“ကလပ်ရှ် ပလိတ်စော် ညှော်တဲ့ မွန်းလွဲ”
ပြေးနေတာမျိုးလား . . .
ပြေးနေတာရယ်တော့လည်း မဟုတ်ဘူး
အရာမထင်ခဲ့တဲ့ အရင်အထာတွေ
အတိုင်းပဲ
ပူတယ်…ပူလိုက်တာ
ခြောက်ခမ်းမှုတွေနဲ့ သတိလစ်မွန်းလွဲ
နေဟာ ခြစ်ခြစ်တောက် ပူနေဆဲပေါ့
အခုန တဖွဲဖွဲက မိုးလား
နတ်ဒေ၀ါရဲ့ စုတ်ချက်တွေလား
ငါဟာ မြို့ပျက် ကင်းဗတ်စ်
တစ်ထည်လား . . .
မျက်နှာတွေ ရွေ့နေတာ
အရှေ့ ၊ အနောက် . . . အတောင်မပေါက်သေးတဲ့
မြောက်တွေလို
ဝါဆို ရောက်ပြီဆိုမှဖြင့်
ပြာသိုမှာ မွေးတဲ့ငါ . .
.
အေးစက်ကြမ်းရှ မြို့ပျက်လမ်းမပေါ်
ထော်လော်ကန့်လန့် မျက်ခုံးတွေနဲ့
တန့်တော်မူ အပြုံးခါးတွေကို
. . .
နောက်တစ်ခု
ဒီအချိန်မှာ သတိထားနေရတာက
ခြေထောက်တွေ . . .
ဘာအရေးလဲ
ပိဿလေးဘေးပစ်
နားရွက်တွေ ဖြတ်အနင်းခံရ
တောင်စဉ်ရေမရ နားသားလေးတွေလည်း
နားမုဒိမ်းကျင့်ခံရလွန်းလို့
အဖမဲ့သား
ဝီတစ်ပြားတောင် နပ်မမှန်တဲ့
သူတောင်းစားလို . .
ချွေးသံယိုရွှဲ မျက်နှာမွဲ
စိတ်ထဲအံကြိတ်
တိတ်တိတ်အော်မိတာ . . .
မိမိရရ
တိတိကျကျ
ထီးကောက်နဲ့တော့ မချလိုက်ပါနဲ့
အဘရာ . . .
မီမယ်လို့တော့ ထင်တာပဲ
သူလည်းကိုယ့်ကို ခေါ်ချင်ရှာတယ်
နွားသတ်ရုံထဲ ၀င်ခါနီး ညိုတုတ်ကြီးလို
တွန့်ဆုတ် . . .
သူလည်း ကိုယ့်ကို ခေါ်ချင်ရှာတယ်
လွန့်လွန့်လူးလို့ . . တချို့
အထူးတံဆိပ်ပါမှ
ဆင်းရဲသားကို ထက်ခြမ်းခွဲချလိုက်တာ
ဒါထက် $သုံးမကျတဲ့ လူမှုစီးပွားခန့်ခွဲမှု
ပညာ
ရှိရင် . . ရှိသေးတယ်ဆိုရင်
ဒီထက်ပို ရှိလည်း
ဒီထက်ပို မရှိနိုင်တော့ပါဘူး
. . .
ပြေးနေတာမျိုးလား . . .
မြောက်ဥက္ကလာ ဆိုတိုင်း
တက်စီးလို့မှ မဖြစ်တာ
သူလည်း တစ်လှိမ့်ချင်း
ကိုယ်လည်း ခပ်ကျဲကျဲလှမ်းရင်း
. . . လှမ်းနေရင်း
မီမယ်လို့တော့ ထင်တာပဲ
ဒါပေမဲ့ တဖြည်းဖြည်း
မိုးပြေးတစ်ချီ ငါ့မျက်ဝန်းထဲ
အုံ့ဆိုင်းလာခဲ့တယ် . . . ။
-ကျော်လင်းထွန်း-



Comments
Post a Comment