“ရွှေသားအတိပြီးသော”


          ပြည်သူ့နှလုံးသားဟာ မောပမ်းနွမ်းလျ လွန်းလှပါပြီ။ ရက်ပိုင်းအတွင်းက ကျင်းပပြီးစီးသွားသော အာဇာနည်နေ့ လွမ်းဆွတ်တသခြင်း အထိမ်းအမှတ် အခမ်းအနားမှာ နွမ်းလျနေလေသော ပြည်သူထုကြီး၏ နှလုံးသည်းပွတ်မှ ငတ်မွတ်တောင့်တနေသည့် လိုအင်ဆန္ဒများကို မြင်တွေ့နိုင်ကြမည် တမုံ့။
          မောမိသည်။ ပြည်သူထဲက ပြည်သူအညတရ တစ်ဦး ဖြစ်သည့်နည်းတူစွာပင် မိမိသည်လည်း မောမိသည်။ လူပြိန်းသိ အသွင် စာယဉ်ပျိုးရပါလျှင် စိတ်မရွှင် ဘ၀င်ညှိုး ထိုထို မြန်မာ ရွှေအမျိုးကောင်းသားတို့သည် သတ္တ၀ါအားလုံး ဘေးရန် ကင်းကွာ ကြစေလိုသူများ၊ သတ္တ၀ါအားလုံး ဒေါမနဿကင်းကွာ စိတ်ချမ်းသာကြစေလိုသူများ၊ ဒုက္ခကင်းကွာ ကိုယ်ချမ်းသာကြစေလိုသူများ၊ ဆူကြုံနိမ့်မြင့်မရွေး ချမ်းသာခြင်းရှိ၍ အသက်ရှည်ကာ ကိုယ်စီသော ခန္ဓာဝန်အပေါင်းကို ခရီးလမ်းဆုံးအထိ ရွက်ဆောင်နိုင်ကြစေလိုသူများဟု ဆိုပါက မမှားပေအံ့။
          မြန်မာတို့၏ သတ္တိသည် နူးညံ့ခြင်းတရားပေါ်တွင် အခြေခံသည့် ဆင်ခြင်တုံတရားဖြင့် ပြီးသော သတ္တိဖြစ်ကြောင်း မှတ်သားဖူးသည်။ ၀ိဇယ မင်းသားအား ကယ်တင်ခဲ့သော ဂုမ္ဘာဏ မျိုးနွယ်စုများသည်လည်း သတ္တိအရာ၌ စံထားထိုက်အောင်ပင်။ စာပေထဲတွင် ၄င်းတို့သည် အမှန်တရားအတွက် တိုက်ရဲ၊ ခိုက်ရဲသည်။ ပြတ်သားသည်။ လက်နက်မျိုးစုံကို ပရိယာယ်ကြွယ်ဝစွာဖြင့် ကိုင်တွယ်ကစားတတ်လေသည်။
          အကျယ်အကျယ်ချဲ့ကား ရေးသားလျှင် ရေး၍ပင် မကုန်နိုင်ပါလေ။ ပြောလိုခြင်း အရင်းခံမှာ ထိုထိုသောရွှေမြန်မာအပေါင်း ထုံမွေ့စွဲလမ်း လွမ်းတသသ ဖြစ်နေရလေသည့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများမှာ ပြည်သူဟူသည့် လူ့အသိုက်အ၀န်းအတွင်းက အယောက်စေ့တိုင်း၏ နှလုံးသားတိုင်းထံပါးမှ အပ်နှင်းထားသော ယုံကြည်မှု မဲပြားများကို ပိုင်ဆိုင်ခဲ့ကြသည်။ ပိုင်ဆိုင်သည့် အလျောက်လည်း ဖောက်လွဲဖောက်ပြန် ကြံစည်ခဲ့ခြင်းမျိုး မရှိကြောင်း အတိတ်သမိုင်းဟောင်းဖြစ်ရပ်များက ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြလျက်ရှိသည်။
          ယနေ့ခေတ်တွင် သံသယများသည် ပြည်သူများ၏ စိတ်သဏ္ဍာန်အတွင်း ၀မ်းနည်းဖွယ် ကောင်းစွာ လွယ်ထားကြရသည်။ အခြေအနေကား မကောင်း။ မျက်နှာကိုယ်စီ၌ သံသယ အရိပ်တို့ ထင်ဟပ်ပေါ်လွင်လျက်။ ထိုထိုသော သံသယများ သံသရာ [သံ=ဆက်စပ်လျက် + သရ = ဖြစ်ခြင်း] အတွင်း စီးဆင်းဝင်ရောက်သွားမည် ဆိုပါက ပို၍ မကောင်းဟု ပြောဖို့ရန်သာရှိတော့သည်။
          သို့ဖြစ်ပါ၍ ပြည်သူ့ယုံကြည်ချက်အား အပ်တိုတစ်ချောင်းစာမျှပင် အလွဲသုံးစား မပြုလုပ်ကြပါရန် နိုင်ငံတော် အစိုးရ၊ လွှတ်တော်အရပ်ရပ်၊ နိုင်ငံရေးပါတီများ ၊ တပ်မတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးပါမကျန် သံကုန်ဟစ်ကာ သတိပေးလိုသည်။
          သဒိသံပါကံဇနေတိ ဟု ပါဠိတော်ရှိသည့် အတိုင်း တူသောအကျိုးကို ပေးစွမ်းတတ်ကြောင်း ထပ်လောင်းပြောလိုသေးသည်။ အမှန်တရားကို မြင်အောင်ကြည့်၊ သိအောင်ကြည့်ရမည်။ ထို့နောက် ယင်းအမှန်တရားဆီ ဦးတည်ချီတက်မည့် လမ်းကို ရှာရမည်။ ကွန်ပျူတာ ဘာသာရပ်၌ လမ်းကြောင်းရှာ (Route လုပ်) သည် ဟူ၍ အဆိုရှိသည်။ အင်တာနက်ပတ်လမ်းပေါ်ရှိ မြောက်များစွာသော လမ်းကြောင်းများအနက် Router တစ်ခုမှ အခြားတစ်ခုဆီသို့ သွားလာရာ၌ Electrical Plus များ၊ Digital Signal ၊ Analog Signal များသည် အဆင့်ဆင့် အသွင်ကူးပြောင်းကာ လမ်းကြောင်းများကိုလည်း ကြာမြင့်ချိန်နှင့် စရိတ်စက ဗာဟီရများအပေါ်တွက်ချက်ပြီး သကာလ (မရောက်ရောက်အောင်တော့) သွားကြသည် မဟုတ်ပါလား။
          ထိုနည်းတူစွာပင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေပါသော အစိုးရအနေနှင့်လည်း စဉ်းစားရမည်ဖြစ်သည်။ မှတ်တမ်းတင် အပ်သော ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အချို့အားလည်း ပြည်သူတစ်ယောက် အနေဖြင့် မိမိ အသိအမှတ်ပြုသည်။ တစ်ဆက်တစ်စပ်တည်းတွင် ပြောလိုသည်က ရွှေမြန်မာတို့သည် ရံခါ၌ (ဦးနု သူ့ဘာသာ ပြောသလို) ဦးနှောက်ထက် နှလုံးသားက ကြီးထွက်နေတတ်လေ့ ရှိရာ အစိုးရအပါအ၀င် အခြား အခြား မြောက်များစွာ ပြောမကုန် ၊ ရေးမဆုံးနိုင်သော အဖွဲ့အစည်း၊ ကွန်ယက်အသီးသီး ကလည်း (မိမိအပါအ၀င်) ပြည်သူပြည်သား အားလုံးတို့အပေါ် ပိုမိုအမြော်အမြင်ရှိပြီး ပိုမိုချမ်းသာမှုဆီသို့ ဦးတည်လာစေဖို့ငှာ စေတနာရှေ့ထား၍ ဖေးမ လမ်းပြပေးကြပါရန် တိုက်တွန်းသည်။
          ထိုသို့သာဆောင်ရွက်ကြမည် ဆိုပါက ဤတိုင်းပြည်၌ အိမ်ပေါက်စေ့နီးပါး အာဇာနည်ခေါင်းဆောင်တို့ မွေးဖွားသန့်စင်လာမည်မှာ မလွဲဧကန် ဖြစ်သည်။ သန်း ၆၀ ကုန်သော လူထုကြီး တစ်ရပ်လုံး အာဇာနည်သူရဲကောင်းများဖြင့် ပြည့်ရွှမ်းနေပါလျှင် ရွှေမြန်မာဟူသည် ပကတိ ရွှေအတိပြီးသော ရွှေသား နိုင်ငံစစ်စစ် အမှန်ပင်ဖြစ်လာမည်။
          စားဝတ်နေရေး အပြင် ခရီးသွားလာရေးပါ နေ့စဉ်နှင့်အမျှ အဓိကထား ငဲ့ကွက်တွက်ချက်နေရသော ဘ၀တူ ပြည်သူများအားလည်း မင်္ဂလာတစ်ပါးမည်သည့် အတ္တသမာပဏီဓိစ ဟူသည့် မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း အမှုကို ပြုကြပါရန် တိုက်တွန်းလိုသည်။
          အတိတ်သည် လည်းကောင်း မှားယွင်းတတ်၏။
          အနာဂတ်သည် လည်းကောင်း မရေရာတတ်၏။
          ပစ္စုပ္ပန်သည်ကား
          သစ္စာတရားနှင့် ချိန်သားကိုက်၍ ဘ၀တိုက်ပွဲကို
          ဆင်နွှဲထိုက်ပါပေ၏။
         
          အဘယ့်ကြောင့် ဆိုသော မနုသတ္တဘာဝေါ ဒုလ္လဘော ဆိုသလို လူ့အဖြစ်သည်ကား ရခဲလှဘိခြင်း။ သို့ဖြစ်၍ မိမိတို့ ဘ၀ကိုယ်စီအား မကောင်းသော အပြုအမှု၊ အပြောအဆို၊ အတွေးအကြံတို့ ပါဝင်ခြင်း အလျဉ်းမရှိစေဘဲ တည်ဆောက်ကြရမည်။ အချိန်ဟူသည်ကား တိုတောင်းလှသည်။ မိုက်ခြင်းအလုပ် မျိုစုံသည် တစ်စက္ကန့်၏ အပုံတစ်သန်းပုံ တစ်ပုံ (Nano Second) ကာလအတွင်း ဇွတ်အတင်းဝင်ရောက်လာမည်ပင် ဖြစ်သည်။
          ကောင်းသောအမှုကို ပြုရခြင်းမှာ မလွယ်ကူပင်ပန်းဆင်းရဲသော်ငြား ယင်း၏ အမြတ်အစွန်း ချမ်းသာကောင်းကျိုးသည် . . . ရွှေဖြင့်အတိပြီးသည့်နှယ် မဟုတ်ပါလား ခင်ဗျာ။ ထို့ကြောင့် . . . . ။

-ကျော်လင်းထွန်း- 

Comments