"ဟိုတွေး .. ဒီတွေး"
အလုပ်တစ်ခု ဝန်ပိနေတာ ရှင်းထုတ်ပြီးလိုက်တဲ့ အခါကျတော့ နည်းနည်း စိတ်လက်ပေါ့ပါးသွားတာပေ့ါ။ စိတ်လက်ပေ့ါပါးသွားတယ် ဆိုရင်ပဲ အတွေးတွေးက တောင်တွေး မြောက်တွေး တွေးဖြစ်တာမျိုး။ ဦးဆုံးက ဘာတွေးမိလဲဆိုတော့ နန်းဆုရတီစိုးနဲ့ ဂျီဖက် ဘယ်လိုကြိုက်သွားကြတာလဲ ဆိုတဲ့အကြောင်း အလိုလိုခေါင်းထဲရောက်လာတာ။
.
မနေ့ကတော့ သတင်းထောက် သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ဒီနေ့ညနေဆို ဆေးခန်းသွားပြရမှာတဲ့။ ညဦးပိုင်းကနေ မနက်စောစောထိ ဘာတွေ လုပ်ခဲ့၊ ပြောခဲ့၊ ဖြစ်ပျက်ခဲ့လဲ မေ့မေ့နေတာ ခဏခဏ ရှိပြီတဲ့။
.
နောက်တော့ သူငယ်ချင်းတစ်ယောက်ပဲ .. ဒီကောင်က မြူဇစ်ရှင် .. သူအကူအညီတောင်းထားတဲ့ ကိစ္စ၊ အဓိကကတော့ အာဏာပိုင်တွေရဲ့ လူမဆန်တဲ့ မိုက်မိုက်ရိုင်းရိုင်း စော်ကားရန်ရှာမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု .. အဲဒါနဲ့ ပတ်သက်တာလေး။ အဲဒီဘက်မလှည့်နိုင်သေးဘူး။ ပန်းဆီရောင် နှုတ်ခမ်းလေးနဲ့ ရင်ခုန်သံငွေ့ငွေ့နဲ့တင် ဝင်္ကပါဖြစ်နေတာ။
.
နေအေးသွားရင် ကော်ဖီဆိုင်လေး ထိုင်မယ်ပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ဒီလိုပဲ ဟိုတွေးဒီတွေး လုပ်မယ်ပေါ့။ နောက်တော့ သမီးလေး ညက ပြောတာ ပြန်တွေးမိပြန်ရော။ ကျနော်က သူ့ ဘာလဲမသိဘူး ဆူလိုက်တာမယ် ဖအေကို ပြန်ပြောတာ ဗလုံးဗထွေးပဲ၊ ရန်တွေ့တာ အမှန်တော့၊ မှတ်မိတာကတော့ ဖေဖေ့ကို ပြုတ်သောက်လိုက်မယ်တဲ့။
.
ကျောင်းတွေ ဖွင့်တော့မယ်၊ သမီးလေးကို အရမ်းထားချင်ခဲ့လို့ ထားခဲ့တဲ့ ကျောင်းမှာ မအပ်နိုင်တော့ဘူး။ ဒီနေ့ အိမ်ပြန်ရင် ကားပေါ်မှာ ဟို စံပယ်ပန်း ရောင်းတဲ့ အန်တီကြီး ပါလာအုံးမှာလား မသိဖူး။ သူပါလာတယ်ဆို စံပယ်ပန်းတွေကလည်း ခြင်းတောင်းနဲ့ အပြည့်၊ အဲကျရင် ဝိုင်ဘီအက်စ်ကားကြီးက မွှေးကြိုင်လို့။
.
ဘဝမှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အမှားတစ်ခုရှိတယ်။ အဲဒါက ဂျီးမေးလ်ထဲက မေးလ်တွေကို ဂူဂိုလ်ဒရိုက်ဗ် မဆံ့တော့ဘူး၊ စပေ့စ် နည်းနေပြီဆိုပြီး ဖျက်ပစ်မိတာပဲ။ ဟို နှစ်ယောက်၊ ပြောတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တဲ့လေ။ စနေနေ့လည်း ကျရော နှစ်ယောက်သား မွန်ပြည်ဘက်လစ်သွားတာ။ အခု ဒူးရင်းသီးတစ်မွှာလည်း မပါ။ ခေါင်ရည်ကလည်း သောက်လိုက်ရတာဆိုတာ မူးတောင်မူးတယ် .. အတွေးထဲ။
.
အတွေးတွေထဲမှာ ပြက္ခဒိန်တွေ မရှိတာ တော်တော် နေသာထိုင်သာ ရှိတာမျိုး။ အတွေးတွေထဲမှာ ဝင်ထိုင်နေရတဲ့ အချိန်လောက် ဘဝမှာ ရိုးသားဖြူစင်တဲ့ ကာလမျိုး မရှိဘူး။ အတွေးထဲမှာ ဒိုင်းဟာ့ဒ်ဖိုးထဲက ဂျွန်မက်ကလိန်း သမီး လုပ်တဲ့ မေရီအဲလိဇဘက်ကိုလည်း ဘော်လီကြိုးပြန်တပ်ပေးဖူးတယ်။ အတွေးထဲမှာ ဆရာပါရဂူနဲ့လည်း ရာဟုလာအကြောင်း ရေနွေးကြမ်း သောက်ဖူးတယ်။
.
မြစ်ရေတင်စီမံကိန်းတွေ ကြောင့်လားတော့မသိဘူး။ မနက်ဝေလီဝေလင်းဆို အပေါ်ထပ်အခန်းက ဝေါခနဲ၊ ဝေါခနဲ ရေတွေ သွန်သွန်ချတာ။ သူများတွက်တော့ မသိဘူး။ ကိုယ့်အတွက်က မိန်းမရတာ တပ်မတော်ထဲဝင် စစ်မှုထမ်းရသလိုပဲ။ ဒီနေ့ ရခိုင်ရိုးမဆို နောက်နေ့ ဟူးကောင်းချိုင့်ဝှမ်း၊ ဒါမှမဟုတ် စစ်တမ်းလျားပြန်ဝင်၊ သတိဆွဲ၊ အိပ်ရာသိမ်း၊ မီးပူတိုက်၊ ရေတင်။
.
မတွေးဖြစ်တာ ကြာနေပြီး တော်တော်လေး ပြတ်ကျန်ခဲ့ပြီးမှ အတွေးထဲ ပြန်ပေါ်လာတာလဲ ရှိသေးတယ်။ နယ်မြို့လေးမှာတုန်းက ဆုံးသွားတဲ့ လေးလေး အခန်းထဲ အမလုပ်တဲ့သူက အိပ်တာ။ အဲဒီတုန်းက အမက အကိုလည်း ဟုတ်တယ်။ တပ်မှူးကြီးလည်း ဟုတ်တယ်။ မှတ်မိသေးတယ်။ သူက စစ်သူကြီး လုပ်ရင် ကျနော်က ဗိုလ်ငကျော်ဆိုလုပ်ရတာ။ သူကျူရှင်သွားတယ်ဆို သူ့အိပ်ရာထဲဝင်၊ သူ့ကို ကောင်လေးတွေ ပေးထားတဲ့ ရည်းစားစာတွေ ဖောက်ဖတ်။
.
နောက်တော့ ဝိုင်ဘီအက်စ်တွေက ပြန်ကြပ်လာတာပါပဲ။ အဲကွန်းလည်း အေးတဲ့ ကားကအေးတယ်၊ မအေးတဲ့ကားက မအေးဘူး။ မြောက်ဒဂုံတို့၊ မင်္ဂလာဒုံတို့ဘက်တွေဆို ဟိုနံပါတ်တို့ ဒီနံပါတ်တို့ ရောက်တယ် ဘာညာ .. အဲဒီလို မှတ်ထားရသေးတာ။ ဘာဖြစ်လို့ ရန်ကုန်မြို့ထဲက ရပ်ကွက်တွေက နာမည်တွေ အကုန် ဆင်တူဖြစ်နေတာလဲ။ နေပြည်တော်လို နန်းဆန်ခံ့ညားတဲ့ နာမည်တွေ ပြောင်းသင့်ပြီလား။
.
အတွေးဟာ ကျယ်ပြောတယ်
အတွေးဟာ ကျယ်လောင်တယ်
အတွေးဟာ ဘယ်တော့မှ ဆိတ်သုဉ်းမသွားခဲ့ဘူး မာရီယာ။
.
#KLT
15/May/19



Comments
Post a Comment