"ကျူးရပ်ကွက်မှ မျက်ရည်စများ"
ဇွန်လ၏
တိမ်တိုက်များနှင့်အတူ နေ့လည်ခင်းတခု၌ မူလတန်းကျောင်းသားလေးများ၏ စာအံသံက
စီစီညံ ထွက်ပေါ်လာသည်။ အဘယ်သို့သော စာသင်ကျောင်းမျိုးက ဤရပ်ကွက်အတွင်း
တည်ရှိနေပါသနည်း။ မြန်မာနိုင်ငံသားအများစုမှာ “ကျူးကျော်” ဟူသော
ဝေါဟာရနှင့် မစိမ်းကြပါ။
သို့သော်
၎င်းတို့အနေဖြင့်လည်း မိမိကဲ့သို့ပင် အံ့သြမှင်သက်မိကြမည်သာ။ မှန်ပေသည်။
လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တစ်ခုသို့ သတင်းရယူရန် ကျွန်တော်
ရောက်ရှိနေခြင်း ဖြစ်၏။
ဤရပ်ကွက်ကြီးမှာ
ပန်းလှိုင်မြစ်နံဘေး ညောင်ကျေးရွာအုပ်စုပိုင် မြေနုကျွန်းထက်တွင်
တည်ရှိသည်။ ဧရိယာအကျယ်အ၀န်းမှာ ဧက ၆၀ ခန့်ရှိသည်။ အိမ်ထောင်စုပေါင်းက ၂၀၀၀
ဝန်းကျင်ရှိပြီး သကာလ အိမ်ချေပေါင်းကမူ ၄၀၀၀ ခန့်အထိ ရှိနေသည်။ သို့သော်
ဤနေရာသို့ အစောဆုံး ကျူးကျော် ၀င်ရောက်လာသူများ၏ ပြောစကား အရမူ
နာဂစ်ဆိုက်ကလုန်း မုန်တိုင်း မတိုက်ခတ်မီက အိမ်ချေ ၄၀ သာရှိကြောင်း သိရသည်။
ဝါးကျောင်းလေးတွင်
ကလေး အယောက် ၅၀ ခန့်တို့က ကျယ်လောင်စွာဖြင့် စာအံနေကြသည်။ ဤကျောင်းမှာ
အောင်ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း၏ တွဲဖက် ဖြစ်ပြီး ဘွဲ့ရ စေတနာ့ဝန်ထမ်း
ဆရာမ နှစ်ဦးက သင်ကြားပြသပေးလျက်ရှိသည်။ ကျောင်းစဖွင့်သည်မှာ ၁၅ ရက်သာ
ရှိသေးသည်။
“အရင်နှစ်တွေကဆို
ကလေးတွေဟာ အဝေးကြီးကို ကျောင်းသွားတက်ကြရတယ်” ဟု မည့်သည့် အာဏာပိုင်ကမှ
အသိအမှတ်မပြုသော်လည်း ရပ်မိရပ်ဘများဖြင့် စုဖွဲ့ထားသော ရပ်ကွက်ကော်မတီ၏
အဖွဲ့ဝင်ဟောင်း ဦးဉာဏ်လင်းက ဆိုသည်။
သို့ရာတွင်
ဤ ဘကတွဲဖက်ကျောင်းလေးမှာ ကျောင်းသားဦးရေ ၅၀ သာ ဆံ့သည်ဖြစ်၍
ကျူးကျော်ရပ်ကွက်ကြီးအတွင်း နေအိမ်များတွင်သာ ဆော့ကစားနေရသော ကလေးငယ်များက
၂၀၀ ခန့်အထိ ရှိနေသည်။
ဆိုက်ကားဆရာလည်း ဖြစ်သည့် ဦးဉာဏ်လင်းက မြေးဖြစ်သူတဦး သေဆုံးခဲ့ရပုံကို ပြန်ပြောပြသည်။
၂၀၁၁
ခုနှစ် မိုးရာသီတွင် ဖြစ်သည်။ ကျူးကျော်ရပ်ကွက်တွင်းရှိ ကျဉ်းမြောင်းလှသော
လမ်းငယ်များထက် သူ၏ မြေးငယ်လေး ဆော့ကစားနေစဉ် ရုတ်တရက် ရေများ
တက်လာခဲ့သည်။ ကလေးက အတက်ရောဂါရှိပြီး ချိန်သားကိုက်ဆိုသလိုပင်
ရေတက်လာချိန်၌ ရောဂါထလာ၍ အသက်ဘေးမှ ရုန်းမထွက်နိုင်ဘဲ
ရေနစ်သေဆုံးခဲ့ရရှာသည်။။
သက်ကြီးဘိုးဘွား ကျူးကျော်များက “ဒီမှာ မြွေဆိုးတွေ ရှိတယ်” ဟု သတိပေးသည်။
ထိုအချက်က ပါးစပ်အဟောင်းသား ဖြစ်ဖွယ်တော့ မဟုတ်သေး။ သို့သော် အခြားဖြစ်ရပ်တခုက ကျွန်တော့်အား မချိတင်ကဲ ခံစားရစေခဲ့သည်။
ကျူးကျော်များက
ကျွန်တော့်အား ၎င်းတို့၏ တီတိုးဖော်တဦးသဖွယ် ရင်ဖွင့်ကြသည်။ လွန်ခဲ့သော ၂
နှစ်က အာဏာပိုင်များသည် ဤရပ်ကွက်ကို ဖျက်သိမ်းမည့်အကြောင်း
သတိပေးစာလာကပ်သွားကြသည်။ ထိုသို့ စာကပ်ပြီး နောက်ပိုင်းတွင် လူမိုက် ၂
ဒါဇင်ခန့် မကြာခဏ ရောက်လာကြပြီး ၎င်းတို့အား အကြမ်းဖက် တိုက်ခိုက်မှုများ
ပြုခဲ့ကြသည်။
လူသတ်မှုအထိ မဖြစ်ပွားခဲ့သော်လည်း အချို့သော မိသားစုများအနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှု၊ ခေါင်းပုံဖြတ်မှုများကို ခံစားခဲ့ကြရသည်။
ဓားဖြင့်
ခုတ်ခဲ့၍ ကျန်ရစ်ခဲ့သော ညာဘက်လက်မှ အမာရွက်ကို ပြလျက် “အိမ်တွေကို
မသိမ်းဖို့ အာခံပြီး ပြောမိတာနဲ့ ကျွန်မတို့ တိုက်ခိုက်ခံခဲ့ရတာပါ” ဟု
လူမိုက်တို့၏ ဘေးသင့်ခဲ့သူများအနက် အထိအနာဆုံး ဖြစ်ခဲ့သူ မသီတာက ပြောသည်။
သူမ၏
မိခင်နှင့် အမဖြစ်သူတို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ကျူးကျော်နေထိုင်သူများ အနေဖြင့် ထိုလူမိုက်များမှာ မည်သည့် အရပ်ဒေသမှ
ဖြစ်သည်ကို တိတိပပ မသိကြ။ လူမိုက်များသည် ကျူးကျော်ရပ်ကွက်အတွင်း
မကြာခဏဆိုသလို ရောက်လာတတ်ကြသော်လည်း အမြဲတိုက်ခိုက်ကြသည်တော့ မဟုတ်။ ၎င်းတို့က
ကျူးကျော်တဲများအား ၀ယ်ယူမည့်သူအချို့ကိုပါ ခေါ်လာကြသည်။
ထိုကဲ့သို့
အနိုင်ကျင့်မှုများ ရှိနေသော်လည်း မည်သည့် ကျူးကျော်ကမှ သက်ဆိုင်ရာ
ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ တိုင်တန်းမှု မပြုရဲကြပေ။ တစ်ဖက်တွင်လည်း
အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူပေးခြင်းမျိုးမရှိခဲ့ပေ။
တိုင်တန်းမှုမရှိသော်လည်း
ဤသတင်းက အနီးအနားမှ ကျူးမဟုတ်သော ရွာများ၊ ရပ်ကွက်များပင် သိလေရာ
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို
စောင့်ထိန်းကာကွယ်သူများဟု ကြွေးကြော်နေသော အာဏာပိုင်များကို
မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။
ဤရပ်ကွက်ကြီးအတွင်း
လုံခြုံမှုရှိရေးနှင့် အုပ်ချုပ်ရေး ပေါ်ပေါက်လာစေလာစေရန် အကူအညီပေးရန်
ဧပြီလမှ စ၍ ပြည်သူ့စေတနာဝန်ထမ်းအသင်း (PVA) ရောက်လာခဲ့သည်။
အာဏာပိုင်များသည် သတိပေးစာများ လာကပ်လေ့ရှိသော်လည်း ရပ်ကွက်ကြီး
တစ်ခုလုံးကို ဖျက်မသွားဘဲ နှစ်တဲ သုံးတဲ လောက်သာ အဖျက်ပြပြီး
ပြန်သွားခဲ့ကြသည်။ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ၈၈
ငြိမ်း/ပွင့်အဖွဲ့တို့က ဤရပ်ကွက်အား မဖျက်ရန် သက်ဆိုင်ရာ
ဝန်ကြီးဌာနများသို့ စာတင်ပေးခဲ့သည်များလည်း ရှိသည်။
ကျူးကျော်နေထိုင်ခြင်းမှာ
တရားဥပဒေစိုးမိုးရေးနှင့် ဖီလာဆန့်ကျင်နေကြောင်း ကျွန်တော် နားလည်သည်။
သို့သော် ၎င်းတို့မှာလည်း လူသားများပင် ဖြစ်ကြသည်။
ပင်ပန်းကြီးစွာ
လုပ်ကိုင်ပြီးမှ ရလာသော အနိမ့်ဆုံး ၀င်ငွေများက စားရန်နှင့် ၀တ်ရန်အတွက်
ဖြည့်စွမ်းနိုင်သော်လည်း အိမ်တစ်လုံး ငှားနေနိုင်လောက်သည်အထိ မလောက်ငှပေ။
ဆင်းရဲမွဲတေမှုက ၎င်းတို့ဘ၀အတွက် နံပါတ်တစ် တရားခံဖြစ်ပါမူ ဒုတိယတရားခံက
အဘယ်သူနည်း။ ၎င်းတို့ ကိုယ်တိုင်လား သို့မဟုတ် အခြားသူများလား စဉ်းစားစရာ
ဖြစ်နေတော့သည်။
-ကျော်လင်းထွန်း-


Comments
Post a Comment