"အသနားခံစာ"
စံပြဈေးကနေ
အောက်လမ်းကား တစ်စီးပေါ် တက်စီးခဲ့တယ်။ နေကလည်း ပြင်းတော့ ချွေးအလိပ်လိပ် ရွှဲနစ်ပြီး
ထွက်နေခဲ့တာပေါ့။ ယာဉ်မောင်းနောက်ကျောမှာ နေရာလေးရလို့ ၀င်ထိုင်လိုက်ပြီး ကားဆရာ လီဘာတစ်ချက်
ပုတ်လိုက်ချိန်မှာပဲ ယှက်ထားတဲ့ လက်ပေါ်ကို စာရွက်ဖြူဖြူ တစ်ရွက် ရောက်လာတယ်။
အသက် ၉ နှစ်လောက်
ကလေးတစ်ယောက်၊ လက်ထဲမှာ အိတ်တစ်လုံးနဲ့၊ အဲဒီအိတ်ထဲကို တစ်ချက် စွေကြည့်လိုက်တယ်ဆိုရင်ပဲ
အထဲမှာ ၅၀၊ ၁၀၀၊ ၂၀၀ အကြွေတွေနဲ့ ကျနော့် လက်ထဲရောက်လာတဲ့ စာရွက်လို စာရွက်တွေလည်း
အများကြီး တွေ့ရတယ်။
"ခရီးသွားသူ
ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ ခင်ဗျာ၊ ကျွန်တော့်မှာ ဖခင်မရှိတော့ပါ။ မိခင်ဖြစ်သူမှာ
- - - - ရောဂါကို ခံစားနေရပြီး အိပ်ရာထဲ လဲနေပါတယ်၊ ညီလေးနဲ့ ညီမလေးမှာလည်း ငယ်ရွယ်လွန်းပါတယ်၊
အခုအမေနဲ့ အတူ အိမ်မှာ ကျန်ရစ်ခဲ့ပြီး ဆော့နေကြပါတယ်၊ ကျွန်တော့် အမေနဲ့ ညီလေးတို့အတွက်
စားစရာ၊ သောက်စရာများ ၀ယ်သွားဖို့ သဒ္ဓါတတ်အားသ၍ လှူဒါန်းကြပါ။ ဤသို့ လှူဒါန်းရတဲ့ ကုသိုလ်ကြောင့်
လိုအင်ဆန္ဒတွေ ပြည့်စုံပါစေ" ဆိုပြီး ကျနော့် လက်ထဲက စာရွက်မှာ ရေးထားတယ်။
ဘီအိုစီမှတ်တိုင်နား
ရောက်ခါနီးတော့ စာရွက်တွေကို အဲဒီ ကလေးက ပြန်သိမ်းပြီး အလှူငွေတွေကိုလည်း ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာ အိတ်လေးထဲ ထည့်လိုက်တယ်။ ကျနော့် အနားကို ရောက်လာပြီး မတောင်းပေမယ့်
စာရွက်ကို တစ်လှည့် ကျနော့်ကို တစ်လှည့် သူက ကြည့်နေတယ်။ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး
စကားတစ်ခွန်းပြောလိုက်တယ်။
"သား
. . . ဒီစာကို ဖတ်ပြပါလား၊ ဖတ်တတ်ရင် ဦးက မုန့်ဖိုး ၂၀၀ ပေးမယ်"
ကျနော် အဲဒီလိုပြောလိုက်တော့
သူက လျှာလေး ပြူတစ်ပြူတစ်နဲ့ စပ်ဖြဲဖြဲရီပြီး မပီမသ ပြောတယ်။
"မဖတ်တတ်ဘူး"
တဲ့။ ဒီတော့ ကျနော်က "ဒါဆို ဒီထဲက စာတွေကို ဘယ်လိုရေးတာလဲ" လို့မေးတဲ့အခါ
သူက "ဆိုင်မှာသွားရေးထားတာ" တဲ့။ ကိုယ်ဘာသာကိုယ် သွားပြောပြပြီး ဆိုင်ကို
ရေးခိုင်းတာလားလို့ မေးတော့ သူများလုပ်ပေးတာတဲ့။
၁၀ နာရီခွဲပြီ၊ ရုံးကလည်း နောက်ကျနေတယ်။ သက်ပြင်းချရုံက လွဲပြီး ကျနော်လည်း အဲဒီတဒင်္ဂမှာ
ဘာမှ မစွမ်းသာခဲ့ဘူး။
-ကျော်လင်းထွန်း-


Comments
Post a Comment