"လူ့အခွင့်အရေး ချိုးဖောက်ခံ စစ်သားတစ်ဦး၏ ရင်ဖွင့်စကား သမ္မတနှင့် ကာချုပ်ကြီး ကြားစေသား"




အဖြူရောင် ရှပ်အင်္ကျီ ၀တ်ဆင်ထားသော ၀၀ပြည့်ပြည့် အသားညိုညို၊ ညှင်းသိုးသိုးဆံပင်များနှင့် အသက် ၄၀ နီးပါး အမျိုးသားတစ်ဦး၏ စကားသံသည် တစ်ခါတစ်ရံ တိုးဝင်သွားလိုက်၊ တစ်ခါတစ်ရံတွင် စိတ်လှုပ်ရှားမှုကြောင့် ကျယ်လောင်လိုက်ဖြင့် ပေ ၂၀ ပတ်လည် အခန်းကျဉ်းအတွင်းဝယ် ပျံလွင့်နေသည်။
 
လွန်ခဲ့သည့် ၁၅နှစ်ကာလက စစ်မှုထမ်း ဘ၀ဖြင့် ရင်ဆိုင်ခဲ့ရသည့် တပ်တွင်း လူအခွင့်ရေးချိုးဖောက်မှုဒဏ်ကို အနော်ရထာလမ်းနှင့် ဗဟာဗန္ဒုလမ်းကြားရှိ ၃၆ အလယ်လမ်း မြန်မာဂျာနယ်လစ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲအဖြစ် လာရောက်ဖွင့်ချနေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် နေထိုင်လျက်ရှိသည့် ဦးရင်ရင်မောင်သည် ၁၉၉၉ ခုနှစ်တွင် အောက်ခြေတပ်သားအဖြစ် တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ် လက်နက်ခိုးယူသည်ဟု သံသယရှိ၍ ကိုးရက်နှင့် တစ်မနက် ထမင်းမကျွေးရေမတိုက်ဘဲ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ခွင့်မဲ့ပျက်ကွက်သည်ဟု ဆိုကာ ထောင်ဒဏ်တစ်နှစ်ကိုလည်း ကျခံခဲ့ရ၍ နစ်နာမှုရှိသည့်အတိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတအပါအ၀င် သက်ဆိုင်ရာဌာန ၇ ခုသို့ သုံးကြိမ်တိုင်တိုင် တင်ပြစာပေးပို့ခဲ့သည်။ 

တင်ပြစာနှစ်စောင်ကို ယခုနှစ် မေ ၂၆ ရက်နှင့် ဇူလိုင် ၈ ရက်နေ့များတွင် အသီးသီးပေးပို့ခဲ့ခြင်းဖြစ်သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ တရားဥပဒေ စိုးမိုးရေးအတွက် လွှတ်တော်ရေးရာကြားနာပွဲတစ်ရပ် စီစဉ်ဆောင်ရွက်ပေးနိုင်ရန်ဟုဆိုကာ လွှတ်တော်အရပ်ရပ်နှင့် သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် ပြည်သူတို့၏ အသနားခံစာ၊ တိုင်ကြားစာများ စိစစ်ရေးကော်မတီတို့ထံ စက်တင်ဘာ ၂၂ ရက်တွင် ထပ်မံတင်ပြတောင်းခံထားသည်။ 

၎င်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ဘုရားနီ(ဘုရားညီ) ကျေးရွာတွင် မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံအားကာကွယ်လိုသော စိတ်အားထက်သန်မှုဖြင့်လည်းကောင်း၊ စွန့်လွှတ်စွန့်စားလိုသော စိတ်ဓာတ်အခြေခံဖြင့်လည်းကောင်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ပုသိမ်မြို့၊ အမှတ် ၉ ပညာရေးကျောင်း စစ်သားစုဆောင်းရေးသို့ အမည်စာရင်းပေးသွင်းခဲ့ကာ ထိုစဉ်အခါက ၎င်း၏ အသက် ၁၉ နှစ်သာ ရှိသေးပြီး အိမ်ထောင်မကျသေးပေ။ 

အထက်ပါ စစ်သားစုဆောင်းရေးမှတဆင့် ပုသိမ်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် ဖွင့်လှစ်ထားသော အမှတ် ၆ လေ့ကျင့်ရေးတပ်သို့ ရောက်ရှိခဲ့ပြီး အခြေခံစစ်သင်တန်း ၄ လ တက်ကာ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် ၃၇၂ ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်ပြီး တစ်လခန့်အကြာတွင် ပြင်ဦးလွင်မြို့ ဗဟိုဆက်သွယ်ရေးသင်တန်းကျောင်း၌ ဆက်သွယ်ရေး သင်တန်း တက်ရောက်ခဲ့ပြီးနောက် မိခင်တပ်ကို ပြန်ရောက်ပြီး တပ်ရင်းဆက်သွယ်ရေးဖြင့် ဌာနချုပ်တပ်ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

“ရှမ်းပြည်တောင်ပိုင်း ဘိန်းဘုရင်ခွန်ဆာရဲ့ စစ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ လွယ်ထွေ၊ ပုံမာကျင်၊ ကျူဆံကဒ်၊ ၀မ်အိုဘီစခန်းတွေကို စစ်ဆင်ရေးထိုးခဲ့ရတယ်” ဟု အစပျိုးကာ ၎င်း၏ စစ်ရေးအတွေ့အကြုံများကို ပြောပြသည်။

ဘိန်းဖြူတိုက်ဖျက်ရေး ၅ နှစ် စီမံကိန်းကာလအတွင်း ဦးရင်ရင်မောင်တို့ တပ်ရင်းက တစ်နှစ် တာဝန်ယူထိုးစစ်ဆင်ခဲ့ရကာ နှစ်ကာလအားဖြင့် ၁၉၉၆/၁၉၉၇ က ဖြစ်သည်။ ထို့နောက် ကရင်ပြည်နယ် အရှေ့ခြမ်းဒေသဖြစ်သည့် ပလောပလောက်စခန်း၊ ကပြုပင်စခန်း၊ မဒေါစခန်း၊ အောင်သာဝရစခန်း၊ အလံနီစခန်းတို့ကို ထိုးစစ်ဆင်ရာတွင်လည်း ပါဝင်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် မေတ္တာစခန်း၊ ဆစ်ဝမ်းတူး (612) စခန်း၊ ၀မ်းတူးဆဲဗင်းတူး (1272) စခန်း၊ ဆင်ဖြူထိုင်စခန်း၊ ထီးထစခန်းများကို ထိုးစစ်ဆင်ရာတွင်လည်း ပါဝင်ထမ်းဆောင်ခဲ့ကာ ၁၉၉၇ တွင် အိမ်ထောင်ကျခဲ့သည်။

ယင်းစစ်ဆင်ရေးများမှ မိခင်တပ်ရင်းသို့ ပြန်နားချိန် ၁၉၉၉ ခုနှစ် ဇွန်လတွင် ခွင့် ၁၅ ရက်ရခဲ့ပြီး ရခိုင်ပြည်နယ်မှ မွေးရပ်ဇာတိမြေ မိခင်နေအိမ်သို့ ပြန်ခဲ့ကာ ခွင့်ရက်စေ့၍ တပ်ရင်းသို့ ပြန်ရောက်သောအခါ နောက်ချန်တပ်ဖွဲ့ဖြင့် စစ်ဆင်ရေးဒေသသို့ လိုက်ပါရန် တာဝန်ပေးခံရသည်။ သို့ဖြစ်၍ နောက်တန်းတွင် စစ်ဆင်ရေးထွက်ရန် ၁၀ ရက်ကျော်ကြာ စောင့်ဆိုင်းနေရသည်။ စစ်ဆင်ရေးထွက်မည့်  ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် စစ်ဆင်ရေးထွက်မည့် ရဲဘော်များ တပ်ရင်းလက်နက်တိုက်သို့ သွားထုတ်ရာ တပ်ရင်းလက်နက်တိုက်ပွင့်နေသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ 

“လက်နက်တိုက် ရောက်မှ ကျွန်တော်တို့ သတင်းပေးပို့ ချက်ကြောင့် ဗဟိုကင်းက သိရတာ၊ နောက်တန်းမှူး ဗိုလ်မှူးဆီ သတင်းပို့တော့ သူကိုယ်တိုင် လိုက်လာပြီး လက်နက်တိုက်ကို ၀င်စစ်တယ်၊ အဲဒီတော့မှ သေနတ် ၂ လက် ပျောက်နေတာ သိရတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကုဒ်မှတ်တမ်းစာအုပ်ဖြင့် တိုက်ဆိုင် စစ်ဆေးကြည့်သောအခါ ပျောက်ဆုံးနေသော သေနတ် ၂ လက် ထဲတွင် ဦးရင်ရင်မောင်၏ သေနတ်လည်း ပါဝင်နေသည်။
“ကျွန်တော်ကိုင်ဆောင်ထားတဲ့ သေနတ်နံပါတ်က JJ-149342, BA-63 နောက်မောင်းပြန်ရိုင်ဖယ်အမျိုးအစား၊ နောက်တစ်လက်က တပ်သားလှကျော်သာ ကိုင်ဆောင်တဲ့ သေနတ်၊ အဲဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်ကို တပ်အချုပ်ထဲ ထည့်သွင်းချုပ်နှောင်လိုက်ကြတယ်” ဟု ၎င်းက ဆိုသည်။ 

ယင်းည ၈ နာရီခန့်တွင် ဗိုလ်မှူး ဦးဆောင်၍ တပ်သား ၆ ဦးခန့် ရောက်ရှိလာပြီး ၎င်းကို လက်ပြန်ကြိုးတုပ်ကာ သစ်သားတုတ်တုံးဖြင့် ဦးခေါင်းအပါအ၀င် ခန္ဓာကိုယ်အနှံ့အပြားကို ရိုက်နှက်ခြင်း၊ လက်သီးဖြင့် ၀ိုင်းဝန်းထိုးနှက်ခြင်း၊ ၀ိုင်းဝန်းကန်ကျောက်ခြင်း စသည်တို့ကို ပြုလုပ်နှိပ်စက်ကြသည့် အပြင် ဦးခေါင်းအား ပလပ်စတစ်အိတ်စွပ်၍ အသက်ရှူကြပ်အောင် ပြုလုပ်ကာ ရေများဖြင့် မျက်နှာကို ပက်ဖြန်းရိုက်နှက်ခြင်း၊ ပလာယာဖြင့် သွားများကို ဆွဲနှုတ်ခြင်း၊ ခြေချောင်း၊ လက်ခြောက်များကို ပင်အပ်များအတင်းထိုးစိုက်၍ နှိပ်စက်ခဲ့သည်ဟု ဦးရင်ရင်မောင်၏ တင်ပြစာတွင် ရေးသားထားသည်။ 

“ခေါင်းကွဲတယ်၊ သွားတစ်ချောင်းပဲ့သွားတယ်၊ ခြေထောက်နှစ်ချောင်းကို ကြိုးတုပ်ပြီး အချုပ်ခန်းအပေါ်ထုပ်တန်းမှာ တွဲလောင်းဆွဲ နှိပ်စက်တယ်၊ ဒီလို ၉ ရက်တိတိ ညှဉ်းပန်းနှိပ်စက်နေတဲ့ ရက်တွေအတွင်းမှာလည်း ထမင်းမကျွေး၊ ဘယ်အစားအစာမှလည်းမကျွေး၊ ရေလည်း မတိုက်ဘဲ ထားတယ်” ဟု ၎င်းက ပြောသည်။ 

ထို့အပြင် ယောက္ခမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့ကိုလည်း မိမိနှင့်အတူ တပ်အချုပ်ခန်းအတွင်း ထည့်သွင်း၍ ရိုက်နှက်နှိပ်စက်ခဲ့ပြီး ဇနီးနှင့် လသားကလေးကိုလည်း ခွဲထားကာ နို့တိုက်ခွင့်ပင် မပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ 

အမှန်တကယ် သေနတ်ခိုးခဲ့သည့် တရားခံကို နောက်ပိုင်းမှ ဖမ်းမိခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကာ ကြံရာပါ နှစ်ဦးတို့ကိုမူ ထောင်ဒဏ် ၅ နှစ်စီဖြင့် ကျောက်ဖြူအကျဉ်းထောင်တွင် အကျဉ်းကျခံစေခဲ့သည်။ 

ဖမ်းဆီးနှိပ်စက်ခဲ့သည့် ဗိုလ်မှူးနှင့် ဗိုလ်ကြီးတစ်ဦးတို့က ခေါ်၍ နှစ်နာခဲ့သည့်အတွက် တပ်မှ ထွက်ခွင့်ပေးမည်ဟု တပ်တွင်းစစ်ခံရုံးသဏ္ဍာန်ပြုလုပ်၍ ပြောကြားခဲ့ပြီး ၎င်းနှင့် လှကျော်သာတို့ကို ကျောက်ဖြူသို့ ပို့စေခဲ့သော်လည်း တပ်မှ ထွက်ခွင့်ပေးခြင်းမဟုတ်ဘဲ ကျောက်ဖြူအကျဉ်းထောင်သို့ တစ်နှစ်ထောင်ဒဏ်ကျခံရန် ပို့လိုက်ခြင်းသာ ဖြစ်သည်ဟု ဦးရင်ရင်မောင်က ဆိုသည်။ 

အထက်ပါကိစ္စများကို နိုင်ငံတော်၏ အကြီးအကဲများ သိရှိနားလည်လျက် တပ်မတော်၏ အောက်ခြေတပ်သားများ ဘ၀ကို အရှိပကတိအတိုင်း စာနာနားလည်နိုင်ပေးခြင်းအားဖြင့်လည်းကောင်း၊ မိမိကဲ့သို့ တပ်သားများ တပ်မတော်တွင် နောက်ထပ်မဆုံးရှုံးစေတော့ရန်အတွက်ကို လည်းကောင်း၊ မိမိ၏ နစ်နာမှုများကိုလည်းကောင်း အလေးအနက်ထား ကူညီဆောင်ရွက်ပေးရန် လေးစားစွာဖြင့် တင်ပြအပ်ပါကြောင့်ဖြင့် ပြီးခဲ့သည့် မေလက တင်ပြခဲ့သည့် တင်ပြစာတွင် ပါရှိသည်။
တပ်မတော်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်သုံးသပ်မှုပေးရန် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း သုံးသပ်ချက် မပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။ 

“ကျွန်တော်တာဝန်ယူရတဲ့ တိုင်ကြားစာတွေထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ တပ်မတော်သားရဲ့ တိုင်ကြားစာမျိုး မရှိပါဘူး၊ ဒါပေမဲ့ လုံးဝမရှိဘူးလို့တော့ ပြောလို့မရပါဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ နစ်နာချက် တိုင်ကြားတင်ပြစာများအပေါ် သက်ဆိုင်ရာ အစိုးရပိုင်းနှင့် လွှတ်တော်ပိုင်းမှ အရေးယူဆောင်ရွက်မှု နည်းပါးနေခြင်းအပေါ် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က “ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက စစ်ဘက်တရားစီရင်ရေးကို ကာကွယ်ရေးဦးစီးချုပ်ထက်ကျော်လွန်ပြီး ဘယ်သမ္မတ၊ ဘယ်လွှတ်တော်ဥက္ကဋ္ဌကမှ ၀င်စွက်ဖက်လို့ မရဘူးဆိုပြီး ပြဋ္ဌာန်းထားတာကိုး၊ အမှန်ဆိုရင်တော့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေ နည်းတူ စစ်ဘက်ရဲ့ တရားစီရင်ရေးကလည်း အရပ်ဘက်ရဲ့ အောက်မှာပဲ ရှိသင့်တယ်” ဟု သုံးသပ်သည်။ 

နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ ဌာနများသို့ လွှတ်တော်ရေးရာ ကြားနာပွဲတစ်ရပ် စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တတိယမြောက်တင်ပြစာ ပေးပို့ထားသော ဦးရင်ရင်မောင်က ယနေ့အထိ အကြောင်းမထူးသေးသော်လည်း ကြားနာပွဲ မပြုလုပ်ပေးပါက ထပ်မံ၍ တင်ပြစာပေးပို့ သွားမည်ဟု ဟု ဆိုသည်။ 

“နိုင်ငံတော်အပေါ် စစ်သားကောင်းတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ပေမဲ့ ရတဲ့ ရလဒ်က ထောင်ထွက်၊ စစ်ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူဆိုတဲ့ ရလဒ်ပဲ ဖြစ်တယ်၊ ဒီထက်ဆိုးတာက ကျွန်တော့် သားသမီးတွေရဲ့ အနာဂတ် ဦးတည်ရာလမ်းကြောင်းတွေ ပြောင်းသွားတာပါပဲ” ဟု ၎င်းက ပြောသည်။ 

ကျော်လင်းထွန်း

မှတ်ချက်- News Watch ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်။


Comments