"ကျောင်းသားသပိတ် ဘယ်လိုမြင်လဲ"

လက်ပံတန်းမြို့တွင် ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရစဉ်က (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

အစပိုင်းတုန်းကတော့ ဒီဥပဒေကြမ်းအတွက်ကို ဒီလိုပုံစံနဲ့ မဟုတ်ဘဲ တခြားနည်းနဲ့ အဖြေရှာနိုင်သားပဲ ဆိုတဲ့ စိတ်နဲ့ ကျောင်းသားတွေအပေါ် တူးတူးခါးခါးမဟုတ်သော်ငြား အခြားလူပြိန်းများနည်းတူ ဒီလူငယ်လည်း အူတူတူ နိုင်ခဲ့မိပါကော။ နို့ပေမယ့် ရန်ကုန်ဝင်မှာ ကြောက်လို့ မြို့ အဝင်အဝတွေမှာ အမည်ခံရပ်မိရပ်ဘ ဆိုတဲ့ စွမ်းအားရှင် အလိုတော်ရိတွေနဲ့ ကြိုစောင့် ထားတာ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရစဉ်မှာ ဒီလူငယ် ခပ်ရေးရေးမြင်လာမိတယ်။ အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီးခံကြရစဉ်မှာတော့ ဒီလူငယ်ပြတ်ပြတ်သားသား မြင်မိသွားတယ်။ 

ဒါဟာ ယနေ့ လူပြောသူပြောများနေတဲ့ မြန်မာ့နည်းဟန် ဒီမိုကရေစီရဲ့ အကျည်းတန်စာမျက်နှာကို ကျောင်းသားတွေ လှန်ပြနိုင်လိုက်တယ်ဆိုတာပါပဲ။ ကျောင်းသားဟာ ငရဲခွေးကြီးကိုလည်း အမြီးက ကိုင်ဆောင့်နိုင်ခဲ့တယ် . . . ရှစ်တန်းနဲ့ ဖာချဖူးတဲ့ ဝန်ကြီးချုပ်ကိုလည်း နားရွက် တံတွေးစွတ်နိုင်ခဲ့တယ် . . . တဏှာရူး အာဏာရှင် စစ်ဘီလူးကိုလည်း မာန်စွယ်ချိုးနိုင်ခဲ့တယ်။ ဟော . . . အခု အာဏာရှင် ဆည်းဆာခေတ်မှာ နေတောက်တုန်း လှနေတဲ့ (တစ်သက်လုံးနီးပါး စစ်ဖိနပ်နဲ့ စစ်ဘောင်းဘီ အမြဲ ဝတ်ခဲ့ရလို့ မွှေးကျွတ်နာ ခဏခဏဖြစ်ဖူးတဲ့) ဘပြောင်တို့ အပေါင်းအပါများကို ဒေါင်းမြီးတောက်စေခဲ့တယ်။ 

၈၈ ဝန်းကျင်၊ ကိုးဆယ်ပြည့်လွန်နဲ့ နှစ်ထောင် အနီးတဝိုက် မွေးဖွားကြီးပြင်းခဲ့တဲ့ ကလေးများဟာ ယနေ့ အချိန်မှာ ပီဘိ လူငယ် ဂုဏ်ထည် မောက်ဖြိုး တောက်တန်ခိုးများ နိုးထလာတဲ့ ကာလ . . တစ်နည်းပြောရင် မြန်မာပြည်ဆိုတဲ့ ဝန်ကို အဓိက ချီပိုးကြရမယ့် အရွယ်ကို ရောက်နေပြီဖြစ်တယ်။ တိုင်ပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေပါ။ ဒီလူငယ်ပြောချင်တာက မတ်လအတွင်း အကြမ်းဖက် ဖြိုခွင်းခံလိုက်ရတဲ့ ကျောင်းသားသပိတ်ကို ခွဲစိတ်ဖြာခြမ်း ခပ်ကြမ်းကြမ်းသုံးသပ်ရင် မြင့်မားလှတဲ့ တောင်ဂတုံးကြီးကို ကျော်ဖြတ်ဖို့ မြန်မာလူငယ်ထုကို လှုပ်နှိုးလိုက်တာပါပဲ။ လူငယ်အများစု ဘာတွေ ဖြစ်နေကြလဲ။ ယောင်္ကျားလေးဆို COC၊ ဘောပွဲလောင်း၊ အရက်၊ ဘီယာ၊ ရှော်တီ၊ ဂေါ်လီ၊ . . . မိန်းကလေးဆိုရင်ရော ကိုရီးယား၊ သူလျှိုဝိုင်၊ အနုပညာ ဟာလာဟင်းလင်း၊ ပုလင်းတူ ဗူးဆို့ရေး၊ (အချိန်ပြည့်) လင်ယူသားမွေး အရေးအခင်းတွေနဲ့ . . . ဒီအတွေး အိပ်မက်တွေနဲ့ပဲ အိမ်ရယ်လို့ ဟုတ်တိပတ်တိ မကပ်ကြ၊ မိသားစုစိတ်ဓာတ်ခေါင်းပါး၊ ရပ်ကျိုးရွာကျိုး အသိတရားခေါင်းပါး၊ တိုင်းပြည်ဆိုတာ တည်းခိုခန်းလောက် အရေးမပါ အရာမရောက်။

ဒီအဖြေကို ရှာကြည့်တော့ ညှောင့်စိကွေး အရွယ်လေးတည်းက ပျောက်ရှခဲ့ရတဲ့ ကိုယ်စားပြုလိုမှုတွေ ကြောင့်ပဲ ဖြစ်တယ်ဆိုတာ တွေ့လိုက်ရတယ်။ စစ်အစိုးရထုတ်ကလွဲလို့ သတင်းစာဆိုတာ ရှာမရတဲ့ ဆယ်စုနှစ်တွေ၊ ဒါကျက် ၏ သည် မရွေး ပြန်ချရေး ဒီဘွဲ့ရ ဟိုအလုပ်လုပ် ဆိုတဲ့ တစ်လမ်းသွား ပညာရေး စတဲ့ ဘဝမုန့်ဖိုအောက်မှာ တရစ်ပြီးတရစ် ဂျိုးကပ်သွားတဲ့ ဦးနှောက်တွေကြောင့်ပဲ ဆိုတာ ၊ မြင်လာရပြန်တယ်၊ ဒါတွေသာ တရားခံပဲ။ နိုင်ငံ့အရေးမှာ ကျောင်းသားတွေရဲ့ ဦးဆောင်မှုက 88 နောက်ပိုင်း ဟုတ်တိပတ်တိ မရှိ။ ဒီနှစ်ကျောင်းသားသပိတ်မှာ NLD ရော ရှစ်ပူးရော တခြားဘယ်ပါတီအဖွဲ့အစည်းကမှ ကြိုးကိုင်မှု မရှိဘူးဆိုတာ ဟုတ်မှာပါ။

သို့သော် တကယ်လက်တွေ့ လှုပ်ရှားသူလူငယ်တွေဟာ သူတို့သူတို့တွေဆီမှာ ရင်ငွေ့လှုံပြီး ပညာလေ့လာ နည်းနိဿယတွေ ယူငင်ခဲ့ကြမယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့်မို့လည်း almost all-inclusive March ဖြစ်ခဲ့ရတာပါ။ ကျောင်သားထုကို အောင်မြင်စွာလှုပ်နှိုးနိုင်ခဲ့ကြတာပါ။ သူတို့ရင်ငွေ့လှုံတာဟာ ဒီပါတီနဲ့ ဒီအဖွဲ့အစည်းအပြင် အခြားလည်း ရှိကောင်းရှိနိုင်ပါတယ်။ အထက်မယ်ဆိုခဲ့ပြီးသလိုပဲ လူငယ်တွေဟာ နိုင်ငံ့အရေး လှုပ်ရှားမှုနဲ့ အလှမ်းဝေးကွာခဲ့တယ်၊ သို့သော် ဟောဒီလှုပ်ရှားမှုကြောင့် သူတို့ထဲက တိုင်းပြည်အားကိုးရလောက်တဲ့ ပမာဏ ထွက်ပေါ်လာခဲ့ပါပြီ။

လိပ်ကို ဂျပိုးလုပ်ချင်သူကြီးများ အတန်အသင့် လန့်ဖျားဖျားသွားကြမှာ အမှန်ပါ။ အဲဒီတော့ စတုတ္ထကျောင်းသားမျိုးဆက်ဟာ အောင်မြင်စွာ မီးရှူးသန့်စင်ခဲ့ပါပြီ။ တိုင်းပြည်အတွက် လိုအပ်လာရင် အနုအကြမ်း ဇာတ်ဝင်ခန်း မရွေးစတမ်း မားမားစွင့်စွင့် ဦးဆောင်ချီတက်နိုင်ပါကြောင်း ၂၀၁၅ ကျောင်းသားသပိတ်က သက်သေသာဓက လှစ်ထူဖော်ဟ ပြနိုင်ခဲ့ပါပြီ ကွယ်ရို့ ။


-ကျော်လင်းထွန်း-


Comments