ်ပင် လွတ်ကျမတတ်ဖြစ်နေသည်။ “ပြီးပြီ ဟုမ်း၊ အခန်းလွတ်ထဲကို ကျုပ်ရောက်ပြီးပြီ၊ ကျုပ်အားလုံးကို သိပြီးပြီ”
သူက ရယ်မောလျက် “ကိုယ်လူရယ်၊ ဘယ်သူမှ အရာအားလုံးကို မသိပါဘူး” ဟု ပြောသည်။
ရေများမှ အသံများကို ကြားနေသလို၊ ဟုမ်းမှာလည်း ကျွန်တော့် မြင်ကွင်းထဲတွင် နှစ်ယောက် ပေါ်နေသည်။ တစ်ယောက်က လမ်းပေါ်တွင် ရှိနေပြီး၊ ကျန်တစ်ယောက်ကမူ လေထဲတွင် မြောက်နေသည်။
“ကျုပ် ဖန်ပုလင်းတွေ တွေ့ခဲ့တယ် ဟုမ်း၊ သတင်းစာ ဖြတ်ပိုင်းတွေလည်း တွေ့ခဲ့တယ်၊ သူတို့ကို ခင်ဗျားသတ်တာ ကျုပ်သိတယ်”
“ကျုပ်သတ်တယ် ဟုတ်လား၊ ဖန်ပုလင်းတွေကိုလား၊ သတင်းစာ ဖြတ်ပိုင်းတွေကိုလား”
ကျွန်တော် စကား ပြောရန် ပိုမို ခဲရင်းလားသည်။ ဟုမ်းက ကျွန်တော့်အား ကြည့်၍ ပြုံးနေခဲ့သည်။
“ခင်ဗျားလုပ်တာ ကျုပ်သိတယ် ဟုမ်း၊ မယ်ရီ ကယ်လီကို ခင်ဗျား အပိုင်းပိုင်း လှီးဖြတ်နေတာ ကျုပ်တွေ့ခဲ့တယ်။ ခင်ဗျားသူတို့ အားလုံးကို သတ်ခဲ့တာ၊ ခင်ဗျား လုပ်ခဲ့တာပါ ဆိုတာ ကျုပ်ကြားပါရစေ”
“ခင်ဗျားက ဘာပြောစေချင်တာ”
“ခင်ဗျား သူတို့ကို သတ်ခဲ့တယ် ဆိုတာလေ”
“အဲဒါ ခင်ဗျား သတ်ခဲ့တာလေ”
“ကျုပ် ခင်ဗျားကို ပစ်တော့မှာနော် ဟုမ်း” ဟု ကျွန်တော် အော်ဟစ်လိုက်သည်။ “ခင်ဗျား မသေခင်၊ ခင်ဗျား ဘာလုပ်ခဲ့တယ်ဆိုတာ ကျုပ်ကို ပြောခဲ့”
“ခင်ဗျား ရူးနေပြီ ဒေါက်တာ၊ ပြီးတော့ မဟုတ်တမ်းတရမ်းတွေ လျှောက်ပြောနေတယ်၊ ပစ်ပါ၊ ကျုပ်ကို ပစ်”
ကျွန်တော် သူ့ကို ပစ်လိုက်သည်။ တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ပစ်လိုက်သည်။ သို့သော် သူက ရပ်နေတုန်းပင်။
နောက်ဆုံးတွင် ကျွန်တော် လဲကျသွားသည်။ လှုပ်၍လည်း မရ။ “ခင်ဗျား ဘာကြောင့် မသေလဲ” ဟု မမေးနိုင်ခင် အချိန်အထိ  အတော်ကြာအောင် ကျွန်တော် ထိုသို့ ဖြစ်နေခဲ့သည်။
သူက ကျွန်တော့် အနားတွင် ရပ်တန့်၍ စိုက်ကြည်ရင်း ဆေးတံ ဖွာနေခဲ့သည်။
“ကျုပ် ခင်ဗျား သေနတ်ထဲက ကျည်ဆံတွေကို ထုတ်ပြီး ထိပ်ဖူးအလွတ် ကျည်တုတွေပဲ ထည့်ထားတာ၊ ကျုပ်ကို ပြောလှည့်ပါ မော်ရီယာတီ၊ ခင်ဗျား ဘယ်တုန်းက ၀ပ်ဆန်ကို သတ်ခဲ့တာလဲ၊ ခင်ဗျား သိပ်တော်ပါတယ်၊ သူနဲ့လည်း သိပ်တူအောင် လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျား ဘယ်သူဆိုတာ ကျုပ်သိတယ်၊ ခင်ဗျား တနေ့ကို ကိုကင်းသုံးကြိမ် ထိုးနေတာ မြင်ကတည်းက ခင်ဗျားဟာ ကျုပ်မိတ်ဆွေကြီး မဟုတ်မှန်း သိခဲ့တယ်။ ဒေါက်တာဝပ်ဆန်က ဘယ်တော့မှ မူးယစ်ဆေးမသုံးဘူး၊ ခင်ဗျား ကိုကင်းက ကုန်သွားပြီ မဟုတ်လား၊ သနားစရာပဲ မော်ရီယာတီ။ ကျုပ် ဆေးတံထဲမှာလည်း ကိုကင်းတွေ ထည့်ထားတာ ခင်ဗျား မသိဘဲကိုး”
ကျွန်တော် အဖျားတက်၍ အားအင် ကုန်ခမ်းလာသည်။ ဟုမ်း၏ အရောင်းအသွေးများ ကျွန်တော့် အမြင်အာရုံတွင် ပြောင်းလဲမလာခင်အထိ ကျွန်တော် ခေါင်းကို သွင်သွင် ခါယမ်းခဲ့သည်။ သို့သော် သူက ဆက်ပြောနေတုန်းပင်။
“လပ်စ်ထရိတ်ကို ကျုပ်ဟာ ၀ှိုက်ချပ်ပယ်လ်က လူသတ်သမားပါလို့ ပြောတဲ့ စာ၊ ဒီစာကလည်း ခင်ဗျား ရူးနေလို့ ရေးတာပဲ၊ စကော့တလန်ယာ့ဒ်က ရယ်မှာပေါ့၊ ဒါပေမဲ့ ဒီစာကို ကျုပ်လက်ဦးအောင် ယူထားပြီးသားပါ။ ခင်ဗျား စားတော်ကဲ လက်ထဲမှာ ဒီစာကို တွေ့လိုက်တော့ ခင်ဗျားကို မြင်းလှည်း အရင်ငှားခိုင်းပြီး စာကို ရအောင် ယူထားလိုက်တာလေ၊ ခင်ဗျား ရှုံးပြီ မော်ရီယာတီ။ ခင်ဗျားနဲ့ ဥရောပတစ်ခွင်လုံး လျှောက်ပြေးနေရတာ ကျုပ်ပျော်ပါတယ်၊ ဒါပေမဲ့ အခုတော့ ခင်ဗျား သေရမယ်။”
သူက ဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။
“ဟုမ်း၊ ကျုပ်ဝပ်ဆန်ပါ၊ ခင်ဗျား မိတ်ဆွေ ၀ပ်ဆန်ပါဗျာ၊ ကျုပ်က ခင်ဗျားကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။ ခင်ဗျားကို ခင်ဗျားကိုယ်တိုင်နဲ့ ရဲတွေ လက်တွင်းက ကယ်ဖို့ ကြိုးစားခဲ့တာပါ”
သူက ဓားကို ကိုင်လျက် ကျွန်တော့်ဆီသို့ ဆက်လျှောက်လာနေသည်။
“ကျုပ်ကို သတ်လိုက်ရင် ခင်ဗျားကို မော်ရီယာတီ နိုင်သွားမှာ၊ သူက အဲဒီလို ဖြစ်စေချင်နေတာ၊ ခင်ဗျားရဲ့ တစ်ယောက်တည်းသော မိတ်ဆွေကို သတ်လိုက်တာနဲ့ မော်ရီယာတီ နိုင်သွားမှာ”
ကျွန်တော် မျက်လုံးများကို မှိတ်လိုက်ပြီး နာကျင်မှုနှင့် မှောင်မိုက်ခြင်း အတွက် စောင်ဆိုင်းနေလိုက်တော့သည်။
သို့ရာတွင် ထိုသို့ ဖြစ်မလာခဲ့။ မျက်လုံး ဖွင့်ကြည့် လိုက်သည့်အခါ ဟုမ်းက ကျွန်တော့်အား ကြည့်နေသည်ကို တွေ့ရသည်။ ဓားကို လွှတ်ချလိုက်ပြီး သူ၏ မျက်ဝန်းတွင် တကြိမ်တခါမှ မမြင်ခဲ့ဖူးသည့် ၀မ်းနည်းပူဆွေးမှုများအား မြင်လိုက်ရသည်။ သူ့ပုံမှာ အတိတ်နှင့် အနာဂတ် နှစ်ခုစလုံးကို မျှော်ကြည့်နေပုံရသည်။
“ဘယ်တော့မှ မကြောက်ပါနဲ့ မိတ်ဆွေကြီးရယ်၊ ကျုပ်ခင်ဗျားကို နာကျင်အောင် မလုပ်ပါဘူး”
ထိုသို့ ပြောပြီး သူ၏ ခြေလှမ်းများ နောက်သို့ ဆုတ်သွားသည်။ ထို့နောက် ရေတံခွန်အောက်သို့ ကျသွားပြီး ကျောက်တုံးများနှင့် သူ၏ ခန္ဓာ ဆောင့်မိသွားသည်ကို မြင်တွေ့လိုက်ရတော့သည်။
နိဂုံး
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ကျွန်တော် နိုးထလာခဲ့သည်။ ဟိုတယ်တွင်းရှိ ကုတင်ပေါ်၌ ကျွန်တော် ရှိနေခြင်းဖြစ်သည်။ ရိုက်ချန်ဘတ်ခ်ျ ရေတံခွန်၏ အမြင့်ဆုံး နေရာရှိ လျှောက်လမ်းအစွန်းတွင် ကျွန်တော့်အား တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
တစ်ပတ်ကြာပြီးနောက် လန်ဒန်သို့ ပြန်ရောက်လာသည်။ ရောက်လျှင်ရောက်ခြင်းပင် အခန်းလွတ်ရှိရာသို့ သွား၍ သတင်းစာဖြတ်ပိုင်းများကို မီးရှို့ကာ ဖန်ပုလင်းများအား ဖျက်စီး ပစ်လိုက်သည်။ ဟုမ်း၏ ဆိုးရွား စက်ဆုတ်လှသော အကြောင်းအရာများကို မည်သူမျှ မသိစေလိုပေ။ ကွယ်လွန်ပြီးနောက်ပိုင်းတွင် ကျွန်တော်၏ မိတ်ဆွေကြီး ကောင်းသော ဂုဏ်သတင်းဖြင့်သာ ကျော်စောနေစေလိုသည်။
ကျွန်တော် ကံကောင်းသည်ဟု ဆိုရမည်။ ကွန်နန်က ဟုမ်းအကြောင်း ရေးသည့် ၀တ္ထုများဖြင့် အလုပ်ရှုပ်နေသည်။ ထိုဝတ္ထုများမှာလည်း ချက်ချင်းဆိုသလိုပင် အောင်မြင်မှု ရလာသည်။ ကွန်နန်လည်း ထင်ရှားကျော်ကြားသည့် စာရေးဆရာကြီး ဖြစ်လာခဲ့ကာ ဟုမ်းကို တခါမျှ မတွေ့ဖူးသော သူများက သူ့အား ၀တ္ထုထဲက စုံထောက်ကြီး အဖြစ်သာ သိထားကြတော့သည်။ နောက်ပိုင်းတွင် ရှားလော့ခ်ဟုမ်းမှာ အမှန်စင်စစ် လောကအတွင်း သက်ရှိထင်ရှား  ရှိခဲ့ဖူးသူ ဆိုသည်ကိုပင် မေ့လျော့လာကြသည်။
ဟုမ်း သေဆုံးပြီး နောက်ပိုင်းတွင် ကျွန်တော်၏ ဘ၀မှာ ကာလအတန်ကြာအောင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ၂ နှစ် ခန့်အထိ ကိုကင်းမသုံးစွဲဘဲ မနေနိုင် ဖြစ်ခဲ့သည်။ အလုပ်လည်း မလုပ်နိုင်၍ ကျွန်တော်တို့ ဇနီးမောင်နှံတွင် ငွေလေး အနည်းအကျဉ်းသာ ရှိတော့သည်။
ကျွန်တော့် ဇာတ်လမ်းက အဆုံးသတ်ချေပြီ။ ဟုမ်း ကွယ်လွန်ပြီးစဉ် အခါကတည်းက ကျွန်တော် တိတ်တဆိတ်သာ နေရစ်ခဲ့သည်။ သို့သော် တခါတရံ မီးလင်းဖိုအနီး ထိုင်လျက်သား ရိုက်ချန်ဘတ်ခ်ျရေတံခွန်ပေါ်၌ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် တွေးတော့နေမိသည်။ သိမ်မွေ့နူးညံ့လှသော ဟုမ်း၏ နောက်ဆုံးစကားများကို ပြန်လည် ကြားယောင်နေမိသည်။ နောက်ဆုံး အခိုက်အတန့်အတွင်း မြင်တွေ့ခဲ့ရသော ဟုမ်း၏ မျက်ဝန်းမှ နားလည်မှု လင်းရောင်ခြည်ကို ပြန်လည် မြင်ယောင်နေမိသည်။ ကျွန်တော် သိခဲ့ဖူးသော အကောင်းဆုံးနှင့် အတော်ဆုံး လူသားတဦး၏ ပုံရိပ်ကို နောက်ဆုံးအကြိမ်အဖြစ် ပြန်လည် မြင်တွေ့ခဲ့ရချိန်လည်း ဖြစ်ပေတော့သတည်း။



 ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်

-ကျော်လင်းထွန်း-
ပြီးပါပြီ


 Hhျူိ့်ျါေ

Comments