" လူတစ်ယောက်ရဲ့ တန်ဖိုး ၊ မဝေးတော့တဲ့ ကာလတစ်ခု "
လူ့စရိုက်သည် ၄င်းရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင် အသိုက်အ၀န်း၏
အသွေးအရောင်ပေါ် မှီတည်လျက် (အများအားဖြင့်) ထင်ဟပ် ပေါ်လွင်လာရသည်။
မြန်မာစကားပုံ၌ ‘ အရပ်ကောင်းမှ
အလောင်းလှ’ ဟူ၍ရှိ၏။ သေလျှင်သော်မှ ရပ်ကွက်ကောင်းမှ မိမိဈာပန
ရုပ်ပျက်ဆင်းပျက် မဖြစ်မည်။ နို့မို့ဆိုက ကျန်ရစ်သူမိသားစုမှာ ၀မ်းနည်းဆွေးပူ သောကထူပြောနေရ၍
အဆင်ပြေစွာဖြင့် ရက်လည် ဆွမ်းကျွေးပြီးသည့်တိုင်အောင် ကြပ်မတ်ဆောင်ရွက်နိုင်ဖို့မလွယ်လှဟု
ဆိုတန်ရာ။
နောက်စကားပုံတစ်ခုတွင်ကား ‘အိမ်နီးချင်းကောင်းမှ
လင်ကောင်းရ’ ဟူ၍ ဆိုပြန်လေသည်။ သမီးကညာ ပျိုဖြူထွားက အဘယ်သို့ပင်
ဗိုင်းကောင်းကျောက်ဖိ နေစေငြားမူ နီးရာလူ အဆွယ်ကောင်းက လူ့အန္ဓ အရက်သမား ၊ လောင်းကစားအမားနှင့်လည်း
ခိုးရာလိုက်ပြေးတတ်သမို့ သမီးရှင်များ သတိထားတန်ရာဟု ဆိုလိုရင်းဖြစ်သည်။
တန်ဖိုးမဲ့သော လူ့ဗရမ်းဗတာနှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုဖို့
လူကြီးသူမတို့က ဆုံးမကြ၏။ သို့ပါသော်လည်း ဗြုတ်စဗျင်းတောင်းနိုင်သည့် ယနေ့လူမှုဘ၀အသွယ်သွယ်တွင်
နေ့စဉ်နှင့်အမျှ ထိတွေ့ဆက်ဆံနေကြရသည့် လူသူအပေါင်းမှာ ဘယ်ကလာပြီး အကုန်ကောင်းနိုင်ပါအံ့နည်း။
အကောင်းမကုန်နိုင် (အဲလေ) အကုန်မကောင်းနိုင်ပါ။ လူ့အထက်တန်းအလွှာအတော်များများကတော့
အောက်ခြေလူတန်းစားဟူသည် ၄င်းတို့နှင့် ဂုဏ်ရည်အဆင့်အတန်းချင်း ကွာခြားလေသူများအဖြစ်
မှတ်ယူတတ်ကြသည်။ လူသားတိုင်းတော့လည်း ၀ိသာခါနက္ခတ်ဖြင့် ယှဉ်ကပ်မွေးဖွားလာခြင်းမဟုတ်ရာ
ဈေးနားနီးနီး တိုက်ကြီးကြီးမှာ တသီးတသန့် ထီးထီးမားမား နေထိုင်ချင်ရှာ၍ မရ။ လူ့ဆီဦးထောပတ်တို့က
စရိုက်၊ အသိုက်ဟု သတ်မှတ်ထားသော ဆင်းရဲသားလူတန်းစားတို့ စုဝေးရာ ရထားလမ်းဘေး၊ ကျူးကျော်ရပ်ကွက်ထဲက
ဈေးနဲ့ဝေးဝေး တဲသေးသေးမှာ မိသားစုသီးသန့် ကမ္ဘာလေး၊ မြို့ ပြ ကျောတစ်နေရာစာလေးအဖြစ် ကုပ်ကပ် နေရသည့် အခြေအနေမျိုးလည်း
ရှိသည်။
ဘာမှစိတ်ပျက်အားငယ်နေစရာမလို။ သိမ်ငယ်စိတ်ဆိုတာ လူ့အစွမ်းအစကို
ဝါးမျိုချေဖျက်ပစ်တတ်လေ၏။ ‘ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်’ သီချင်း
မိမိငြင်းပယ်သည့် စာရင်း၌ ထိပ်ဆုံးမှာရှိသည်။ အတက်အကျကြမ်းနေတာ တရိပ်ရိပ်တိမ်လိပ်တို့
ပြောသော မိုးရာသီခံစားချက် ဖလှယ်နှုန်းလား။ လူသားဆန်မှုတွေ အလစ်သုတ်ခံထားရသည့် ဧရာမ
Shopping Mall ကြီးတွေဆီ အလုပ်လာဆင်းနေရသော အရောင်းမြှင့်တင်ရေး မိန်းကလေးများအတွက်
ဝသန်ကာလဟာ ဗွက်ထရုံ ၊ ရွှံ့ စင်ရုံက လွဲလို့ ကဗျာဆန်ဆန်နေ့ရက်တို့ ဖြစ်မလာခဲ့ပေ။ ပြည့်သွားတဲ့
‘လ’ အတွက်
အံဆွဲထဲက ကိုယ်ပိုင်ဆန္ဒတွေ စတပ်ပလာနဲ့ ရုန်းမရအောင် ဆွဲချုပ်တုပ်နှောင်ခံထားရတော့ ဘ၀ဆိုတာ
ငွေရှာခြင်း လှောင်အိမ်အတွင်း သွတ်သွင်းခံထားရသည့် ငှက်ငယ်ပမာ။ ဂျပန်မလေးတွေလို အချိန်ပိုင်းအလုပ်က
ရတဲ့ဝင်ငွေနဲ့ အရှေ့တောင်အာရှတစ်ခွင် ပြဲပြဲစင်အောင်လည်ပတ်ရင်း Photo Eassy ပြုစုနိုင်ဖို့နေနေသာသာ
အနုပညာဆိုတာ ဟိုးအဝေးက တိမ်သားဖြူလွလွလေး ငေးကြည့်နေရုံ အဖြစ်မျိုး၌သာရှိ၏။
ဤသည်တို့ကား ဆင်းရဲချမ်းသာ ကွာဟချက်မြင့်မားလွန်းလှသည့် မိမိတို့နိုင်ငံ၏
သရုပ်သကန်ပင်ဖြစ်သည်။ လူသားတိုင်း ငွေကို ငတ်မွတ်ဆာလောင်သည်။ ယေဘုယျသဘောအရဆိုလျှင်
ချမ်းသာသောသူက နည်းနည်းသာ ဆာလောင်မည်ဖြစ်ကာ ဆင်းရဲသူက များများဆာလောင်ကြမည်။ သို့သော်
ဘယ်ရွေ့ဘယ်မျှပင် ဆာလောင်စေကာမူ လူတစ်ယောက်ကို ၄င်း၏မိခင်းအား ရွှေဒင်္ဂါးဘယ်နှပြားပေးလျှင်
ရောင်းမည်နည်းဟု သွားမေးပါက ထိုနေရာ၌ပင် ပွဲခြင်းပြီးသွားနိုင်၏။ လူကို ငွေနှင့်တန်ဖိုးမသတ်မှတ်မိရန်ဟူလို။
တန်ဖိုးအကြောင်းလေ့လာရာဝယ် ပညာရှိကြီးများက အမျိုးအစားသုံးရပ်
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့ကြသည်။ ပထမတန်ဖိုးတစ်ရပ်မှာ ပကတိတန်ဖိုး (Actual Value)
ဖြစ်သည်။ ဖရုံသီးတစ်လုံးအား ကုန်စိမ်းတန်၌ ပြား ၅၀ သတ်မှတ်ထားသည်ဆိုကြပါစို့ရဲ့ ။ ထိုဖရုံသီး၏
ပကတိတန်ဖိုး(ငွေကြေးနှုန်းထား)မှာ အသပြာ ပြား ၅၀ ဖြစ်၏။ ဒုတိယ တန်ဖိုးတစ်ရပ်က အသုံးချတန်ဖိုး
(Useful Value) ဖြစ်သည်။ ဆိုခဲ့ပြီး ဖရုံသီးအား မိသားစုနေ့လယ်ခင်းထမင်းဝိုင်း၌ ပုစွန်ခြောက်နိုင်းချင်းနဲ့
စေးစေးပိုင်ပိုင် ချက်ပြုတ်ပြင်ဆင်းထားသည် ဆိုပါစို့။ မိသားစုဝင်များ ၀၀လင်လင် ဗိုက်ရိုက်စားရုံပင်၊
ကျန်းမာရေါ်ရှုထောင့်က ကြည့်မည်ဆိုပါက ရေရှည်ကောင်းကျိုးများအဖြစ် မျက်စိအားကောင်းခြင်း၊
အသားအရေ စိုပြည်ဝင်းမွတ်လှပစေခြင်းတို့ ရရှိမည်။ ထိုအကျိုးတရားများမှာ ထိုဖရုံသီး၏
အသုံးချတန်ဖိုးများပင် ဖြစ်သည်။
နောက်ဆုံးတန်ဖိုးတစ်ရပ်ကတော့ ခံစားမှုတန်ဖိုး(Sentimental
Value) ပင် ဖြစ်၏။ သာဓကပြရပါလျှင်မူ အောက်တိုဘာ ၃၁ ရက် ညနေဆည်းဆာမှာ အမေရိကန်ပြည်ထောင်စုရှိ
မြို့လေးတစ်မြို့ ၌ ဂျွန်စမစ်မည်သော ဖခင်ဖြစ်သူက ရုံးမှအဆောတလျင်ပြန်လာပြီး ၄င်း၏ သားနှင့်သမီးအလို့ငှာ
ဟောလိုးဝမ်းည အကြိုပြင်ဆင်မှု အဖြစ် အသင့်ဝယ်ယူပြီးသား ဖရုံသီးအလုံးခပ်ကြီးကြီးထွားထွားကို
မီးဖိုချောင်သုံးဓါးနှင့် သရဲခေါင်းပုံထွင်းပြီး ခြံစည်းရိုးတံခါးမှာ မီးသီးနီနီလေးထည့်ကာ
ချိတ်ဆွဲထားသည်ဆိုပါစို့။ ‘ဟာသွားပြီ . . ဒီလူ မစားရမသောက်ရနဲ့’ လို့
သွားပြော၍ မဖြစ်နိုင်။ သူ၏ သားနှင့်သမီးက ဤစပ်ဖြဲဖြဲသရဲခေါင်းကိုမြင်လျှင် ပျော်ရွှင်ကြည်နူးသွားမည့်
ဝမ်းသာပီတိသည် ဖခင်မေတ္တာ၊ အနုပညာနှင့် ဖရုံသီးတစ်လုံးတို့ ပေါင်းစပ်ဖွဲ့တည်မှုကြောင့်
ဖြစ်ပေါ်လာသော ခံစားမှုတန်ဖိုးပင်ဖြစ်သည်။
ဆက်စပ်မိ၍ ပြောလိုသည်က မိမိတို့နိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်
အထင်ကရ ကျော်စောခဲ့ကြသည့် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုသည့်အနေအားဖြင့်
ရုပ်တုကြီးများ ထွင်းထု၍သော်လည်းကောင်း၊ ယင်းတို့၏ အတ္ထုပ္ပတ္တိအား နောင်လာ နောက်သားတို့
ဟုတ်တိုင်းမှန်ရာ သိစေသင့်ရေးငှာ ကြိုးပမ်းနေကြသည်မျိုးကိုလည်း မြင်တွေ့လာရ၍ အလွန်ပင်နှစ်ထောင်းအားရ
ဖြစ်မိပါသည်။ ဆိုခဲ့ပြီးသလို ခံစားချက်တန်ဖိုးများ တဖွားဖွားတိုးပွားမြင့်မားလာပေဦးမည်။
ထိုသို့ဆောင်ရွက်နေသူများအားလည်း ၀ံသာနုရတ္ခိတတရားကို ဘိုးဘေးဘီဘင်တို့၏ ရင်ဘတ်မှ မျိုးဆက်သစ်တို့
ခန္ဓာကိုယ်တွင်း စီးဆင်းလျက်ရှိသော သွေးစက်များထံအရောက် ဆောင်ကြဉ်းပေးနိုင်အောင် ပိုက်လိုင်းဖောက်လုပ်နေသူများအဖြစ်
သူကောင်းပြု၊ သာဓုခေါ်ထိုက်ပေသည်။
တန်ဖိုးများအကြောင်း လက်ဆင့်ကမ်း အသိမျှဝေပြီးလေရာ စာရှုသူအနေနှင့်မိမိအား
မေးချင်လာမည့် မေးခွန်းတစ်ခုရှိမည်။ ‘လူတစ်ယောက်ရဲ့
တန်ဖိုးကို ဘယ်လိုသတ်မှတ်ရမလဲ’ ဆိုသည့် မေးခွန်းဖြစ်သည်။ ဤမေးခွန်းကို
စာရေးသူမဖြေလိုပါ။ အဘယ်ကြောင့်ဆိုသော် မိမိအပါအ၀င် လူအတော်များများ (ဖြစ်ချင်မှလည်း
ဖြစ်မှာပေါ့။ ) ကျေနပ်လက်ခံပြီးသား အဖြေတစ်ခုက ရှိနေနှင့်သည်။
ဘ၀တစ်သက်တာ၏ တစ်ဝက်မျှသော နှစ်ကာလအလီလီကို ထောင်ထဲမှာသာ ၀ါဆိုခဲ့ရသည့်
ရဲရဲတောက် စာရေးဆရာကြီး ဗန်းမော်တင်အောင်ပြောသော ‘ လူတစ်ယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်
သယ်ပိုးထမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်’ ဆိုသည့်
အဖြေသည်သာ မိမိယုံကြည်ရာဖြစ်၏။
အစဉ်သဖြင့် ကျင်လည်ရာဘ၀၌ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မသေထမင်း၊
မသေဟင်းသာ စားသောက်နေကြရသော ဘ၀များအတွင်း စစ်မှန်မွန်မြတ်သည့် ယုံကြည်ချက်များသည်သာ
မီးပြတိုက်သဖွယ် အလင်းဖြစ်နိုင်မည်။ ခွန်အားဖြစ်နိုင်မည်။ ယနေ့ခေတ်သည် အဘက်ဘက်က ယှဉ်ပြိုင်မှုများကို
အထူးသဖြင့် လူငယ်များအကြား၌ ပိုမိုရင်ဆိုင်နေကြရသည်ဖြစ်ရာ ဘယ်သူသေသေ ငတေမာဖို့တာစူနေသူများအား
မေတ္တာဖြင့် စည်းရုံးမရလျှင်လည်း လွှတ်ထားပေးလိုက်ရုံသာ သူ့ဒေါသနှင့်သူ သွားပါလိမ့်မည်။
မိမိက ပရဟိတ၀ါဒ (Altruism) ကို လက်ကိုင်ထားပြီး အနာဂတ်မှာ ရောင်ပြန်ဟပ်မည့် ယနေ့ပေါင်းများစွားကို
ထွန်ယက်နေရုံသာဖြစ်သည်။
Ideaology ကျကွဲသွားခဲ့ပြီးသည့် နောက်ပိုင်းကာလမှစ၍ လူ့အသိုင်းအ၀ိုင်းအတွင်း
လူတန်းစားတိုက်ပွဲများကို ကိုင်တွယ်ဖြေရှင်းကြရာဝယ် မူလသမူဟ ဗုဒ္ဓလမ်းဉ်အတိုင်းသာ ဗြဟ္မစိုရ်တရားနှင့်အညီ(သူကောင်းတို့)
လိုက်နာကျင့်ကြံလာခဲ့ကြသည်။
ပထ၀ီနိုင်ငံရေးဖြင့် ယှဉ်စပ်ကြည့်ပါသော် ရှေ့၌ဖော်ပြခဲ့သော စကားပုံနှစ်ရပ်သည်
မြန်မာဟူသော ယမ်းငွေ့ပြာပုံတွင်းမှ ဦမော့၊ အတောင်ကော့ပျံထလာခါစ ဖီးနပ်စ်ငှက်မလေးအား
ဟိုလူကတို့ချင်ဆိတ်ချင်၊ ဒီလူက ထိုးချင်ဆွချင်၊ ဈေးကွက်စီးပွားရေးဟင်းအိုးထဲ အတောင်ချိုး၊
အမွေးနုတ်၊ နုပ်နုပ်စဉ်းပြီး ချက်စားချင်နေသည့် အနေအထား၌ ၀ိုင်းပြီး မျက်စပစ်သမျှဒဏ်ကို
ခံနိုင်ရည်ရှိရှိ သတိမလပ်ဖို့ ဆုံးမထားဘိသကဲ့သို့ နာယူမည်ဆိုက နာယူထိုက်လှပေသည်။
အလားတူပင် ပြည်တွင်းမှာလည်း ၂၁ ရာစု၊ တတိယ ဆယ်စုနှစ်၏ အနောက်ပိုင်းကာလများကို
လူတန်းစားအလွှာအရပ်ရပ်မှ စံပြဖြစ်လိုသူ ပုဂ္ဂိုလ်များအနေဖြင့် တဲစုတ်မှာ နေသည်ဖြစ်စေ၊
သိန်းထောင်ချီတိုက်ကြီှးမှာနေသည် ဖြစ်စေ၊ မိမိမှာ အိမ်နီးချင်းကောင်းမရှိရင် ထိုအိမ်နီးချင်း
မိတ်ဆွေအတွက် မိမိက အိမ်နီးချင်းကောင်း ပီသအောင်နေပြရင်း လူ့တန်ဖိုးစစ်စစ် သမိုင်းမှာ
ပေါ်လွင်ကျန်ရစ်အောင် ကြိုးစားနေခြင်းဖြင့်သာ ဆက်လက်၍ ဘ၀တိုက်ပွဲ ၀င်ကြရမည်ဖြစ်သည်။
မလိုက်ပါနိုင်သည့် ဖွတ်များအတွက်တော့ ကြောင့်ကြမစိုက်နှင့်။ မှေးမှိန်သေးသိမ်စွာဖြင့်
ရေးတေးတေး ကျန်ရစ်ခဲ့ကြမည်သာ ဖြစ်၏။ ကိစ္စမရှိ။
သို့သော် ဖွတ် မိကျောင်းဖြစ်လာရင် မြစ်မချမ်းသာနိုင်မည့် အရေးကိုတော့အလေးဂရုပြုကြရပေလိမ့်မည်။ ။
-ကျော်လင်းထွန်း-
စံတော်ချိန်နေ့စဉ် ၊ ၂၉၊ မေ၊ ၂၀၁၃ (ဗုဒ္ဓဟူးနေ့)
စံတော်ချိန်နေ့စဉ် ၊ ၂၉၊ မေ၊ ၂၀၁၃ (ဗုဒ္ဓဟူးနေ့)


Comments
Post a Comment