“စိတ်လောသူ”
ညက
စောစောအိပ်ဖို့ ကြိုးစားခဲ့တာပါပဲ
သူဇာက
မိုးတွင်းရောက်ရင် ဖွာလိုက်တိုင်းမပါတော့ဘူး
ကျနော်
စိတ်လောနေလို့လဲ ဖြစ်မှာပါ
ဘယ်သူမှလဲ
မပူပန်ခဲ့ဘူး
နှုတ်ခမ်းက
တစ်ရှိုက်ဖွာ
နှုတ်ခမ်းက
အငွေ့တလူလူ အူထနေတဲ့ ရေနွေးခွက်ကို မှုတ်
မဟုတ်မဟတ်
အရှုပ်အရှပ်တွေ နှုတ်ခမ်းကပဲ ခွန်းကြီးခွန်းငယ် ပြော
ဇာတ်လမ်းအစမှာတင်
ဂျွမ်းပစ်ဝင်လာတဲ့ ဗီလိန်ခန်းသဘော
မနူးညံ့မှုတွေ
နောကျေလို့
ကျနော်
စိတ်လောနေလို့လဲ ဖြစ်မှာပါ . . .
ရပ်ကွက်ထဲ
အဲ့အထာမရှိပေမဲ့
ကျနော်
အိပ်ရာက မထချင်သေးပါ
အိပ်မပျော်လို့
မဟုတ်ပါဘူး
မပျော်လို့
မအိပ်ဖြစ်ခဲ့ရုံပါ
ကိုယ့်ကိုယ်ကို
အထင်သေးတာထက်
ဘရိတ်ဖတ်စ်
ဟာ မာကျောကြွပ်ဆတ်
လေသလပ်
ရောင်ခြည်တော်စက်ဝန်းကို ပစ်ထည့်
ပွန်းလွယ်ပဲ့လွယ်
အဓိကရုန်း
ဟုန်းဟုန်းထ
မုဒိမ်းအညှီနံ့တွေ ဟောင်ပွက်နေတဲ့ သတင်းစာတစ်ရွက်
မုန့်ပြားသလပ်ထဲ
ညှပ်စားလိုက်တယ်
ခုထက်ထိ ကျနော်
အိပ်ရာက မထချင်သေးပါ . . .
နေလို့ရမယ်ဆို
နေချင်တာပေါ့
တင်ဒါပြေစာလေးကိုင်ပြီး
ပိုးသားလေကြောင်းပေါ်
တိုင်ပေယောင်ဆောင်ထားတဲ့
ပြည်မသားနဲ့ စကားစမြည်ပြော
တိုင်းရင်းသား
အရင်းရှင်ပေါက်စအထာ ညက်ညက်ညော
FDI
အပြာရောင်စာရွက်တွေ အလိပ်လိုက်မှာ
ဟိတ်ကြီးဟန်ကြွယ်
ခရိုနီစစ်စစ်စရိုက်နဲ့ လက်မှတ်တွေ ဒလဟော သွန်ချ
နဖူးက
ချွေး ၊ ခြေမ မကျဖို့ . . .
လောဘတွေ ပျို့ပျို့တက်လာတဲ့အခါ
ဘယ်ဘက်လက်ဖ၀ါးက
အသားမာ အဖုအထစ်လေးတွေ ပြန်ပြန်ကြည့်
ခံဝင်ကတိတွေ
ဘယ်မှာမှ မချန်ရစ်မိပေမဲ့
နေလို့ရမယ်ဆိုလည်း
မနေချင်တော့ ပြန်ဘူး . . . ။


Comments
Post a Comment