“ကိုယ့်အားကိုယ် ကိုးပါ”
ကျွန်တော်တို့ဟာ
အများအားဖြင့် အစိုးရတစ်ရပ်ရဲ့စံနှုန်းတွေနဲ့ အခြားအတိုက်အခံပါတီများ၊ နိုင်ငံရေးအင်အားစုများ၊
အစိုးရမဟုတ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာသာ အစဉ်တစိုက်
အကဲခတ်နေခဲ့ကြတာပါ။ ပြောနေဖြစ်ခဲ့ကြတာပါ။ အခုနေခါမျိုးမှာ ပဉ္စမ, မဏ္ဍိုင်ရဲ့ ပြည်သူ့နီတိဆိုင်ရာ
ကျင့်ဝတ်များချို့တဲ့နေမှုတွေ၊ နေ့စဉ်လူမှုဘ၀ ရုန်းကန်လှုပ်ရှား နေကြရာဝယ် မှားယွင်းတဲ့
အပြောမှား၊ အလုပ်မှား၊ အကြံအစည်အမှားတွေ အကြောင်းကို ကရုဏာထားပြီး အရင်အချိန်ကာလများကထက်
ပြည်သူချင်းဝေဖန်သွားဖို့ အထူးပင်လိုအပ်နေတဲ့ အချိန်အခါမျိုးပါ။
ကျွန်တော်တို့
နိုင်ငံမှာ လျှမ်းလျှမ်းတောက် သိပ္ပံအကယ်ဒမီကြီးတွေတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လက်တစ်ကမ်းမှာ
(အဲဒီ အကယ်ဒမစ် ပညာရပ်တွေထက်မနိမ့်ကျတဲ့) သင်ယူစရာတွေ တစ်ပုံတစ်ခေါင်းကြီးကို ရှိနေပါတယ်။
စိတ်နှလုံး အေးအေး၊ ခေါင်းအေးအေးထားပြီး လေ့လာသင်ယူမှု တွေကို အလေ့အကျင့်(Second
Nature) ဖြစ်သည့်တိုင်အောင် နေ့စဉ် အပျော့ကနေ အမာ တစ်ဆင့်ချင်း လေ့လာသင်ယူသွားကြရမှာပါ။
ဥပမာ အနေနဲ့ပြောရရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ စောင့်ကြည့်လေ့လာရေး၊ ပြုပြင်ပြောင်းလဲရေး၊ ကာကွယ်တားဆီးရေးလို
လုပ်ငန်းစဉ်တွေမှာ ပညာရပ်ဆိုင်ရာ Expertများနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ လူသားအကျိုးပြု
အသင်းအဖွဲ့တွေရဲ့ ဦးဆောင်ဦးရွက်ပြု လမ်းညွှန်မှုတွေ ဘယ်လောက်ပဲရှိရှိ ပြည်သူလူထု စိတ်ပါဝင်စားစွာ
တက်ကြွစွာပူးပေါင်းပါဝင်မှုမရှိရင် ဆယ်စုနှစ်အလီလီသာ ကြာညောင်းသွားမယ်၊ ကျွန်တော်တို့
တကယ်လိုချင်နေတဲ့ အစိမ်းရောင်မြို့တော်တို့၊ ဆိုးကျိုးမဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့
ဘယ်သောအခါမှ ဖောင်ဆောင်အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
အခြားသော
ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ ပြည့်ဝတောင့်တင်းကြံ့ခိုင်စေရေး အခန်းကဏ္ဍတွေမှာလည်း
ထိုနည်းလည်းကောင်းပါပဲ။ Apathetic ဆိုတဲ့ အင်္ဂလိပ်စကားလုံးရှိပါတယ်။ ခံစားမှုကင်းနေတယ်၊
ထုံနေတယ်၊ ဂရုမစိုက်အရေးမထား လျစ်လျူရှုနေတယ်ဆိုတဲ့ အနုတ်လက္ခဏာ ဘက်ကို ယိမ်းပါတယ်။ နိုင်ငံရေးနဲ့
နှီးနွှယ်ပြီး ဒီစကားလုံးကို ဖော်ပြသုံးနှုန်းမယ်ဆိုရင်တော့ အင်မတန် ကြောက်စရာကောင်းတဲ့
အဆိပ်ခွက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ အဲဒီအဆိပ်ခွက်ကို မသိလိုက် မသိဘာသာ၊
တချို့လည်း သိသိကြီးနဲ့ကို သောက်သုံးမိန်းမောနေကြတုန်းပါပဲ။
ဒေသတွင်းနိုင်ငံတွေရဲ့နောက်မှာ
ကျွန်တော်တို့ဟာ အပြတ်အသတ်ပြုတ်ကျကျန်ရစ်ခဲ့ရတာ အားလုံးအသိပါ။ ဝေးဝေးလံလံမဆိုထားနဲ့
လာအို လိုနိုင်ငံမျိုးမှာတောင် Underground အကတွေ သင်တဲ့ ကောလိပ်ကြီး ရှိနေပြီ။ ဒီနေရာမှာ
ဖတ်ဖူးတာလေးတစ်ခုပြောပြချင်ပါတယ်။ ‘အလယ်ခေတ်က ရေးဆွဲခဲ့ကြတဲ့ မြေပုံတွေဟာ စိတ်ပျက်စရာကောင်းလောက်အောင်
မတိကျတာတွေပါနေခဲ့ပါတယ်။ မှားတဲ့အချက်တွေကလည်း အများကြီးပါ။ အခုတစ်ကမ္ဘာလုံးရဲ့ မြေပုံကြီးထုတ်နိုင်ကြတော့
ဟိုးတုန်းက ပုံကိုကြည့်ပြီး ပြုံးကြပါတယ်။ ဒါပေမဲ့ ဒီမှာနေတဲ့ မတိကျတဲ့ မြေပုံတွေမှာမပါဘဲ
ရှာဖွေသူတွေအနေနဲ့ ကမ္ဘာသစ်ကို တွေ့နိုင်ကြမှာ မဟုတ်ပါဘူး။’ စာ-၁၃၂(အနာဂတ်လှိုင်း) ဆိုလိုတာက
မြေပုံသစ် တစ်ချပ်ကို ကိုယ်တိုင်ရေးဆွဲရင်း လမ်းစရှာနေသူတွေအနေနဲ့ မြေပုံဟောင်းတွေရဲ့
အထောက်အပံ့ အကူအညီတွေကို တောင်းခံနေရ၊ အသုံးချနေရဦးမှာပါပဲ။ ခုနကလို လာအိုက အနောက်တိုင်း
ခေတ်သစ်ယဉ်ကျေးမှု အက ကောလိပ်မျိုး ကျွန်တော်တို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ အမှန်တကယ်
လိုအပ်နေတာက Political Science ပါ။ အခြားပညာရပ်တွေဆိုရင်လည်း တကယ် ကျွမ်းကျင်တတ်မြောက်ကာ
ကျောင်းပြီးတာနဲ့ ကိုယ်သင်ယူထားတဲ့ ပညာရပ်တွေနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်
ပျိုးထောင်ပေးနိုင်မယ့် ကောလိပ်တွေ၊ တက္ကသိုလ်တွေပါ။
ဒီနေရာမှာလည်း
သာဓကတစ်ခု ပြလိုတာလေးရှိပါသေးတယ်။ အားလုံးသိကြတဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကြီးအကြောင်းပါ။
အဲဒီတက္ကသိုလ်ကြီး ဘယ်လိုများ သန္ဓေတည် မွေးဖွားခဲ့တာ ပါလိမ့်။ ၁၆၃၆ ခုနှစ်က ဖြစ်ပါတယ်။
ဂျွန်ဟားဗတ်ဆိုတဲ့ ခရစ်ယာန်နယ်လှည့်တရားဟောဆရာကြီးက သူ့ကိုယ်ပိုင် မြေကွက်ကလေးနဲ့ စာအုပ်
အုပ်ရေ ၄၀၀ ကို လှူဒါန်းခဲ့ရာကနေ ယနေ့ အသက်ရှူမှားမတတ်ကို ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကြီး
ဖြစ်လာခဲ့ရတာပါ။ ‘ဟားဗတ်မှာ ကိုယ်ဘာတော်သလဲ ဆိုတာကိုလာမရှာနဲ့၊ ကိုယ် ဘာညံ့သလဲဆိုတာကိုပဲရှာ’
ဆိုတဲ့ စကားဟာ အဆိုပါ တက္ကသိုလ်ရဲ့ ကျောင်းသားအစဉ်အဆက် နှုတ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။
ကျွန်တော်တို့လည်း ကိုယ်ဘာညံ့နေသလဲ ဆိုတာကို ရှာဖွေဖို့ သင့်လှပါပြီ။
ပြည်သူတွေရဲ့
နိုင်ငံရေးရေချိန် မြင့်မားဖို့ဆိုတာ အရမ်းကို လိုအပ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း
အစိုးရအပါအ၀င် အနှစ် နှစ်ဆယ်ကျော် သက်တမ်းရှိ နိုင်ငံရေးအတွေ့အကြုံ ရင့်သန်ပြီးသား
နိုင်ငံရေးပါတီကြီးတွေနဲ့ အခြားနိုင်ငံရေး အသင်းအဖွဲ့မဟုတ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ
အသီးသီးကပါ ဒီမိုကရေစီရေး အသိပညာပေးမှုတွေကို လက်ဆင့်ကမ်းပေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ခ၀ါသည်အ၀တ်လျှော်တာလည်း နိုင်ငံရေးဖြစ်သလို KTV ထဲက ညဉ့်ငှက်ကလေးတွေ တေးတကျော်ကျော်အော်ဆိုပြီး
ပျော်တော်ဆက်နေကြရတာလည်း နိုင်ငံရေးဖြစ်တယ်။ မြင်မြင်သမျှဟာ နိုင်ငံရေးဖြစ်တယ်ဆိုတဲ့
အသိမရသေးသရွေ့ ပါတီနိုင်ငံရေး၊ လွှတ်တော်တွင်းနိုင်ငံရေးကိုမှ နိုင်ငံရေးလို့ ထင်တဲ့အသိတွေပဲ
အမြစ်တွယ်နေကြမှာပါ။ (အမြစ်တွယ် နေကြသူတွေလည်း အများကြီးရှိပါသေးတယ်။)
ပဉ္စမမဏ္ဍိုင်ရဲ့
အခန်းကဏ္ဍမှာ ဘယ်လိုတာဝန်ဝတ္တရားတွေ ရှိနေမလဲ။ နိုင်ငံတစ်နိုင်ငံ ဘက်စုံထောင့်စုံက ဖွံ့ဖြိုးတိုးတက်လာစေဖို့
ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ အနေအထားမှာ နိုင်ငံရဲ့နယ်ပယ်အသီးသီးက လူမှုဘ၀မြင့်မားတိုးတက်လာစေရေးလုပ်ငန်းတွေမှာ
အဓိကကျတဲ့ အင်အားဟာ ပြည်သူလူထုပူးပေါင်းပါဝင်လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ အဘက်ဘက်ကို ဖြန့်ကြက်ပြီး
မြင့်တက်လာနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ရဲ့ အခြေခံအဆောက်အအုံးတွေ ခိုင်မာလာစေဖို့
ဆိုတာ ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာနဲ့ တကယ့်ကို ပန်းတိုင်အရောက် လှမ်းလျှောက်
ချီတက်ချင်တဲ့ လိုလားတောင့်တမှု၊ စိတ်အားထက်သန်မှုမျိုးတွေ မပါဘဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ဘိုးဘေးဘီဘင်
အစဉ်အဆက်ဆုံးမခဲ့ကြတဲ့ ရိုးအီနေပြီလည်းဖြစ်တဲ့ စကားကိုပဲ လက်ကိုင်ထားကြရမှာပါ။ အဲဒါက
ဘာလဲဆိုတော့ ‘ကိုယ့်အားကိုယ်ကိုး’ ပါ။ ဟုတ်တယ်။ မိမိတို့ အတွက် မိမိတို့ရဲ့နောင်လာမယ့်
အနာဂတ်မျိုးဆက်သစ် ပုံဆောင်ခဲလေးတွေအတွက် အခုကတည်းက ကျွန်တော်တို့ ကိုယ့်အားကိုယ် ကိုးကြရမှာပါ။
-ကျော်လင်းထွန်း-
(စံတော်ချိန်နေ့စဉ်သတင်းစာ) - အတွဲ(၁)၊ အမှတ်(၂၂) - ၅.၅.၂၀၁၃
(စံတော်ချိန်နေ့စဉ်သတင်းစာ) - အတွဲ(၁)၊ အမှတ်(၂၂) - ၅.၅.၂၀၁၃


Comments
Post a Comment