အဲဆော့ဖ်ဂန်းနှင့် သံချေးတက် အကြောက်တရား
ပြန်ကြားရေးဝန်ကြီးဌာန
အင်တာနက်စာမျက်နှာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ထူးဆန်းသော သတင်းထုတ်ပြန်ချက်တစ်ရပ်
ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ သံဘောစေ့ဖြင့် ထည့်သွင်းပစ်ခတ်ရသော လက်နက်များသည့် အနီးကပ်ပစ်ခတ်ပါက
အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ခြင်းကြောင့် လေသေနတ်များ လက်ဝယ်ရှိသူများအနေဖြင့် နီးစပ်ရာ
ရဲစခန်းများသို့ အမြန်ဆုံး အပ်နှံကြရန်နှင့် အပ်နှံခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်
အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတိပေးကြေညာချက်ကို ရေးသားဖော်ပြထားခြင်း
ဖြစ်သည်။
အဆိုပါ လက်နက်များ
သိုလှောင်ရောင်းချသည်ဟု ဆိုကာ တာမွေမြို့နယ်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပြိးနောက်
ကိုင်ဆောင်သူများကို သက်ဆိုင်ရာသို့ လာရောက်အပ်နှံရန် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ
ရည်ညွှန်းထားသည့် အဆိုပါလေသေနတ်များကို နိုင်ငံတကာတွင် အဲဆော့ဖ်ဂန်း (Airsoft Gun) ဟု လူသိများသည်။ အဲဆော့ဖ်ဂန်း များသည်
ဒိုင်းနမိုက် သေနတ်များ၏ပုံတူ သို့မဟုတ် အထူးလေသေနတ်အမျိုးအစား တစ်ခု ဖြစ်ကာ ပလပ်စတစ်ကျည်ဆံနှင့်
ပတ်ဝန်းကျင်တစ်ခွင် အန္တရာယ်မသင့်နိုင်သော ခဲကျည်စေ့ (pellet) များဖြင့်သာ သုံးစွဲ ပစ်ခတ်ရသည်။
ဓာတ်ငွေ့ဖိအားဖြင့်
မောင်းတံကို ရှေ့နောက် လှုပ်ရှား တွန်းကန်စေခြင်း၊ စပရင်ဖြင့် တွန်းကန်စေခြင်း၊ လျှပ်စစ်ဖြင့်တွန်းကန်စေခြင်း၊
စပင်ရင် - လျှပ်စစ်တွဲစပ်လျှပ်တွန်းကန်စေခြင်း စသည့် နည်းများကိုသာ အသုံးပြုထားသည်။
ဓာတ်ငွေ့ဖိအားဖြင့်
ပစ်ခတ်ရာတွင် ပရိုပိန်းနှင့် စီလီကွန် ရောနှော၍ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုဒ် တစ်မျိုးတည်းဖြင့်
အသုံးပြုခြင်းဖြစ်ကာ အဲဆော့ဖ်ဂန်း ၏ စက်မှုပိုင်းတည်ဆောက်မှု အမျိုးအစားအပေါ် တည်မှီလျက်
သင့်လျော်ရာ တွန်းကန်အားကို အသုံးပြုခြင်းဖြစ်သည်။
အဲဆော့ဖ်ဂန်း
များကို အစစ်သဏ္ဍာန်ပုံတူများအဖြစ် ပံ့ပိုးပေးနိုင်ရန်နှင့် အသက်အန္တရာယ်မရှိစေနိုင်သည့်
အမျိုးအစား (non-lethal) အဖြစ်သာ ဒီဇိုင်းဆွဲတည်ဆောက် ထုတ်လုပ်ခြင်း ဖြစ်သည်။
Airsoft ဂိမ်းများသည်
နိုင်ငံတကာတွင် မြေနေရာကျယ်ကျယ်ဝန်းဝန်း၌ မျက်မှန်၊ ဦးထုတ်၊ စစ်အင်္ကျီ စသော အကာအကွယ်အစုံဖြင့်
တစ်ဦးချင်း သို့မဟုတ် အုပ်စုဖွဲ့ ကစားရသော စစ်တိုက်ကစားနည်း တစ်ခုသာ ဖြစ်သည်။
အဲဆော့ဖ်ဂန်း
များကို အပန်းဖြေရန်အတွက်သာ အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဓာတ်ငွေ့သုံး (GBB)
Airsoft နည်းပညာကို နိုင်ငံများစွာ၌ လေ့ကျင့်ရေးသုံး
ကိရိယာတစ်ခုအဖြစ် မှတ်သုံးစွဲလာသည်။ ဓာတ်ငွေ့သုံး (GBB) အဲဆော့ဖ်ဂန်း များကို သုံးစွဲခြင်းဖြင့်
စစ်ဆင်ရေးလေ့ကျင့်မှုများအတွက် ပိုမို ဘေးကင်း လုံခြုံမှုရှိလာစေသည်။
ကမ္ဘာတစ်ဝန်းတွင်
အဲဆော့ဖ်ဂန်း များဖြင့် ပစ်ခတ်သည့် ပြိုင်ပွဲ၊ ကစားပွဲများကို နှစ်ခြိုက်လာကြသည်။ ၂၀၁၂
ခုနှစ်တွင် အကြီးဆုံး ပြိုင်ပွဲများကို ဥရောပမှ စတင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ငယ်အချင်းချင်း
အပြန်အလှန် ပစ်ခတ်သည့် ပွဲစဉ်များကို ဆင်နွှဲသူပေါင်း ၂၀၀၀ ကျော်အထိ ရှိခဲ့သည်။ အမေရိကန်ကလည်း
အမီလိုက်ခဲ့ရာ ထိုနှစ်အတွင်းမှာပင် ကယ်ရိုလိုင်းနား မြောက်ပိုင်းတွင် တိုက်ပွဲကစားသမား
၁၁၀၀ ၀န်းကျင်အထိ ရှိလာကာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဂျော့စ် လေတပ်စခန်းတွင် လူပေါင်း
၈၀၀ ခန့် ကစားပွဲသင်တန်း တက်ရောက်ခဲ့သည်။ ပစ္စတို၊ ကာဘိုင်၊ ရိုင်ဖယ် သေနတ်များမှသည်
ဗုံးဆံ၊ မြေမြှုပ်မိုင်းအထိ ပုံတူပြုလုပ်ကာ သုံးစွဲ ကစားခဲ့ကြသည်။
စပရင်တွန်းကန်အားဖြင့်
ပြုလုပ်ထားသော အဲဆော့ဖ်ဂန်း များသည် တစ်ချက်ပစ်သာ ဖြစ်ပြီး တစ်ကြိမ်ပစ်ပြီးတိုင်း နောက်ထပ်တစ်ကြိမ်
ပစ်ခတ်ရန် မောင်းတင်ရသည်။ ဓာတ်ငွေ့သုံး အဲဆော့ဖ်ဂန်း များလောက် စွမ်းအား မရှိသော်လည်း
လျှပ်စစ်သုံးအမျိုးအစားများထက်မူ စွမ်းအားပိုရှိသည်။ အချို့သော စပရင် ပြောင်းချောများနှင့်
ရိုင်ဖယ်ပုံတူများသည် တစ်စက္ကန့်လျှင် ပေ ၄၀၀ မှ ၇၀၀ အကြား အလျင်ဖြင့် ပစ်ခတ်နိုင်သည်။
လျှပ်စစ်ဓာတ်အားသုံး
အဲဆော့ဖ်ဂန်း များတွင် အဓိကအားဖြင့် ပြန်လည်ဓာတ်အားဖြည့်သွင်းနိုင်သည့် ဘက်ထရီခြောက်
တစ်တုံး သို့မဟုတ် အီလက်ထရစ်မော်တာများအတွက် ဘက်ထရီများစွာကို အသုံးပြုရသည်။ ကျည်သုံးတောင့်မှ
၆ တောင့်အထိ ဆက်တိုက်ထွက်အောင် ပစ်ခတ်နိုင်ကြပြီး အော်တိုမေးတစ် လျှပ်စစ် သေနတ်များ
(AEGs) လူသိများသည်။ တစ်စက္ကန့်လျှင် ပေ ၁၅၀ မှ ၆၅၀ အကြား အလျင်ရှိပြီး တစ်မိနစ်လျှင်
ပစ်ချက်အကြိမ်ရေ ၁၀၀ မှ ၁၅၀၀ အထိ ပစ်နိုင်ကြသည်။ လျှပ်စစ်သုံးအမျိုးအစား အဲဆော့ဖ်ဂန်း
များမှာ သုံးစွဲမှုများပြားသည်။
အဲဆော့ဖ်ဂန်း
များ၏ ကျည်ကပ်များမှာ တကယ့်ကျည်ကပ်အစစ်များနှင့် အသွင်တူလှသော်လည်း ကျည်များမှာ ကော်စေ့များ၊
ခဲစေ့များသာ ဖြစ်၍ အသက်အန္တရာယ်မရှိပေ။ ဒိုင်းနမိုက် ကျည်ဆံအစစ်များဖြင့်မူ လုံးဝ ထည့်သွင်းပစ်ခတ်၍
မရနိုင်သလို ကိုယ်ထည်တည်ဆောက်ပုံမှာလည်း တကယ့်သေနတ် အစစ်များနှင့် ကွားခြားချက်များစွာရှိပါသည်။
အဲဆော့ဖ်ဂန်း ကို သတ်မှတ်ထားသော အကာအကွယ်များဖြင့် ကစားပါကလုံခြုံဘေးကင်းသည်။ ကစားပွဲသုံး
မျက်မှန်များကို အနည်းဆုံး မရှိမဖြစ် အကာအကွယ်အဖြစ် Airsoft ကစားသမားများ ၀တ်ဆင်ကြသည်။
မျက်စိများမှာမူ မည်သည့် ထိခိုက်မှုမျိုးခံရသည်ဖြစ်စေ အန္တရာယ်ကြီးမားနိုင်၍ ဖြစ်သည်။
ကစားပွဲအမျိုးအစားအလိုက်
စည်းမျည်းဥပဒေများရှိသော်လည်း အမေရိကန်ပြည်ထောင်စု၌ ယင်းကို ၀ယ်ယူ ကိုင်ဆောင်ရန် စည်းမျဉ်းဥပဒေ
သတ်မှတ်ချက်များ မရှိပေ။ ပြည်ပကုန်သွယ်ရေးနှင့် ဆိုင်သည့် ဖက်ဒရယ် နည်းဥပဒေဆိုင်ရာ
ကိုဓဥပဒေ အခန်း ၁၅ တွင်မူ အချို့သော အငြင်းပွားဖွယ်ရာများ ရှိနေသည်။ “သေနတ်အတု ၊ သို့မဟုတ်
ပုံတူ အရုပ်များကို မည်သူမျှ ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်၊ တင်ပို့ခွင့် လက်ခံရယူခွင့်
မရှိ” ဟု ဥပဒေပြုထားသည်။ သို့ရာတွင် အပိုဒ် ၂၇၂၊၁ ၌မူ “ဤကန့်သတ်ချက်များသည် ဓာတ်ငွေ့သုံး
သို့မဟုတ် စပရင်သုံး လေသေနတ်များ အပေါ် မသက်ရောက်စေရ” ဟု ပြဋ္ဌာန်းထားသည်။ (အမေရိကန်ပြည်ထောင်စုအတွင်း)
ပြည်နယ်အလိုက် ဥပဒေပြဋ္ဌာန်းချက်များ ကွာခြားနိုင်သည်။ ကမ္ဘာတစ်ဝန်း တွင် အဲဆော့ဖ်ဂန်း
များကို အသက်သေစေနိုင်သည့် လက်နက်များနှင့် အပြည့်အ၀ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအားဖြင့်
ခွဲခြားလျက် လက်တွေ့ကျနစွာ မရှုပ်ထွေးစေရန် ဥပဒေသတ်မှတ် ပြဋ္ဌာန်းချက်များ ရှိကြောင်း
အင်တာနက် စွယ်စုံကျမ်းစာမျက်နှာမှ ဖတ်ရှုရသည်။
သို့ဖြစ်ရာ
အထက်တွင် ဖော်ပြခဲ့သော တာမွေမြို့နယ်နေ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရမှုကို ပြန်လည်
လေ့လာဆန်းစစ်ရန် လိုအပ်ပေသည်။ ၎င်းအား တာမွေမြို့နယ် ရဲစခန်းက ၁၈၇၈ ခုနှစ် လက်နက်များ
အက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် လည်းကောင်း ၊ ၂၀၁၂ ခုနှစ် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ
၈ ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်
ပတ်သက်၍ သြဂုတ် ၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အဆိုပါလက်နက်များသည် ကျည်စစ်၊
ကျည်မှန်များဖြင့် ပစ်ခတ်ရသော ပကတိသေနတ်များနှင့် လုံးဝခွဲမရအောင် တူညီသော သေနတ်များဖြစ်ပြီး
အယောင်ဆောင်၍ ပြစ်မှုကျူးလွန်နိုင်ကာ အန္တရာယ်ရှိနေကြောင်း၊ သံဘောစေ့ဖြင့် ထည့်သွင်းပစ်ခတ်ရသော
လက်နက်များသည် အနီးကပ်ပစ်ခတ်ပါက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း၊ လေသေနတ်များ
လက်ဝယ်ထားရှိသူများအနေဖြင့် နီးစပ်ရာရဲစခန်းများသို့ အမြန်ဆုံးအပ်ကြရန်နှင့် အပ်နှံခြင်းမပြုပါက
တည်ဆဲ ဥပဒေများနှင့်အညီအရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြကြေညာခဲ့သည်။
ထိုသို့ဆိုပါမူ
အရုပ်ဆိုင်များတွင် ရောင်းချနေသော သေနတ်မှန်သမျှကို ဖမ်းဆီးရမလို ဖြစ်နေပေပြီ၊ သံဘောစေ့ဟု
ဆိုရာတွင်လည်း မမှန်ကန်ပါ အထက်တွင် ရေးသားခဲ့သည့် ခဲကျည်စေ့ (Pallet) များနှင့် ကော်ကျည်စေ့များကိုသာ
အသုံးပြုလျက် နိုင်ငံတကာတွင် ထုတ်လုပ်လျက်ရှိသည်။
၂၀၁၂ ခုနှစ်
ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အရေးယူမှုဆိုရာ၌ အဲဆော့ဖ်ဂန်း များအတွက် တိကျရှင်းလင်းသော
သီးခြား ဥပဒေများ ရေးဆွဲသင့်သည်။ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) သည်လည်း
ရာစုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ ခေတ်ကာလနှင့် လျော်ကန်သော အက်ဥပဒေအဖြစ် ပြန်လည်
မွမ်းမံပြင်ဆင်သင့်သည်။
ယခုလို အဲဆော့ဖ်ဂန်း
များကို သိမ်းဆည်း ဖမ်းဆီးအရေးယူခြင်းသည် အားကစားနည်းတစ်ရပ်ကို တိမ်ကောပျောက်ဆုံးစေခြင်းပင်
ဖြစ်သည်။ အားကစားနည်းများမှာ ကစားသူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ကောင်းကျိုးများစွာကို
ပေးစွမ်းသည်။ Airsoft ကစားနည်းတွင်လည်း ကစားသမားများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ
၊ လူမှုရေးရာ ကောင်းကျိုးအဖြာဖြာ ရှိသည်။ အမျိုးသား လုံခြုံရေးကဏ္ဍအတွက်လည်း ထည့်သွင်းစဉ်းစားရမည်မှာ
မှန်ပါသည်။ သို့ရာတွင် ဖြစ်သင့်သော ထိန်းချုပ်ကွပ်ကဲမှုထက် ပိုကဲပါက ကစားလိုသူများ၏
အခွင့်အရေးအပေါ် ထိပါးရာရောက်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
ကျော်လင်းထွန်း
No.33/Vol.6 Popular news Journal




Comments
Post a Comment