"စစ်ပြန်"
နိုင်ငံရေးအနှစ်သာရ ပျောက်ရှခဲ့တဲ့ ပလက်ဖောင်းမှာ
နွေကို ခါးစောင်းတင်မိတုန်း အရစ်ပြုန်းအိပ်မက်ထဲ
ခဏခဏ နိုးထမိသူတွေ ..
.
တစ်ဝက်တစ်ပျက်ကျန်ရှိခြင်းမှာ တရားစခန်းဟာ
ကားလမ်းမထက် ပစ်ချခြင်း ဘီယာပုလင်းအလွတ်တစ်လုံး
ဝှီးချဲတစ်စင်း ဒါမှမဟုတ် ချိုင်းထောက်တစ်ချောင်း ..
.
စာရင်းအင်းနဲ့ ချစ်ခြင်းမေတ္တာဟာ ဝေလီဝေလင်းဈေးသည်
ကျောက်မဲကအပြန် မိုးတွေဖွေးဖွေး လှုပ်တုန်းက
နယူးဇီလန်တွေ ဘယ်နှစ်ခုတောင် ဖြတ်ကျော်မိခဲ့ပြီလဲ ..
.
ကုန်းမြေရေထု သဘာဝစွမ်းအင်တွေစုထားတဲ့
အသက်ရှူသံဟာ နေရောင်အောက်မှာ တစ်စစီပြန့်ကြဲတုန်း
ဘယ်ကပေါက်မှန်းမသိပေမယ့် ဗုံးဆံတွေချင်ဆီထဲ တိုးဝင် ..
.
ထီလှည်းတွန်းသူတွန်း ဆိုက္ကားနင်းသူနင်း
ဝါဒဖြန့်စာအုပ်တွေ ဘေးလွယ်အိတ်ထဲ ထည့်သူထည့်
ဘဝတွေပျက်လိုပျက် ပေါင်တွေအရင်းလိုက် ဖြတ်လိုဖြတ် ..
.
ပေါင်ဆိုလို့ တချို့လည်း သမိုင်းဝင်အမာရွတ်ကြီးတပြပြ
ဗျူရိုကရက်ထိုင်ခုံရသူ ရ ... ကုမ္ပဏီပိုင်သူ ပိုင်
ပုခုံးထက်က ကြယ်များအငွေ့ပျံအရောင်ပြောင်းသူ ပြောင်း ..
.
တချို့လည်းကုတ်ဖက် ကျုံးရုန်းထလိုက်လာ
(အ)ခြားအဆင့်နဲ့ အမှုထမ်းနှစ်ပြည့်လို့ အပြင်ရောက်
တက္ကစီလေးဘာလေးဆွဲ ပြောင်ပြောင်ရောင်ရောင် ..
.
ငါတို့သည် မိမိနိုင်ငံနှင့် မိမိနိုင်ငံသားတို့၏ ဘလာဘလာ
ခေတ်ကာလပြတ်ရွေ့ကြောမှာ ထောသူကထော
လျှံသူကလျှံ ..
.
သူတို့က ကျွန်းဆက်တီကြီးပေါ် မိန့်မိန့်ကြီးထိုင်
ဝီစကီခွက်လေးတပင့်ပင့်နဲ့ ခင်ဗျားကို လှောင်ကြအုံးမယ်
'ဆယ်တန်းလေးတောင် မအောင်ပဲကိုး' ဆိုပြီး .. ။
.
#KLT
5/April/2019


Comments
Post a Comment