"ဘာလင် သို့မဟုတ် နွံအတွင်းမှ ရုန်းထလာသော မြို့"



ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်သို့ ပြီးခဲ့သည့် ဇူလိုင်လက သတင်းပညာဆိုင်ရာ သင်တန်းတစ်ခုနှင့် တစ်ပတ်ကြာရောက်ခဲ့သည်။ သင်တန်းဆိုသော်လည်း သတင်းခန်းတွင် လက်တွေ့ သင်ကြားဖြစ်သည်က ၂ ရက်မျှသာ ရှိပြီး အလည်အပတ်နှင့် လေ့လာရေးခရီးစဉ်များ ပိုထည့်ပေးထားသည်။

ဘာလင်မြို့တွင် စိတ်အချမ်းသာဆုံးအရာ ပြောပါဆိုလျှင် လမ်းလျှောက်ရခြင်းဖြစ်သည်။ ကားလမ်းကူးရသည်မှာလည်း လွန်စွာ အန္တရာယ်ကင်းသလို ကားသမားများ၏ အော်ငေါက်သည့် ဒဏ်၊ ဟွန်းစောင့်တီးတတ်သည့် ဒဏ်ကိုလည်း မခံခဲ့ရ။ ဥရောပ၏ လူဦးရေသိပ်သည်းမှုနည်းပါးသော ရှေးဟောင်းမြို့တော်ကြီး တစ်ခုဖြစ်သည့် ဘာလင်တွင် မိုးမျှော်တိုက်ကြီးများ မတွေ့ရ၊ အမြင့်ဆုံးဟူ၍ အလက်ဇ္ဇန္ဒားတာဝါကြီးသာရှိသည်။ ပလက်ဖောင်းများက နေရာတိုင်းတွင် ကျယ်ကျယ်လွင့်လွင့် ဖောက်ထားပြီး လေးပေခန့် စက်ဘီးလမ်းကို တသီးတသန့် ပေးထားသည်။

ဘာလင်မြို့ လူထု၏ အဓိက အားကိုးရာ ပို့ဆောင်ဆက်သွယ်ရေးမှာ မြေပေါ်မြေအောက် ဖောက်လုပ်ထားသော ရထားလမ်းများ ဖြစ်သည်။ ဒုတိယက စက်ဘီးဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အစိုးရအဖွဲ့အ၀င် အချို့ပင် စက်ဘီးဖြင့် ရုံးတက်ရုံးဆင်း လုပ်ကြကြောင်း ကြားခဲ့ရသည်။

အစိုးရ၊ လွှတ်တော် စသည်တို့ကို ပြောမည်ဆိုက အခြား ၀ါရင့် ဒီမိုကရေနိုင်ငံကြီးများမှ လူငယ်တဦးအတွက် အထူးတလည် စိတ်ဝင်စားဖွယ် ကောင်းမည်မဟုတ်ပေ။ သို့သော် မိမိကဲ့သို့ အာဏာရှင်ခေတ်တွင် မွေးဖွားလာသော မြန်မာနိုင်ငံသား လူငယ်တဦးအတွက်မူ အံ့သြမှင်သက်ဖွယ်များနှင့် ပြည့်နှက်နေမည်သာ။

ဂျာမနီသည်လည်း အာဏာရှင် စနစ်ဆိုးဖြင့် လွန်လေပြီး ရာစုနှစ် တစ်ခုစာနီးပါးကို ဖြတ်သန်းခဲ့ရသော နိုင်ငံတစ်ခုပင်။ ၁၉၈၉ ခုနှစ် ဘာလင်တံတိုင်း ဖြိုချအပြီး နောက်ပိုင်းမှသာ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ် တစတစ တိုးဝင် လျှောက်လှမ်း လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းအမွေဆိုးများက အဖိုးဖြတ်မရသော သင်ခန်းစာများ ထားခဲ့လေ့ရှိသည်။ သင်ခန်းစာများကတော့ နိုင်ငံတိုင်း ရှိသည်သာ၊ ယင်းတို့ကို သင်ယူ၍ အမှားကို ပြင်၊ အမှန်ကို ယူငင်သည့် နိုင်ငံကတော့ ရှား၏။ ဂျာမနီမှာ ထိုရှားပါးသော နိုင်ငံများအနက်မှ တစ်ခုဖြစ်သည်။

အကြီးအကဲများ၏ ဓာတ်ပုံကို ချိတ်သော အလေ့အထ ဂျာမနီတွင် မတွေ့ရ။ ကုန်ကုန်ပြောရမည် ဆိုလျှင် လက်ရှိ နိုင်ငံ၏ အဓိပတိ အန်ဂယ်လာမာကဲလ်၏ ဓာတ်ပုံပင် မည်သည့်နေရာတွင်မှ မမြင်ခဲ့ရပေ။ တတ်သိနားလည်သော ဂျာမန်များ၏ ရှင်းပြချက်အရ ၎င်းတို့နိုင်ငံ၏ အတိတ်တွင် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် အာဏာရှင် ဟစ်တလာအပေါ် ပြည်သူထုကြီး တစ်ရပ်လုံး ၀ိုင်းအုံ၍ အလေးပေး ကြည်ညိုခဲ့ကြသော အဖြစ်မျိုး နောက်တစ်ကြိမ်ဖြစ်လာမည် ဆိုး၍ဟု သိနားလည်ခဲ့ရသည်။ Hero-worship ဟု သူတို့က ဆိုသည်။ မူဝါဒထက် လူပုဂ္ဂိုလ်အပေါ် သူရဲကောင်းအဖြစ် မျက်စိစုံမှိတ် ကိုးကွယ်ဆည်းကပ်ခြင်းအပေါ် နိုင်ငံရေးအကျိုးအမြတ် ထုတ်ယူခြင်း ခံရမည်ကို စိုးရွံ့ကြသည်။ အထူးသဖြင့် အာဏာရှင် အကျင့်ဆိုးများ ပြန်လည် နိုးထမလာစေရန် ဟန့်တားထားခြင်းလည်း ဖြစ်သည်။

ဂျာမနီတွင် ရွေးကောက်ပွဲကော်မရှင် မရှိပါ။ စာရင်းအင်းဝန်ကြီးဌာနအောက်မှ ပုဂ္ဂိုလ်တစ်ဦးအား Federal Head of Election အဖြစ် ခန့်အပ်ထားသည်။ ထိုသူက ပြည်သူ့ဝန်ထမ်းတစ်ဦးသာ ဖြစ်၍ နိုင်ငံရေးပါတီများနှင့် အနှောင်အဖွဲ့ ကင်းသူလည်း ဖြစ်သည်။ ၎င်းက ဦးစီး၍ ရွေးကောက်ပွဲများကို ကျင်းပပေးသည်။ ရွေးကောက်ပွဲအတွက် သီးသန့် ဘတ်ဂျက်လည်း မရှိပေ။ ရွေးကောက်ပွဲများ၏ ကုန်ကျစရိတ်ကလည်း အလွန်နည်းပါးရာ အဆိုပါ ၀န်ကြီးဌာန၏ ဘတ်ဂျက်အောက်တွင်သာ အနည်းအကျဉ်းအဖြစ် ပါကောင်းပါနိုင်မည်။

ရွေးကောက်ပွဲနေ့ E Day တွင် ပြည်သူတစ်ယောက်အနေဖြင့် မဲထည့်လျှင် နှစ်ကွက်ဖြည့်ပေးရသည်။ သမ္မတရာထူးနှင့် ပါတီဖြစ်သည်။ သမ္မတလောင်း ကိုယ်စားလှယ်များအနက် မည်သူ့ကို ရွေးမည်၊ ပါတီအနေနှင့် မည်သည့်ပါတီကို မဲထည့်မည် ဟူ၍ ဖြစ်သည်။ ဂျာမနီတွင် ပါတီကြီးငယ် အသွယ်သွယ်ရှိသည်။ အရေအတွက် အတိအကျ မသိခဲ့ရပေ။ ထိုသို့ များပြားခြင်းကြောင့် ပါတီချင်း မသမာမှုဖြင့် မဲကွဲအောင် မစွမ်းဆောင်နိုင်ရန်နှင့် အမှန်တကယ်အရည်အချင်းရှိပြီး တာဝန်ယူနိုင်စေရေးအတွက် ၅ ရာခိုင်နှုန်းနှင့်အထက် မဲရမှသာ လွှတ်တော်တွင်းသို့ ၀င်ခွင့်ပြုမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းပေးထားသည်။

ခရစ်ယာန် ဒီမိုကရက်တစ် သမဂ္ဂ (CDU) က လက်ရှိအာဏာရပါတီဖြစ်သည်။ လွှတ်တော်ထဲတွင် ပါတီ ၅ ခုရှိနေပြီး ယင်းတို့အနက်မှ နေရာအနည်းဆုံး ရထားသည့် Green ပါတီ ဌာနချုပ်သို့လည်း သွားရောက် လေ့လာဖြစ်ခဲ့သည်။ ဥရောပတွင် ၁၉၇၀ ပြည့်လွန်နှစ်များမှ စ၍ အစိမ်းရောင်ပါတီများ ပေါ်ပေါက်လာခဲ့သည်။ အမည်နာမ အမျိုးမျိုးဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဇောင်းပေးသည့် နိုင်ငံရေးအတွေးအခေါ်များဖြင့် အဓိက ရပ်တည်ကြသည်။ နောက်ပိုင်းတွင် နိုင်ငံရေးသုတေသီများက ၎င်းတို့ကို ပေါင်းစုလျက် Green ပါတီများဟု ခေါ်ဝေါ်ခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၉၀ ခန့်တွင် Green ပါတီများ ရှိနေသည်။ ယင်းပါတီများ စုရုံးလျက် Global Green ဟူသော ကွန်ရက်တစ်ခုကို ၂၀၀၁ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ဂျာမနီရှိ Green ပါတီမှာ ကမ္ဘာ့ဂရင်းပါတီများအနက် ပထမဆုံး လွှတ်တော်တက်ခွင့် ရပြီး ညွန့်ပေါင်းအစိုးရတွင် ပါခွင့်ရခဲ့သည့်အတွက် ထင်ရှားသော ပါတီတစ်ခု ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် အနောက်ဂျာမနီ၌ တည်ထောင်ခဲ့ပြီး လက်ရှိတွင် ပါတီဝင် ၆၀၀၀၀ ခန့် ရှိသည်။ အင်အားကြီးမဟုတ်သော်လည်း အတိုက်အခံပါတီကောင်းတစ်ခုအဖြစ် အစဉ်အဆက် ရပ်တည်လာခဲ့သည်။

လူမှုစီးပွားဘ၀ သက်သာချောင်ချိရေး၊ တရားမျှတမှုရှိရေး၊ တိုင်းပြည်တွင် ချမှတ်လိုက်သော မူဝါဒများသည် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးတို့ကို ရှေးရှုသည့် လက်ဝဲယိမ်းပါတီတစ်ခုလည်း ဖြစ်သည်။
ဂျာမနီတွင် နိုင်ငံရေးပါတီများသည် မြို့နယ်၊ ရပ်ကျေးအဆင့်အထိ ရုံးခန်းများ ဖွင့်လေ့ဖွင့်ထ မရှိပါ။ အထူးစီမံချက်တစ်စုံတစ်ရာ ရှိသည့် အခါမျိုးမှသာ ယာယီ လပိုင်းသဘောမျိုး ဖွင့်ကြသည်။

အာဏာရပါတီ CDU မှ တက်လာသော လက်ရှိ ကာကွယ်ရေးဝန်ကြီးအကြောင်းလည်း ပြောချင်သေးသည်။ ထိုဝန်ကြီးက သားသမီး ၇ ယောက်၏ မိခင်၊ ဆရာဝန်တစ်ဦး ဖြစ်သည်။ အမည်က အာဆူလာဗွန်ဒါလီယန် ဖြစ်ပြီး ဂျာမန်၏ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။ ၂၀၀၅ မှ ၂၀၀၉ အထိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် လူငယ်ရေးရာ ၀န်ကြီးအဖြစ်လည်းကောင်း ၂၀၀၉ မှ ၂၀၁၃ အထိ အလုပ်သမားနှင့် လူမှုရေးရာ ၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉ ရာစုတွင် အောင်မြင်မှုအရှိဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနက်မှ တစ်ဦးဖြစ်သည့် ချည်ကုန်သည် Ludwig Knoop ၏ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သလို ဆေးပညာဘွဲ့လည်းရ၊ အိမ်ထောင်ကျအပြီး အမွှာကလေးနှစ်ယောက် ရစတွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အိမ်အကူတစ်ယောက်အဖြစ် အလုပ်လုပ်၍ အမေရိကန်ရှိ စတန်းဖို့ဒ်တက္ကသိုလ်၌ ဆေးပညာပါရဂူဘွဲ့ရရန် ဆက်လက်ဆည်းပူနေသော အမျိုးသားကို ပါရမီဖြည့်ပေးခဲ့ဖူးသည်။ ၁၉၉၀ ပြည့်နှစ်ကတည်းက CDU တွင် ပါတီဝင် ဖြစ်ထားသော်လည်း ၁၉၉၉ ခုနှစ်သို့ ရောက်မှ လက်တွေ့ နိုင်ငံရေးနယ်ပယ်တွင် လုပ်ရှားဖြစ်သည်။

မိမိတို့အား ဖိတ်ခေါ်ခဲ့သည့် Taz သတင်းစာ၏ သတင်းခေါင်းကြီးတစ်ခု အမှတ်ရနေမိသည်။ Political heart is beating in Berlin! ဖြစ်သည်။ ဘာလင်ခရီးစဉ်က မိမိအတွက် အမှတ်တရပေါင်းများစွာ ရှိစေခဲ့သည်။ ယင်းတို့အနက်မှ တစ်ခုမှာ Cultural Shock! ဟု ဆိုရမည်။ ဘာလင်တွင် သတင်းမီဒီယာလုပ်ငန်းများ စုပေါင်းလျက် ငှားထားသော အဆောက်အဦတခု ရှိသည်။ ထိုအဆောက်အဦရှိ ခန်းမကြီးတစ်ခုတွင် အပတ်စဉ် ဖက်ဒရယ်အဆင့် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်လေ့သည်။ Bondes Press Confrence ဟု ၎င်းတို့က အမည် ပေးထားသည်။ ဂျာမန်လို Bondes မှာ ဖက်ဒရယ်ဟု အဓိပ္ပာယ်ရသည်။

ထိုသတင်းစာ ရှင်းလင်းပွဲကို တစ်ပတ် သုံးရက်ပြုလုပ်ပြီး ၀န်ကြီးဌာနတစ်ခုခြင်းစီအလိုက် ပြောရေးဆိုခွင့် ရှိသူများ အားလုံး တက်ရောက်ရပြီး သတင်းထောက်များ၏ မေးမြန်းချက်တို့ကို ဖြေကြားပေးရသည်။

မိမိတို့အဖွဲ့ ထိုခန်းမထဲ ရောက်သွားသည့်အခါ သဘာပတိ ပြုလုပ်ပေးသည့် Speaker တစ်ဦးက မိတ်ဆက်ပေးရာ ဂျာမန်သတင်းထောက်များက လှည့်ကြည့်ကြပြီး အားလုံးတပြေးညီ ဘောလ်များကို ထိုင်ခုံလက်တန်းပေါ် ခေါက်၍ ကြိုဆိုလိုက်ကြသည်။

ဘာလင်တွင် လက်ခုပ်တီးသော ယဉ်ကျေးမှု အတွေ့ရနည်းသည်။ အနုပညာဖျော်ဖြေပွဲများ၊ ဟောပြောပွဲများတွင်မူ တီးကြသည်။ သို့သော် လွှတ်တော် အစည်းအဝေးများ၊ အစိုးရဌာနများ၏ တွေ့ဆုံပွဲများ၊ သတင်းစာရှင်းလင်းပွဲများ စသည်တို့တွင် လက်ခုပ်တီးလေ့မရှိပေ။

ကျွန်တော် ဤစာအား မှတ်မိသမျှနှင့် ကိုးကွယ်ဖွယ်ရာ စုံလင်စွာ သဗ္ဗနံပေါင်းစု ရေးသားပြုစုနေစဉ် Hluttaw Channel ဖွင့်ထားမိရာ လက်ခုပ်သံများ တဖြောင်းဖြောင်း ထွက်ပေါ်လာသောကြောင့် စူးစိုက်ထားသည့် အာရုံများလည်း ရုတ်တရက် လွင့်ပျောက်သွား၏။ ဇူလိုင်မိုးရေစက်များနှင့်အတူ ဘာလင်ကို သတိရနေမိတော့သည်။

-ကျော်လင်းထွန်း-

Comments